Tuesday, November 30, 2010




VOB

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ ၁၃ ရက်တွင် စစ်အာဏာရှင်များက နေအိမ်အကျယ်
ချုပ်မှလွှတ်ပေးလိုက်သည်။ မြန်မာတပြည် လုံးနှင့်တကွ နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ၀မ်းမြော
က်ဝမ်းသာစွာဖြင့်ကြိုဆိုခဲ့ကြသည်။ ငြိမ်းချမ်းသော ဒီမိုကရက်တစ်မြန်မာနိုင်ငံတည်ဆောက်ရေးအ
တွက် ခိုင်မာသည့်ပဏာမခြေလှမ်းများချနိုင်ရန် စစ်အာဏာရှင်များထံ ကမ်းလှမ်းခဲ့သည်။ ရွေးကေ
ာက်ပွဲရလဒ်အကောင်အထည်ဖော် နိုင်ရေးအတွက် အာရုံထားနေသည့် စစ်အာဏာရှင်များထံမှ တုံ
့ပြန်မှုတစုံတရာမရသေးပေ။ အစွန်းနှစ်ဘက်သို့ရောက်နေသောအင်အားစုများနီးစပ်ကာ ပြန်လည်
ပေါင်းစည်းရေးအတွက် အချိန်ကာလအတိုင်းအတာတခုအထိ စိတ်ရှည်စွာဖြင့်ပေးရမည်ဖြစ်သည်။
ဒီမိုကရေစီအင်အားစုများအနေဖြင့် ငြိမ်းချမ်းသောဒီမိုကရက်တစ်နိုင်ငံတည်ဆောက်ရေးအ
တွက် ပတ်ဝန်းကျင်ကောင်းများဖန်တီးရေးမှာ တာဝန်တရပ်ဖြစ်သည်။ ထိုအထဲမှ တာဝန်တရပ်မှာ
နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်လာရေးပင်ဖြစ်သည်။ ထိုအတွက် ဘက်ပေါင်းစုံမှ
နည်းပေါင်းစုံဖြင့် ၀ိုင်းဝန်းကြိုးပမ်းရမည်ဖြစ်သည်။ ထိုတာဝန်ကို ဒီမိုကရေစီအင်အားစုများကကြိ
ုးပမ်းရုံဖြင့် အကောင်အထည်ပေါ်လာမည်မဟုတ် ပေ၊ လက်ရှိစစ်တပ်အကြီးအကဲများနှင့်တကွ
အစိုးရတာဝန်ကိုထမ်းဆောင်နေသောသူများတွင်လည်း တာဝန်ရှိပေသည်။ ထိုနှစ်ဘက်အင်အား
စုများ၏ညှိနှိုင်းကြိုးပမ်းမှုဖြင့် လက်တွေ့အကောင်အထည်ပေါ်လာနိုင်သည့်အတွက် အလေးအန
က်ထားလုပ်ဆောင်ရမည်ဖြစ်သည်။ အရေး ကြီးသော လုပ်ငန်းလည်းဖြစ်သည်။ အမျိုးသားပြန်လ
ည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်တခုဖြစ်သောကြောင့် နိုင် ငံတက
ာအသိုင်းအ၀ိုင်း၏ကူညီအားပေးပံ့ပိုးမှုများကလည်း အရေးကြီးပေသည်။
မြန်မာနိုင်ငံတွင်းရှိဒီမိုကရေစီအင်အားစုများက နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက် စစ်အာဏာရှင် များထံကမ်း
လှမ်းချက်များ၊ အဆိုပြုချက်များ၊ တောင်းဆိုချက်များပြုလုပ်ရမည်ဖြစ်သကဲ့သို့ နိုင်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားသူများကလည်း စည်း
ရုံးလှုံ့ဆော်မှုများ၊ တောင်းဆိုမှုများကို မိမိတို့ရောက်ရှိနေသောနိုင်ငံအသီးသီးမှ အစိုးရများ၊ ပြည်သူ့ရေးရာအဖွဲ့အစည်းများ၊ ပြည်သူ့ကိုယ်စား
လှယ်များနှင့်ထိတွေ့ဆက်ဆံကာလုပ်ဆောင်ရမည်ဖြစ်သည်။ နိုင်ငံတကာရှိအစိုးရများကလည်း အဆိုပါနိုင်ငံရေးအကျဉ်းသားများပြန်လည်
လွတ်မြောက်လာရေးအတွက် မြန်မာစစ်အာဏာရှင်များနှင့် ဒီမိုကရေစီအင်အားစုများတို့နှင့် ထိရောက်သောဆက်သွယ်မှုများ၊ ပံ့ပိုးမှုများ၊ အားပေး
မှုများပြုလုပ်ရန်လိုအပ်သည်။ ထိုကဲ့သို့သောအခြေအနေကောင်းများကို လက်တွေ့ဖန်တီးလုပ်ဆောင်နိုင်ပါက အနာဂတ်မြန်မာနိုင်ငံအတွက်
အရေးပါသောလုပ်ငန်းကို ဖော်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်ပေသည်။

"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ်အမေးအဖြေ အစီအစဉ်

2010-11-26
“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကို အာအက်ဖ်အေက အပတ်စဉ် သောကြာနေ့ ညတိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေ အနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီ ရုံးချုပ်ကို တိုက်ရိုက် ပေးပို့နိုင်သလို၊ အာအက်ဖ်အေကိုလည်း အင်တာနက်ကနေ ပေးပို့ နိုင်ပါတယ်။ အာအက်ဖ်အေ အီးမေးလ် လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်။

(Photo: AFP)
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် စောင့်မျှော်ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ နှုတ်ဆက်နေစဉ်။ (Photo: AFP)
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းသာ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက် ပေးပို့သည်ဖြစ်စေ၊ အာအက်ဖ်အေကို ပေးပို့သည်ဖြစ်စေ၊ အမည် လိပ်စာ နဲ့ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်း နံပါတ်တွေကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်းနံပါတ်ကို အာအက်ဖ်အေက ခေါ်ယူ ဆက်သွယ်ပြီး ပြည်သူတွေရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရေး အခက်အခဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ တခြား အခက်အခဲတွေကြားက အချိန်လုပြီး တင်ဆက်ရတာဖြစ်လို့ အားနည်း ချွတ်ယွင်းချက်တွေ ရှိပါလျှင် သည်းခံခွင့်လွတ်ဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်။


နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့  ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ် ကို နားဆင်ပါ။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်။
အသံဖိုင်ယူရန်။
a

Friday, November 26, 2010

From New York Times‏


PHNOM PENH, Cambodia — Myanmar’s leading dissident, Daw Aung San Suu Kyi, was reunited with her youngest son on Tuesday after a decade-long separation during which she said she never felt that they had been apart.
Soe Than Win/Agence France-Presse — Getty Images
Daw Aung San Suu Kyi, center, left the Yangon airport with her son Kim Aris on Tuesday. They met after a 10-year separation.
“I am very happy,” she said in a telephone interview after meeting her son, Kim Aris, 33, at the airport, and she thanked the military junta for giving him a visa after repeated refusals.
But she said, “I don’t feel that I’ve been apart from him for so many years. I never felt apart from him.”
Nevertheless, only a few days after the exuberance of her release, she sounded weary, perfunctory and even curt during the interview, saying, “I don’t want to talk about it,” when pressed about her feelings about her reunion with her son.
The decision to grant him a visa was a symbolic gesture of leniency by the junta, which released Mrs. Aung San Suu Kyi after her term of house arrest ended 10 days ago. She has been allowed to meet with supporters and give interviews.
The reunion on Tuesday underlined the personal toll of the political campaign Mrs. Aung San Suu Kyi has waged during the past two decades.
During that period she was detained for 15 years and only rarely allowed visitors or communication with the outside world.
She has always been free to leave Myanmar, according to her lawyers, but chose to stay for fear of being denied re-entry.
“I don’t believe in looking at it as a sacrifice,” she said of her decision to embrace her fate as a political martyr. “It’s a choice. It’s a choice I made.”
Now that she is free, she said, she intends to lead what she calls a nonviolent revolution, rather than an incremental evolution.
She said her use of the term “revolution” was justified because, “I think of evolution as imperceptible change, very, very slowly, and I think of revolution as significant change. I say this because we are in need of significant change.”
The change she had in mind, she said, was “a change for the better from the point of view of human rights and democratic institutions.”
But she said that unlike some of her supporters in the West, she did not see regime change as a goal. “What we want is value change,” she said. “Regime change can be temporary, but value change is a long-term business. We want the values in our country to be changed. We want a sound foundation for change.
“Even if there’s regime change, if these basic values have not changed, then one regime change can lead to another regime change and so on and so on.”
She said she did not endorse moves among her supporters overseas to try to bring the junta leaders into international court for crimes against humanity.
“I’ve never said I want them to be brought into the international court,” she said. “I don’t think there is any solid reason for the generals to fear for their safety. We are not after them personally. I certainly do not wish them ill.”
As for her own ambitions, she said, “I’m not very much concerned whether I personally come to power, but I am concerned about the power of the people.” The people of Myanmar, whose aspirations and whose popular uprisings have been crushed over the years, must understand that real power is in their hands, she said.
To this end, she said she would continue to work through her party, the National League for Democracy, although the government banned it as a political party when it declined to take part in a parliamentary election this month.
For the moment, she said, she is busy in Yangon, the main city of Myanmar, but she did not rule out a resumption of the trips she made around the country during her last one-year period of freedom, in 2003.
“One should be free to travel around one’s country as one chooses,” she said.
Her last period of freedom ended when a government-backed mob attacked her convoy, killing dozens of people and forcing her to flee for safety.
Asked if she might again be putting her supporters at risk in public gatherings, she said, “They don’t have any reason to feel nervous just because they come out to greet me.”
But she said, “In any society where the rule of law is not firmly established and basic human rights are not respected, there’s always a risk.”
Asked about the personal animus the junta’s leader, Senior Gen. Than Shwe, is said to feel for her, and what she thinks of him, she said, “I don’t think we know each other well enough to care or not care for each other.”
Television footage on Tuesday morning from the airport in Yangon showed Mrs. Aung San Suu Kyi and her son in a brief embrace before walking out of the terminal together.
One of the first things he did after greeting his mother was to show her a red tattoo bearing the symbol of her party, which won an election in 1990 but was not allowed by the military to take power.
This month, the junta held its first election since then, carefully engineered to produce a victory for its favored party, creating a new Parliament that analysts say will provide a civilian face to continued military rule.
In 1991, a year after the previous election, Mrs. Aung San Suu Kyi was awarded the Nobel Peace Prize, which was accepted for her in Oslo by her older son, Alexander Aris. Her late husband, Michael Aris, raised their two children in Britain. He was unable to visit with his wife before his death a decade ago at the age of 53, and she refused to leave the country to see him for fear that she would not be allowed to return to resume her house arrest.
Asked in the interview about the culture shock of emerging from the sensory deprivation of house arrest to the tumult that surrounds her now, she said, “It’s a bit hectic, but it will calm down in a few weeks.”
Thomas Fuller contributed reporting from Bangkok.


 

 

နယူးယောက်တိုင်းမ်စ် သတင်း ဒေါ်အောင်ဆန်းစုကြည်ငြင်း

E-mail Print
စစ်ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် တရားစွဲဆိုရေး ဆောင်ရွက်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဟု နယူးယောက်တိုင်းမ်စ် သတင်းတွင် ရေးသား ထားသည်မှာ မှားယွင်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

aung-san-suu-kyi-and-kim-aris
သားဖြစ်သူ ကိုထိန်လင်းကို ရန်ကုန်လေဆိပ်တွင် သွားရောက်ကြိုဆိုသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Soe Than Win/AP)
ယင်းစာပိုဒ်ကို နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်စ် သတင်းစာတွင် “မြန်မာ့ အတိုက်အခံ ခေါင်းဆောင် နှင့် သားငယ် ပြည်လည် တွေ့ဆုံ” ဟူသော သတင်းတွင် ထည့်သွင်း ရေးသားခဲ့သည်။

“လူသားမျိုးနွယ် အပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှု များအတွက် စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် တရားစွဲ ဆိုရန် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ပြည်ပရောက် အဖွဲ့အစည်းများ၏ ကြိုးပမ်းချက်ကို ဒေါ်အောင်ဆန်း စုကြည်က မထောက်ခံဟု ပြောသည်” ဟူသော စာပိုဒ်သည် မှားယွင်းကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လုံးဝ မပြောတဲ့ စကားကို ရေးထားတာ။ အဲဒီ စာပိုဒ် တပိုဒ်လုံး ဒေါ်အောင်ဆန်းစုကြည် လုံးဝ မပြောခဲ့ဘူး။ အင်တာဗျုးလုပ်တဲ့ အချိန်မှာ ကျနော်တို့ အနားမှာ အကုန်လုံးရှိနေတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

နယူးယောက်တိုင်းမ်စ် သတင်းစာသို့ ယင်းကိစ္စအတွက် စာရေးသား ပေးပို့မည်ဖြစ်ကြောင်း၊ လိုအပ်သည် များကို လည်း ဆက်လက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအငြင်းပွားဖွယ်ရာ အရေးအသားကြောင့် ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများ အံ့သြကြရ ကြောင်းလည်း သိရသည်။

သို့သော်လည်း ယင်းစာပိုဒ်အောက်ရှိ “စစ်အစိုးရကို နိုင်ငံတကာ တရားရုံးကို ပို့ဆောင်ဖို့ ကျမ ဘယ်တုန်းကမှ မပြော ခဲ့ဘူး။ ဗိုလ်ချုပ်တွေအနေနဲ့ သူတို့တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အကြောင်းတရား ခိုင်ခိုင်မာမာရှိတယ်လို့ မထင် ပါဘူး။ ကျမတို့ ပုဂ္ဂိုလ်ရေး အရ လုပ်ဆောင်နေတာ မဟုတ်ဘူး။ ကျမက သူတို့ အပေါ်မှာ မကောင်းတဲ့ စိတ်စေတနာ မရှိတာကတော့ သေချာပါတယ်” ဟူသော ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်မှာမူ မှန်ကန်သည်ဟု ဦးဉာဏ်ဝင်း က ဆက်ပြောသည်။

ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည် နောက်တခု ပြောတာက ကိုယ် ထောက်ခံတဲ့သူတွေ တစုံတရာ ဆောင်ရွက် နေတာရှိရင် အဲဒီဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးတော့ ကိုယ့် တဦးတည်း သဘောနဲ့ ထောက်ခံတယ်၊ မထောက်ခံဘူး ဘယ်တော့ မှ မပြောဘူးတဲ့” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေး အတွက် အနောက်နိုင်ငံ လွှတ်တော် အမတ်များထံသို့ စာရေးသား ပေးပို့ခဲ့ခြင်းကိုမူ ဒေါ်အောင်ဆန်း စုကြည်က ထောက်ခံသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဆက်လက်၍ ၎င်းက စုံစမ်းစစ်ဆေး ဖော်ထုတ်မှသာလျှင် စစ်အစိုးရအနေနှင့် ရာဇဝတ်မှုများ အမှန်တကယ် ကျူးလွန်ခြင်း ရှိ၊ မရှိကို သိနိုင်မည်ဟု ဆိုသည်။

CoI ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းခဲ့သူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာဖြစ်ပြီး ယခုအခါတွင် အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ၁၀ နိုင်ငံ၏ ထောက်ခံချက် ကိုလည်း ရရှိထားပြီ ဖြစ်သည်။

Tuesday, November 23, 2010

         ရသ


(
အပိုင်း - ၁ )

(မောင်မောင်ဝမ်း)

ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို အန်တီစုလို့ပဲ ခေါ်ပါတယ်။ သူ့ကိုသတိ စထားမိတာ ၁၉၈၀ကျော် ကာလ၀န်းကျင်လောက်ဖြစ်မယ်ထင်ပါရဲ့၊ ဦးအောင်ကြီးက ပေဖူးလွှာမဂ္ဂဇင်းကနေ အခန်းဆက်တွေကို ရေးနေတော့ အန်တီအကြောင်းကို စသိခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ၁၉၈၈ လူထုအရေးတော်ပုံကြီးပေါ်ပေါက်လာတော့ အန်တီလူထုရှေ့ကို စထွက်လာတာ အားလုံးလည်းအသိပါပဲ။ အဲဒီအချိန်က ကျနော် သူ့ကိုသတိထားမိတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်အဖြစ်နဲ့ပဲ သတိထားခဲ့မိတာပါ။ နောက် ပါတီခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲဒီအထိလည်း ကျနော့်ရင်ထဲမှာ သိပ်အလေးနက်ကြီးတော့မရှိလှသေးပါဘူး ၊ ဒါပေမယ့် ဘယ်အချိန်ကစပြီး သတိထားမိလာသလဲဆိုတော့ ကျနော့် ဇာတိမြို့ ရေနံချောင်းကို စည်းရုံးရေးခရီးစဉ် အဖြစ်ရောက်ရှိလာတဲ့ ၁၉၈၈( နိုဝင်ဘာလများ ဖြစ်မလား မသိဘူး။) အဲဒီကစပြီး အန်တီရဲ့ နှလုံးသားပုံရိပ်တွေဟာ ကျနော့် ရင်ထဲထိုးဖောက်ဝင်ရောက်လာခဲ့တာပါ။

ကျနော် တင်ပြချင်တဲ့ အကြောင်းအရာက အန်တီစုရဲ့စိတ်နေစိတ်ထား (တနည်းအားဖြင့် ) နှလုံးသားပုံရိပ်တွေ အကြောင်းပါ၊။အမှန်ပြောရရင် အန်တီစုနဲ့ကျနော် ထိတွေ့ဖူးတဲ့ကာလက တော်တော်တိုတောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတိုတောင်းတဲ့ကာလလေးတစ်ခုအတွင်းမှာ ကျနော် အန်တီစုနဲ့ ကြိမ်ဖန်များစွာကြုံခဲ့ဖူးပါတယ်။ စကားတွေ အများကြီးပြောဖြစ်ခဲ့ဖူးတယ်၊ အလုပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီအချိန်ကာလများက ကျနော်ဟာ အလယ်ပိုင်းမြန်မာပြည် ( မြေလတ် ဒေသက ) ကျောင်းသားခေါင်းဆောင် တစ်ယောက်ပါ ။ NLD ပါတီဝင်တစ်ယောက်မဟုတ်ပါဘူး။ အန်တီစုနဲ့ပတ်သက်လို့ ထိတွေ့ဆက်ဆံဖူးတဲ့ အချိန်တွေကစလို့ အန်တီရဲ့ နှလုံးသားကို ထိုးဖောက်ဝင်ရောက်လေ့လာနေတာ အခုထိပဲ ဆိုပါတော့ ။တနည်းအားဖြင့် စိတ်နေစိတ်ထားပေါ့။ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးကို ဦးဆောင်မယ့် သူရဲ့စိတ်နေစိတ်ထား၊ စရိုက်သွင်ပြင်လက္ခဏာ။အရည်အချင်းဆိုတာတွေဟာ သိထားသင့်တဲ့ အချက်တွေလို့ ကျနော်ခံယူပါတယ်။

ဒီနေရာမှာ လက်ခံနိုင်တာတွေရှိသလို၊လက်မခံနိုင်တာတွေလည်းရှိခဲ့ပါတယ်။ ကြိုက်တာတွေ၊မကြိုက်တာတွေ၊သဘောတူတာတွေ၊ မတူတာတွေ စသဖြင့် ကြုံတွေ့ခဲ့ဖူးပါတယ်။ သို့သော်လည်း ကျနော့် အနေနဲ့ အန်တီစုကို လက်ခံနိုင်တဲ့အချက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း သမီးတစ်ယောက်၊ ပါတီခေါင်းဆောင်တစ်ယောက် ထက်ကျော်လွန်တဲ့ မှတ်ချက်တစ်ခုက ကျနော့်ရင်ထဲမှာရှိနေလို့ပါ။

ကျနော်လက်ခံထားတာက အန်တီစုဟာ ဒီနေ့အချိန်မှာ " လူထုခေါင်းဆောင်တစ်ယောက်" ဒီလိုပဲ လက်ခံထားတယ်။ လူထုခေါင်းဆောင်တစ်ယောက်ဆိုတာ လူထုအတွက်အလုပ်လုပ်နေရတော့ အမှန်တွေရှိသလို အမှားဆိုတာလည်းကြုံတွေ့နိုင်တာပါပဲ၊ ဒါ သဘာဝတစ်ခုပါ ။ဒါကိုလည်း အန်တီကိုယ်တိုင်က ၀န်ခံပြောဆိုခဲ့တာတွေရှိပါတယ်။ ဒီနေရာမှာ ကျနော်အနေနဲ့ကတော့ တင်ပြချက်များကို ဘာမှတ်ချက် တစ်စုံတစ်ရာပေးဖို့မှ အရည်အသွေးမရှိပါဘူး၊ အန်တီစုရဲ့နှလုံးသားပုံရိပ် ( တနည်းအားဖြင့် )ကျနော်နဲ့ဆုံတွေ့ခဲ့ရတဲ့ကာလများမှ တစ်စိတ်တဒေသကို ကောက်နှုတ်တင်ပြခြင်းမျှသာဖြစ်ပါတယ်။

ကျနော့်ရဲ့အတွေ့အကြုံများကိုတင်ပြရာမှာ ဖြစ်ရပ်မှန်တွေဖြစ်တယ်ဆိုတာကိုတော့ ရဲရဲကြီး အာမခံ ပြောနိုင်ပါတယ်။ အန်တီစုအပါဝင် ဘယ်တစ်စုံတစ်ယောက်ကိုမှ ဖော်လံဖား ရေးသွားမှာမဟုတ်ဘူးဆိုတာကိုလည်းကြိုပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုကို ဦးဆောင်မှု့ပေးနိုင်သူလား၊ မပေးနိုင်သူလား ဆိုတာကို သူ့ရဲ့နှလုံးသားကို ၀င်ရောက်ကြည့်ရအောင်ပါ။ အပြည့်အစုံ မဟုတ်ရင်တောင်မှ တစ်စိတ်တစ်ဒေသလောက်ပဲဖြစ်ဖြစ်ပေါ့ ။

 နှလုံးသားပုံရိပ် ဒိုင်ယာရီ ( ၁ )

အန်တီစုမြေလတ်ခရီးစဉ် ထွက်လာခဲ့တဲ့ ၁၉၈၈ နိုဝင်ဘာလလောက်ထဲမှာပါ။ ၈၈လူထုအရေးတော်ပုံကြီးကလည်း ပြီးခါစ ဆိုတော့ နိုင်ငံရေး ဒီရေအဟုန်ကလည်း တအုံနွေးနွေး၊ ဒေသခံလူထုက အန်တီစု လာမှာကို အတော်လေးကို မျှော်လင့်နေကြတယ်။ သူ့မှာ ပါရမီ ပါလာလို့လား မသိဘူး။ တိုတောင်းလှတဲ့ နိုင်ငံရေးဖြတ်သန်းမှု့ ခဏလေးမှာ တစ်နိုင်ငံလုံး လူထုရင်ထဲ ထိုးဖောက်နေရာယူနိုင်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရင်သွေးမို့ လူထုက ကြိုဆိုမိတယ်ဆိုရင် သားဖြစ်သူ ဦးအောင်ဆန်းဦး လာခဲ့ရင်ရော ဒီလို မျှော်လင့်ကြိုဆိုနိုင်မလားဆိုတဲ့ မေးခွန်းက မေးစရာပါ။ အဲဒီအချိန်ကာလက အညာဒေသမှာကလည်း ဆောင်းရနံ့သင်းတဲ့ အချိန်ဆိုတော့ အတော်လေးကို နေလို့ထိုင်လို့ ကောင်းတဲ့အနေအထားပါ။ ရေနံချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှု့ဆောင်လူကြီးအချို့နဲ့အတူ ကျနော်တို့ ကျောင်းသားအဖွဲ့က အန်တီစုလာမယ့် လမ်းခရီးမှာ သွားရောက်ကြိုဆိုပေးရပါတယ်။ အန်တီက နတ်မောက်ကနေ ရေနံချောင်းကို ကူးလာမှာပါ။ အန်တီစု ကားတန်းဆိုက်လာတယ်ဆိုရင်ပဲ ခဏလေး ရပ်ခိုင်းပြီး နှုတ်ဆက်ကြ-လုပ်နေတဲ့အချိန်မှာ ကျနော်က ကျောင်းသားတစ်ဖွဲ့ကို "အန်တီလာပြီ"ဆိုတဲ့ အကြောင်း-လမ်းခရီးမှာရှိနေတဲ့ လူထုကို အကြောင်းကြားဖို့ လွှတ်လိုက်ပါတယ်။ အန်တီတို့ ကားတန်း မြို့ထဲကို ၀င်ရောက်လာတယ်ဆိုရင်ပဲ လမ်းဘေးဝဲယာ တစ်ဘက်တစ်ချက်မှာ လူထုတွေဟာ ထွက်လာကြ-အော်ဟစ်နှုတ်ဆက်ကြနဲ့ -အတော့်ကို ၀မ်းမြောက်စရာပါ။

ဒီလိုနဲ့ အန်တီစကားပြောမယ့် မြို့လယ်က ခန်းမတစ်ခုအရောက်မှာတော့ လူထုကြီးဟာ တစ်ယောက်နဲ့တစ်ယောက် လမ်းလျှောက်လို့ မရနိုင်လောက်အောင် များပြားလွန်းလှပါတယ်။ ပါလာတဲ့ သုံးရောင်ခြယ်ကျောင်းသားလူငယ်အဖွဲ့နဲ့ ဒေသခံကျောင်းသားသမဂ္ဂက ကျောင်းသားတွေ၊ မြို့နယ်ပါတီက တာဝန်ရှိသူတွေ ၀န်းရံပြီး၊ အန်တီစုကို ကားထဲက ခေါ်လာခဲ့တယ်ဆိုရင်ပဲ " ဒေါ်အောင်ဆန်းစုကြည် ----ကျန်းမာပါစေ " "ဒေါ်အောင်ဆန်းစုကြည်----ကျန်းမာပါစေ "ဆိုတဲ့ ဆုတောင်းထောပနာပြူတဲ့ အသံတွေမြည်ဟီးထွက်လာလိုက်တာ မိုးယံပွင့်သွားမတတ်ပါပဲ။ နောက် အန်တီစု ဟာ ခန်းမထဲမှာ ပထမ စကားပြောပါတယ် ။ပြီးတော့ ခန်းမ ပြတင်းပေါက်ကနေ ရပ်ပြီး လူထုကိုမိန့်ခွန်းခြွေပါတယ်။ လက်ခုပ်သံတွေ တစ်ဖြောင်းဖြောင်း ၊ ဆုတောင်းသံတွေ အလီလီနဲ့ ဟောပြောပွဲပြီးဆုံးသွားပါတယ်။ ဟောပြောပွဲပြီးလို့ ခန်းမပေါ်ကနေ အောက်ကိုဆင်းလာတယ်ဆိုရင်ပဲ အန်တီစု ထွက်လို့မရအောင် လူထုကြီးက ပိတ်စို့ ပြွတ်သိပ်နေပါတယ်။ "သူ့ကိုမြင်ဖူးချင်လို့ -တွေ့ဖူးချင်လို့..." စသည် စသည်ဖြင့်ပေါ့ ။ ကျနော်တို့က အန်တီစုကို ၀န်းရံပြီး ကားရှိရာကို ခေါ်ဆောင်လာတဲ့ အချိန်မှာ-----------

 " အမေစု----အမေစု -ကျနော် အမေ့ကိုတွေ့ပြီး လက်ဆောင်ပေးချင်လို့ ရွာကနေ အပြေးလာတာပါ -----ဒီလက်ဆောင်လေးလည်း ပေးပါရစေ --ပြီးတော့ ကန်တော့လည်း ကန်တော့ပါရစေ " ဆိုပြီး လူတစ်ယောက်ဆီက အသံပြာကြီးနဲ့အော်ဟစ်သံဟာ ရုတ်တရက် စူးထွက်လာပါတယ်။ ကျနော်တို့တစ်တွေ သတိထားကြည့်လိုက်တော့ သူ့ပုံက ကျေးလက်ဟန်အပြည့်၊ အသက်က ၂၀ကျော်အရွယ်။ ပုဆိုးဝတ်ထားပုံကလည်း ပိုသီပတ်သီနဲ့ အန်တီစု ရုတ်တရက် ရပ်ပြီးလှမ်းကြည့်လိုက်ပါတယ်၊ အဲဒီလူငယ်က လူတွေကြားကနေ ဇွတ် ရှေ့ကို ရုန်းထွက်လာပြီး အထုတ်တစ်ထုတ်ကို အန်တီစုဆီ လှမ်းကမ်းလိုက်ပါတယ်။ အန်တီက လှမ်းယူလိုက်တယ်ဆိုရင်ပဲ ကျနော်က သူ့ဆီကနေတစ်ဆင့် ချက်ခြင်းလွှဲပြောင်းယူလိုက်တယ်။ သေသေချာချာကြည့်လိုက်တော့ ကျွတ်ကျွတ်အိတ်အကြည်ရောင်လေးနဲ့ထုတ်ထားတဲ့ ထန်းလျှက် ( တစ်ပိသာလောက်တော့ရှိမလားမသိဘူး။) ၊ ပြီးတော့ အဲဒီလူငယ်က အန်တီရဲ့ခြေအစုံနားမှာထိုင်တဲ့ပြီး ၃ကြိမ်တိုင် ဦးချရှိခိုးခဲ့တယ်။ မတ်တပ်ထရပ်တော့ သူ့ရဲ့မျက်ဝန်းအစုံမှာ မျက်ရည်တွေနဲ့ရွှဲနစ်နေပြီး ငိုချလိုက်တယ် ။ ငိုသံပါအသံကြီးနဲ့- " အမေ---ကျုပ်တို့ကို ကယ်ပါ ---ကျုပ်တို့ငတ်နေပြီ " ဆိုပြီး ချုံးပွဲချငိုပါတော့တယ်။ လူထုကြီး ခမျာ ရုတ်တရက်အံ့အားသင့်သွားတယ်ထင်ပါတယ်။ အသံတွေဟာချက်ခြင်းဆိုသလို ခေတ္တ ငြိမ်သက်သွားတယ်။ ကျနော် အန်တီကိုကြည့်လိုက်တော့ အန်တီရဲ့မျက်ဝန်းအစုံမှာ ကြေကွဲနိမိတ်ပုံ အချို့ကို တွေ့လိုက်ရသလိုပဲ။ အန်တီစုက လူထုဆီကိုလှည့်ပြီး စကားပြောလိုက်တယ်။

 " ပြည်သူလူထုကြီးကို ကျမ တစ်ခုပြောချင်ပါတယ် ----- ဒီလူငယ်လေးလို ဒုက္ခတွေဝေနေတဲ့သူတွေဟာ မြန်မာနိုင်ငံမှာ သန်းပေါင်းများစွာရှိနေပါတယ် -------ဒါဟာ ဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲဆိုရင် ---စနစ်မကောင်းလို့ပါ "( လက်ခုပ်သံများ )---------"ဒီစနစ်ကို ကျမတို့ပြူပြင်ဘို့လိုပါတယ်------ပြည်သူလူထုကြီးက - ကျမတို့ကိုဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါ------"
"( ပေးမယ်----ပေးမယ် )" လူထုဆီက အသံကြီးက ဆောင့်ထွက်လာပါတယ်။ " ကျမ အသက်နဲ့ခန္ဓာ ရှိနေသရွေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်သွားမယ်ဆိုတာ ------- ကတိပေးပါတယ် ။"( လက်ခုပ်သံများ ) နောက်ပိုင်းကျနော်သိတာကတော့ အဲဒီလူငယ်ဟာ မြို့နဲ့ သိပ်မဝေးလှတဲ့ ကျေးရွာတစ်ရွာကဖြစ်ပြီး ၊ ယာလုပ်ကိုင်စားနေတဲ့ ဆင်းရဲလှတဲ့ လူတစ်ဦးဖြစ်ကြောင်းနဲ့ အန်တီပြန်အသွားပြီးမှာတော့ ရဲစခန်းကနေ ခေါ်ယူစစ်ဆေးမေးမြန်းကြောင်းသိရပါတယ်။ ဒါပေမယ့် ထောင်ကျသံတော့ မကြားမိပါဘူး။ ဒီလိုနဲ့ အန်တီစု ဟာ ချောက်မြို့ကို ဆက်လက် ခရီးနှင်ခဲ့ပါတယ်၊ ချောက်က ကျောင်းသားအဖွဲ့တစ်ဖွဲ့က ရေနံချောင်းမှာ လာကြိုပါတယ်။ ချောက်က ကျောင်းသားတွေက ကျနော့်ကိုပြောလာပါတယ် ။ "ချောက်မှာတော့ ပြဿနာရှိကြောင်း ၊ အုပ်စုနှစ်အုပ်စုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ် နှစ်ခု ကွဲနေကြောင်း ၊ တစ်ခုက ကျောင်းသားလုငယ်များအပါဝင် မြို့မိမြို့ဖ လူထုအများဆုံးပါဝင်တဲ့ ( ၈၈ လူထုအရေးတော်ပုံက အုပ်စု ) နဲ့ နောက်တစ်အုပ်စုက ရှေ့နေမ ဒေါ်မြင့်မြင့်ကြွေ ဦးဆောင်တဲ့ အုပ်စု -ဆိုပြီး ကွဲနေကြောင်း။ ပြဿနာကြီးကြောင်း..." စသဖြင့်ပြောလာတော့ ကျနော်လည်းခေါင်းတော်တော်စားသွားပါတယ်။ အဲဒီသတင်းစကားကို ကျနော်က မသိင်္ဂီ ( အဲဒီကာလက အန်တီစု အနီးနားမှာနေသူ ) ကို အကြမ်းပြောပြပြီး ကားပေါ်မှာ အန်တီစုကို ပြောပေးဘို့ အကြောင်းကြားခဲ့ပါတယ်။ ဖြစ်ချင်တော့ ချောက်မြို့ရောက်တယ်ဆိုရင်ပဲ ညနေ ၆နာရီကျော်လောက်ရှိပြီ ။ အုပ်စုနှစ်အုပ်စုမှာ လူနည်းစုအုပ်စုဖြစ်တဲ့ ဒေါ်မြင့်မြင့်ကြွေတို့ အဖွဲ့ကြိုဆိုတဲ့နေရာက အများစုကြိုဆိုမယ့် နေရာရဲ့ ထိပ်မှာရှိနေတော့ အန်တီ စီးနင်းလိုက်ပါလာတဲ့ကားတန်းကြီးက ဒေါ်မြင့်မြင့်ကြွေ တို့ ကြိုဆိုတဲ့နေရာမှာပဲ ရပ်ပြီး ကားပေါ်ကလူတွေဆင်း- စတင်နားတော့မယ့် အရိပ်အရောင်တွေတွေ့နေရတော့ ကျနော် ခေါင်းတွေကြီးလာတယ် ။ ပြဿနာက စတော့မယ် ။ အန်တီကတော့ ဒေါ်မြင့်မြင့်ကြွေတို့ အိမ်အပေါ်ထပ်တက်သွားပြီး အေးအေးလူလူရှိနေပြီ ၊ ကျနော့်စိတ်ထဲမတော့ မသိင်္ဂီ မပြောလို့သာဖြစ်မယ်ဆိုပြီး သူ့ကို မေးကြည့်တော့ "သူလည်း အန်တီကိုပြောထားတာပဲ.." တဲ့ ။"အန်တီကဘယ်လိုစဉ်းစားထားသလဲ ၊ သူလည်း မသိဘူး.." ပြောတော့ ကျနော်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး ။---- အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က ကျနော့်ကို လာပြောတယ် ။"ကျောင်းသားလူငယ်တွေ အယောက် ၁၀၀လောက် ဒီကို ချီတက်လာနေပြီ .." တဲ့----------။

အပိုင်း ( ၂ ) ကို မကြာခင် ဆက် တင်ပြပေးပါ့မယ်၊



 

     " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ- အပိုင်း (၂) "

(မောင်မောင်ဝမ်း)

ကျနော့်ခေါင်းတွေ တော်တော်ကြီးသွားတယ်။ ဘာလုပ်ရမှန်းမသိတော့ဘူး။ ဒါနဲ့ အိမ်ထဲကိုပြေးဝင်သွားတော့ အန်တီက ဒေါ်မြင့်မြင့်ကြွေနဲ့စကားပြောနေတယ်။ ကျနော် ထပ်ပြောရကောင်း၊ မပြောရကောင်း စဉ်းစားနေရင်းက ဘကြီးမိုး ( စာရေးဆရာ မောင်မိုးသူ ) က ဘေးနားရောက်လာတယ်။ အကြောင်းစုံကို ဘကြီးမိုးကို ပြောပြလိုက်တယ်။ ပြောလို့မှ မဆုံးခင် ကျောင်းသားအုပ်ကြီးက ဒေါ်မြင့်မြင့်ကြွေ အိမ်ရှေ့ကိုရောက်လာကြပြီး ဒေါသသံတွေ အော်ဟစ်သံတွေ နဲ့ လုံးထွေးနေတဲ့ အသံတွေက မိုးမွှန်လို့ထွက်လာလိုက်တာ----------။

" ဒေါ်မြင့်မြင့်ကြွေ ၊ ခင်ဗျား လူပါးမ၀နဲ့ - ခင်ဗျားဟာ အခွင့်ရေးသမား - အန်တီကို လမ်းကနေ ဖြတ်လုထားတယ်။ကျုပ်တို့ လုံးဝ မကျေနပ်ဘူး "

ဝုန်း ---၀ုန်း - ၀ုန်း ဆို အိမ်ရှေ့ဝင်းထရံကြီးကို ရိုက်ချိုးကြတော့တယ်။ ကျနော်တို့ ကျောင်းသားအဖွဲ့နဲ့ သုံးရောင်ခြယ်အဖွဲ့က ( ကျနော်မှတ်မိသလောက် ) ကိုဝင်းသိန်း ( ယခု နော်ဝေ )၊ ကိုမိုးကျော်သူ ( ယခု ဆန်ဖရန်စစ္စကို (အမေရိကား )၊ ကိုကျော်သူရကိုကို ၊ နောက် အန်တီစု ကားမောင်းလိုက်လာတဲ့ ကိုမျိုးသိန်း ပါမလား မသိဘူး ၊ ကိုပါကြီး ။( နှစ် ၂၀ကျော်တောင်ရှိပြီဆိုတော့ လူတွေဝေေ၀၀ါးဝါးဖြစ်နေလို့ - ခွင့်လွှတ်ပါ။) ကျနော်တို့အားလုံး ၀ိုင်း ဖျန်ဖြေကြတယ်။ ဒေါ်မြင့်မြင့်ကြွေက အိမ်ထဲက မထွက်ရဲ ထွက်ရဲနဲ့ ပြူတစ်ပြူတစ်လုပ်ရင်းက လှမ်းအော်တယ်။

" ငါ့အိမ်ကိုဖျက်စီးတာ တရားစွဲမယ် - တရားစွဲမယ် "

" တရားစွဲယုံမကလို့ သေနပ်နဲ့ ပစ်သတ်လည်း ဂရုမစိုက်ဘူး။ အန်တီကို ကျနော်တို့ဆီ ခုလွှတ်ပေး "

" အိမ်ထဲ ၀င်ရဲဝင်လာခဲ့ - မင်းတို့ အားလုံးကို ပိုင်နက်ကျူးလွန်မှု့နဲ့ တရားစွဲမယ် "

" ကောင်မ ..လူပါးမ၀နဲ့ - ပါးတက်ကိုရိုက်ဦးမယ် " ဆိုတဲ့ မိန်းခလေးငယ်တွေရဲ့ အသံကလည်း စူးစူးရှရှ ။ ကျနော်က ဒေါ်မြင့်မြင့်ကြွေဆီ ပြေးသွားရင်း...

" အန်တီ ပြန်ပြောမနေပါနဲ့ ။အန်တီက လူကြီးပဲ ။ နားလည်ပေးလိုက်ပါ ။အန်တီဆက်ပြောမယ်ဆိုရင် ပြဿနာတွေ ဒီထက်ပိုဆိုးလာလိမ့်မယ်။ ပြီးတော့ ကျနော်တို့ ဒေသတစ်ခုလုံး သိက္ခာလည်း အဖတ်ဆည်မရအောင်ကျတော့မယ် "

ဒေါ်မြင့်မြင့်ကြွေ ဘာမှပြန်မပြောနိုင်တော့ဘူး။ တစ်ခါ ကျနော်ကျောင်းသားအုပ်စုတွေဆီပြန်ပြေးပြီး ညှိနှိုင်းရတော့တယ်---------။

" ကျနော် စကားနည်းနည်းလောက်ပြောချင်ပါတယ် - ပြောခွင့်ပြူပါ " ဆိုတော့ အားလုံးခေတ္တငြိမ်သွားကြတယ်။

" ခင်ဗျားတို့ ဘာဖြစ်ချင်သလဲ။ ဖြစ်ချင်တဲ့ ဆန္ဒတွေ ကျနော့်ကိုပြောပြပါ ။ကျနော်ညှိနှိုင်းလို့ရမယ်ဆိုရင် ညှိနှိုင်းပေးချင်ပါတယ် - ။ အဲဒီလိုမဟုတ်ဘဲ အုံကြွနေမယ်ဆိုရင် ကိုယ့်ဒေသကိုယ် အိုးမဲသုတ်သလိုဖြစ်ပါလိမ့်မယ် ။ အန်တီစုက ဒီနေရာကို ခဏပဲလာနိုင်တာပါ -။ ရောက်တဲ့ အခိုက်လေး စိတ်ချမ်းသာပါစေ ……။ ခင်ဗျားတို့ ဘာဖြစ်ချင်သလဲ ။ ပြောပါ။"

" အန်တီ့ကိုကြိုဆိုဘို့ ကျနော်တို့ အကြီးအကျယ် လုပ်ထားပါတယ်……။လူထုကြီးကလည်း အန်တီလာမှာကို ခုထိစောင့်နေကြတုန်းပါ …. ။အန်တီစုအမြန်လာပါ … ။လူထုကြီးကြိုနေပါတယ် "

"ဟုတ်ပါတယ်………..ဟုတ်ပါတယ် …………အန်တီလာခဲ့ပါ ။"ဆိုတဲ့ အသံကြီးက တပြိုင်နက်ထဲထွက်လာတယ်။

" ဟုတ်ပြီ …………..ဒါဆို ကျနော် အန်တီစုကို အကြောင်းကြားပေးပါ့မယ် "
( အကြောင်းကြားပေးပါ့မယ်ဆိုတာ တာဝန်အရသာပြောရတာပါ ။အသံတွေ ဒီလောက်ညံပြီး ရုတ်ရုတ်သဲသဲဖြစ်နေတာ အန်တီက သိနေပြီးသား။ )

" ဟေး ………ဟေး " ။ အသံတွေက ဆူညံဆဲ ။

ကျနော် အန်တီ့ဆီကို ခပ်သုတ်သုတ်ပြေးဝင်သွားတော့ -----------

" သား ……………အန်တီ အခုပဲ လာမယ်လို့ ကျောင်းသားလူငယ်တွေကို ပြောလိုက်ပါ "

အန်တီက ကျနော်ဘာမှ မပြောရသေးခင် ဆိုင်းမဆင့်ဗုံမဆင့်ပြောချလိုက်တယ်။ ကျနော်လည်းဘာမှ စောဒက တက်မနေနိုင်အားတော့ဘူး ။ အပြေးဆင်းသွားရင်း ..၀မ်းသာလိုက်တဲ့ဖြစ်ခြင်း ..။အားရပါးရကြီး အသံကုန် အော်ပြောပစ်လိုက်တယ်။

" အန်တီစုက ကျနော့်ကိုပြောပါတယ် …. အခုချက်ခြင်းပဲ သူလာမယ်တဲ့ "

 "ဟေး …..ဟေး -------ဒေါ်အောင်ဆန်းစုကြည်-------ကျန်းမာပါစေ။
ဒေါ်အောင်ဆန်းစုကြည်--------သက်တော်ရာကျော်ရှည်ပါစေ။"

" ဖြောင်း--ဖြောင်း--ဖြောင်း ---ဖြောင်း "နဲ့ လက်ခုပ်သံတွေဆူညံသွားတော့တာပါပဲ။ အန်တီနဲ့ ဒေါ်မြင့်မြင့်ကြွေတို့နှစ်ဦး စကားတွေပြောနေတာကို အဝေးကလှမ်းမြင်နေရတယ်။ ပြီးတာနဲ့ အန်တီက ကားပေါ်ချက်ခြင်းတက် ...မြို့ထဲဘက်ကို ဦးတည်မောင်းနှင်လာခဲ့ပါတယ်။ ကျနော်ပါလာတဲ့ကားက အန်တီကားတန်းရဲ့ရှေ့ဆုံးမှာ မောင်းလာတယ် တနေရာလည်းရောက်ရော စောစောက ကျောင်းသားအုပ်ကြီးကိုတွေ့လိုက်တော့ ကျနော့်ကားကိုအရှိန်လေးလျှော့ပြီး လက်မထောင် ပြလိုက်တယ်-------------------

" အန်တီ လိုက်လာပြီ " ကျောင်းသားအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး

" အန်တီစုလာပြီ ……… အန်တီစုလာပြီ "
အန်တီစု------ကျန်းမာပါစေ -----အန်တီစု ----ကျန်းမာပါစေ
အသံတွေထပ်တခါဆူညံသွားပြန်တယ်။ ငြိမ်သက်နေတဲ့ မြို့လယ်လည်း လှုတ်ခတ်သွားပုံရတယ်။ အန်တီစုကားကိုကြည့်လိုက်တော့ အန်တီက လူအုပ်ကြီးကို အပြုံးနဲ့ အားပါးတရ လက်ဝှေ့ယမ်းနှုတ်ဆက်နေလေရဲ့။ ကျန်းမာပါစေဆိုတဲ့ အသံတွေက ထပ်ခါထပ်ခါ။ အဲဒီကျမှ ကျနော်လည်းသဘောပေါက်တော့တယ် ။လူထုကြီးကြိုဆိုနေပုံများ ကြက်ပျံလို့တောင်မကျ ...ဆိုတဲ့အမွှန်းတင်ချက်နဲ့အမွှန်းတင်မိမယ်ဆိုရင်တောင် မလွန်လောက်ပါဘူး၊ တကယ့်လူထုနဲ့က ခုမှတွေ့တာကိုး ၊

စောစောက ဒေါ်မြင့်မြင့်ကြွေ အိမ်မှာက ဧည့်သည်တစ်ယောက်ရောက်လာလို့ ကြိုတဲ့ အနေထားလောက်ပဲရှိတယ်။ အန်တီလာတဲ့ ခရီးစဉ်တိုင်း လူထုကြီးက လှိုင်းလုံးကြီးပမာကြိုနေတဲ့ အချိန်မှာ ချောက်မြို့ရောက်တော့ ဘယ်လိုများဖြစ်သွားတာပါလိမ့်...ဆို စိတ်ထဲကတောင်ထင်နေမိသေးတယ်။ မြို့လယ်မှာ အန်တီစုက လူထုကို မိန့်ခွန်းတွေပြောတယ်။ အဲဒီအချိန်မှာ အလင်းရောင်က တော်တော်ပျောက်နေပြီ ။ တချိန်က မီးမငြိမ်းမြို့လို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ မြေလတ်ဒေသရဲ့ ချောက်မြို့လယ်က အလင်းရောင် ခပ်မှိန်မှိန်အောက်မှာ မမောမပမ်း လူထုကြီးဆီကို အရောက်လာခဲ့တဲ့ အန်တီ့ကို ကျေးဇူတင်လို့မဆုံးပါဘူး။

ပြီးတော့ မြို့လယ်တနေရာက တိုက်အိမ်ခြံဝင်းကြီးအတွင်းမှာ ဧည့်ခံပွဲလုပ်ခဲ့တယ်။တကယ့်ကို ကြီးမားခမ်းနားထည်ဝါစွာပြင်ဆင်ထားတဲ့ အခမ်းအနားတစ်ခုပါ။ အန်တီနဲ့ မြို့နယ် NLD အလုပ်အမှု့ဆောင်တွေ၊ မြို့မိမြို့ဖတွေ မိန့်ခွန်းတွေပြော ၊ ညစာကို အဲဒီနေရာမှာပဲ စားခဲ့ကြတယ်။ အန်တီလည်း ချောက်မှာ ညအိပ်မယ်လေ။ ထမင်းလည်းစားပြီးရော မသီင်္ဂက ကျနော့်ကိုခေါ်ပြောတယ် ။

အန်တီ ဒီနေရာမှာ ညမအိပ်ဘူး..တဲ့။ ကြားအိမ်တစ်အိမ် စီစဉ်ပေးပါ..တဲ့ ။

ကျနော် အားချင်းစီစဉ်ရတော့တယ် ။ အဆင်သင့်စွာပဲ ရေနံချောင်း NLD အလုပ်အမှု့ဆောင်အဖွဲ့ဝင် ဦးသောင်းရီဆိုတာက အရင်ချောက်မြို့သား သူပါလာတော့ သူ့မိဘအိမ်ကို ချက်ခြင်းစီစဉ်ပေးလိုက်တယ်။ အဲဒီအိမ်ကိုမသွားခင် အန်တီက ချောက်က ကျောင်းသားလူငယ်တွေနဲ့ စကားတွေဖောင်ဖွဲ့ ။ဆုံးမစကားတွေပြောကြား ။ အန်တီနဲ့ပါလာတဲ့ သုံးရောင်ခြယ်အဖွဲ့နဲ့ကျန်တဲ့သူတွေက အဲဒီတိုက်မှာပဲ ညအိပ်ကြတယ်။ အန်တီက တစ်ခြားတစ်နေရာ ရွှေ့လာခဲ့တယ်။ အများစုရဲ့ဆန္ဒကိုလိုက်နာ အနည်းစုရဲ့ဆန္ဒကိုလေးစားဆိုတာ ဒါမျိုးများလား။ အန်တီ ညအိပ်မယ့် အိမ်ရောက်သည်အထိ ချောက်မြို့ကျောင်းသားတွေက ပါလာတယ်။ တစ်ခါ အန်တီက စကားတွေဆက်ပြောဖြစ်ပြန်ရော။ အန်တီပြောသွားတဲ့ အထဲမှာ မမေ့နိုင်တဲ့ စကားလေး။

" ကောင်းတာကိုလည်း အသိမှတ်ပြူရဲရမယ်၊ ဆိုးတာကိုလည်းရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောရဲရမယ် ။အဲဒါသတ္တိပဲ..တဲ့ "

ဒီစကားရပ်ကိုကြည့်မယ်ဆို သိပ်ဆန်းပြားတာမပါ ပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ကျင့်ကြံဘို့တော်တော်ခက်တဲ့ကိစ္စပါ။ကျနော်အမှန်ဝန်ခံရရင် ဒီစကားရပ်ကို အသက် ၄၀ ကျော် နေတာတောင်မှ ကျင့်ကြံဘို့ခက်နေဆဲပါ။ လူ့ရဲ့သဘာဝကိုက ဆိုးတာဆိုရင်တောင် ထုတ်ဖော်ပြောဆိုဘို့ မခက်တတ်ပေမယ့် ကောင်းတာကို အသိမှတ်ပြူ ၊ ချီးကျူးပြောဆိုဘို့ကိုတော့ အတော်ဝန်လေးတတ်ကြပါတယ်။

ကျင့်ကြံအားထုတ်ဘို့ဆုံးဖြတ်လုပ်ဆောင်တဲ့ အချိန်များမှာတောင်မှ တခါတရံ ကောင်းတာလုပ်တဲ့သူများဆိုရင် အသိမှတ်ပြူ ထုတ်ဖော်ဘို့ ၀န်လေးတတ်တဲ့စိတ်က မေ့လျှော့ပြီး ပိတ်ဆို့ ထားဆဲပါ။သတိပြန်လည်လာပြီဆိုမှ တော်တော်ရှက်မိပါတယ်။ အဲဒါဘာလို့လည်းဆိုတော့ သတ္တိမရှိလို့ဆိုတာသေချာပါတယ်။

ဒီလိုနဲ့စကားတွေပြောနေရင်းက မသီင်္ဂက ကျနော့်ကို ဒီအိမ်ရဲ့ဖုန်းနံပါတ်လာတောင်းလို့ ( ရန်ကုန်နဲ့ အဆက်သွယ်လုပ်မယ်ထင်ပါရဲ့) ကျနော်တောင်းပေးလိုက်တယ်။ မသီင်္ဂလည်း အဆက်သွယ်ရသွားပုံပေါ်တယ်။ ခဏကြာတော့ မသီင်္ဂက အန်တီနဲ့ ကျောင်းသားတွေ စကားပြော နေတဲ့နေရာရောက်လာပြီး ကြားဖြတ် မေတ္တာရပ်ခံရင်း အန်တီကိုပြောလိုက်တယ်။  ဆရာမိုက်ကယ်ဆီက ဖုန်းလာလို့ ..တဲ့ ။
(အဲဒီအချိန်က အန်တီ့ခင်ပွန်း မိုက်ကယ်အဲရစ် မြန်မာပြည်မှာရောက်နေလို့လား ။အင်္ဂလန်ကပဲ ဆက်တာလားဆိုတာတော့ ကျနော်လည်းမသိဘူး။)
အန်တီကပြန်ပြောလိုက်တယ်။
" လူထုနဲ့စကားပြောနေလို့ မအားဘူးလို့ ပြောလိုက်ပါ ..တဲ့ "
ကျနော့်စိတ်ထဲ ဘယ်လိုခံစားသွားမိမှန်း မသိဘူး ။ အဲဒီအကြောင်းကို ဘကြီးမိုး ( စာရေးဆရာ မောင်မိုးသူ ) က နောင်ဆို ပြောလို့ကိုမဆုံးတော့ဘူး။ တော်တော်မိုးချုပ်မှ အန်တီ အိပ်ရာဝင်သွားတယ်။ အဲဒီညကတော့ ကျနော်တို့ တညလုံးလောက်ကို မအိပ်ဖြစ်ကြပါဘူး။ ဘကြီးမိုး၊ ဒေါက်တာစိန်ဝင်း ( ၀န်ကြီးချုပ် - အဝေးရောက်ညွန့်ပေါင်းအစိုးရ ) စတဲ့သူတွေနဲ့စကားတွေဖောင်ဖွဲ့လိုက်ကြတာ။

နှလုံးသားပုံရိပ်ဒိုင်ယာရီ ( ၂ )

ကျနော် ၁၉၉၀ ကနေ နိုင်ငံရေးမှု့နဲ့ ထောင်ကျလိုက်တာ ၁၉၉၄ နှစ်ကုန်ပိုင်းလောက်မှပြန်လွတ်လာတယ် ( ဒါပထမအကြိမ်ပါ။ ) အန်တီလည်း နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေလာလိုက်တာ ၁၉၉၅ ထဲမှာ တခါ ပထမအကြိမ် နေအိမ်အကျယ်ချုပ်ဘ၀က ပြန်လွတ်လာတယ်။ အန်တီမလွတ်ခင်မှာ ကျနော် ရန်ကုန်ကိုဆင်းလာပြီး ကျောင်းသားလှုပ်ရှားမှု့တွေပြန်လုပ်ဖြစ်တယ်။

အဲဒီအချိန်ကာလများက နိုင်ငံရေးလှုပ်ရှားတဲ့ ကျောင်းသားတော်တော်များများ ထောင်ထဲတောထဲရောက်သူရောက၊် နိုင်ငံခြား ရောက်သူရောက် ၊တချို့လည်းငြိမ်သွားပြီး စီးပွားရေးထဲ နစ်သူနစ်နဲ့ နည်းနည်းရှားသွားတဲ့ကာလလို့ ပြောလို့များရနိုင်မလားမသိဘူး။ ကျောင်းသား သမဂ္ဂလှုပ်ရှားမှု့တွေလုပ်ဘို့ တော်တော်ကြိုးစားခဲ့ရတယ်။ ဒီလိုနဲ့ ကျနော်တို့ယုံကြည်ချက်တူရာ ကျောင်းသားများစုရုံးမိကြပြီး ကျောင်းသားသမဂ္ဂ ကိုဖွဲ့စည်းခဲ့ကြတယ်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသ ) ကိုရွေးချယ်ပြီး ခေါင်းစဉ်တပ်လိုက်တယ်။ အဲဒီထဲမှာ ပါလာတဲ့ကျောင်းသားတော်တော်များများက နိုင်ငံရေးလှုပ်ရှားမှု့တွေနဲ့ စိမ်းနေသေးတယ်လို့ ပြောလို့ရတဲ့ လက်ရှိ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေပါ။ တကသ ကို ဗဟိုအလုပ်အမှု့ဆောင်အဖွဲ့နဲ့ဦးဆောင်ခဲ့ပေမယ့် ၊ ဥက္ကဌ၊ အတွင်းရေးမှုး ဆိုတဲ့ နေရာတွေနဲ့ မလုပ်ခဲ့ဘူး ၊ စုပေါင်းဦးဆောင်မှု့နဲ့ပဲလှုပ်ရှားခဲ့ကြတယ်။

အဲဒီကာလက ကျနော်တို့ကိုင်စွဲခဲ့တဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေထဲမှာ အဓိက အကျဆုံး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရေးတကြီးလုပ်ဆောင်ဘို့ လေးလေးနက်နက်မူချမှတ်ခဲ့တယ်။ ဒီကိစ္စကို တကသ အနေနဲ့ အင်တိုက်အားတိုက်လုပ်ဘို့ဆုံးဖြတ်ချက်ချခဲ့တယ်။ သိပ်မကြာခင်မှာပဲ အင်မတန်မှ ၀မ်းသာစရာကောင်းတဲ့ သတင်းကထွက်ပေါ်လာတယ် အဲဒါက အန်တီစု နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီဆိုတဲ့သတင်းပါ။ ကျနော်တို့ အရမ်းကိုဝမ်းသာကြတယ်။ တဆက်ထဲ ပါလာတဲ့သတင်းက ( အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ) ကို လုပ်ဆောင်သွားမယ်လို့ဆိုတဲ့ အန်တီရဲ့ အမှာစကားက ကျနော်တို့ရင်ထဲကို ပစ်ဝင်လာစေခဲ့တယ်။ ကျနော်တို့လုပ်ချင်တဲ့၊ ကျနော်တို့ဖြစ်ချင်တဲ့ ဆန္ဒတွေက အန်တီနဲ့တော့ တသားတည်း ကျနေပြီ။ အန်တီနဲ့ အရမ်းတွေ့ချင်နေကြပြီ ။ ဒါပေမယ့် အန်တီခင်မျာ လွတ်လာခါစဆိုတော့ ဘယ်လိုမှ အားလပ်ချိန်မရှိနိုင်လောက်အောင်ကို အလုပ်တွေ ဆက်တိုက်လုပ်နေရတော့ ကျနော်တို့ချက်ခြင်း မတွေ့ဖြစ်ခဲ့ဘူး ၊

ဒီလိုနဲ့ နောက် နှစ်ပတ်လောက်ကြာမှ အန်တီနဲ့ တွေ့ဆုံဖြစ်ခဲ့တယ်။ အဲဒီနေ့က ကျောင်းသား ၂၀ လောက်ပါမယ်ထင်တယ်။ အန်တီက ကျနော်တို့ကို တွေ့ တွေ့ခြင်း အပြုံးတွေ၊ နှစ်လိုဖွယ်ရာ စကားတွေနဲ့ကြိုဆိုလိုက်တော့ ကျနော်တို့ကြည်နှုးလိုက်ကြတာ။ ကျနော်- ဦးဝင်းထိန် ( ဗိုလ်ကြီးဟောင်း ၀င်းထိန် -) NLD - ဦးတင်ဦးနဲ့ နောက် (အန်တီရဲ့ အနီးကပ်တာဝန်ယူဆောင်ရွက်ပေးနေသူ ) နဲ့ပြန်ဆုံရတယ်။ ဦးဝင်းထိန်နဲ့ ကျနော်နဲ့က အင်းစိန်ထောင် ကြိုးတိုက်ထဲမှာ ခဏ အတူတူနေခဲ့ရသေးတယ်။ နောက် ကွဲသွားလိုက်တာ ကျနော်က သရက်ထောင်ရောက်သွားပြီး ပြန်လွတ် ၊ အခုမှပြန်တွေ့ကြတယ်။ အဲဒီနေ့က ကျောင်းသားတွေနဲ့ အန်တီ အကြိုနှုတ်ဆက်တဲ့ သဘောလေးလောက်ပါပဲ ။ဒါပေမယ့် ကျနော်တို့က အန်တီ ပြောကြားခဲ့တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပဲခေါ်ခေါ် ...အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ပဲသုံးသုံး ...အဲဒါကို အကြွင်းမဲ့ထောက်ခံကြောင်းပြောတော့ အန်တီက ယနေ့အချိန်မှာ အန်တီတို့နိုင်ငံမှာ တကယ်လိုအပ်နေတာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပဲ...တဲ့ ၊ အန်တီက ကျနော်ကိုလှည့်ပြီး--------

" သားလည်း ….ဘ၀တက္ကသိုလ်က ပညာတွေသင်လာပြီးခါမှ တော်တော်ရင့်ကျက်လာတယ်နော် " " ဟုတ်မလားတော့ မသိဘူး အန်တီရဲ့…..ဒါပေမယ့် ဘ၀တက္ကသိုလ်က ဆရာတွေက အရိုက်တော့ကြမ်းတယ် " ဆိုတော့ အန်တီ အပါဝင် အားလုံး ရီလိုက်ကြတာ။ ကျနော်က တဆက်ထဲ အင်းစိန်ထောင်တွင်းတုန်းက အရိုက်ခံရတဲ့ အကြောင်းကိုပြောပြတယ်။ထောင်ထဲကိုရောက်တော့ ဘ၀မှာတစ်ခါမှလည်း ထောင်ဆိုတာ မရောက်ခဲ့ဘူး ၊ ဒါပထမဆုံး အတွေ့အကြုံ ၊ အဲဒီအချိန်က ကျနော့ အသက်မှ ၂၀ ကျော်ပဲရှိသေးတယ်။ ပြောရရင်တိုက်ပိတ်ထားခံရတဲ့ အချိန်တွေမှာပေါ့ ။ အင်းစိန်ထောင်ကိုရောက်လို့ ၃ ရက်မြောက်နေ့မှာ ကျနော်က ဆေးလိပ်အရမ်းကြိုက်တယ်။ ပြဿနာက နေ့ခင်း တန်းပိတ်ပြီဆို ဆေးလိပ်သောက်ချင်ရင် မီးခြစ်မရှိဘူး။ ( အကျဉ်းသားတွေကို မီးခြစ်ကိုင်ဆောင်ခွင့်ပေးမထားဘူး ။) နေ့ခင်း အိပ်ချိန်ပေးလို့ အခန်းတွေပိတ်ထားပြီဆို တော်ရုံ ၀ါဒါ ၀န်ထမ်းတွေကလည်း လုံးဝနီးပါးလောက် ရောက်မလာတတ်ဘူး။ဒီတော့ ဆေးလိပ်အရမ်းငတ်တယ်။ ဒါနဲ့ ကျနော်က ဘာလုပ်သလဲ ဆိုတော့ ကျနော့်ကိုခြုံဘို့ပေးထားတဲ့ စောင် အနားကစုတ်နေတဲ့အပိုင်းကိုထပ်ဖြဲတဲ့ပြီးကြိုးလေးကျစ်လိုက်တယ် ၊ ပြီးတော့ တန်းမပိတ်ခင် ရောက်လာတဲ့ဝန်ထမ်းဆီက မီးခြစ်တောင်းပြီး ဆေးလိပ်မီးညှိ ။ အဲဒီဆေးလိပ်မီးကနေမှတဆင့် ကျစ်ထားတဲ့ကြိုးစလေးနဲ့ မီးထပ်ညှိ။ပြီးတော့ အခန်းထောင့်နားလေးမှာ ဆွဲထားလိုက်တယ် အိပ်ရာတစ်ရေးနိုးရင်သောက်မယ်ပေါ့ ၊ မှေးကနဲ အိပ်ပြောမယ်ကြံရုံရှိသေးတယ် ။ ၀ုန်းဒိုင်းကျဲတဲ့ အသံတွေ၊ မအေ နှမ ကိုင်တုတ်တဲ့အသံတွေနဲ့ဆူညံလာတဲ့ ထောင်ဝန်ထမ်းတွေ အသံကြားလိုက်ရပြီး ၊ ရောက်တဲ့ နေ့တိုင်းမှာ ဒီအသံတွေကလည်းအချိန်နဲ့အမျှဆိုသလို ကြားနေရတော့ သိပ်ထူးဆန်းတယ် မအောက်မေ့တော့ပါဘူး ၊ စောင်ခြုံကွေးနေတဲ့နေရာကတောင် ခေါင်းထောင်မကြည့်ဖြစ်ခဲ့ဘူး။ ကျနော့ အခန်းရှေ့နားလောက်ရောက်တော့------

" ဆရာ ..ဒီအခန်းက မီးခိုးစလေးတွေ ထွက်နေတယ် "

" ဒါဆို ဖွင့်ကြည့် ----ဟိတ်ကောင်.......ထစမ်း "

ကျနော်သိလိုက်ပြီ၊ ကျနော့် ညှိထားတဲ့ ကြိုးစက မီးခိုးကလည်း ကျနော့်မျက်လုံးနဲ့တော့ မီးခိုးစ ထွက်တယ်ကို မထင်မိပါဘူး။ နောက် အားနည်းချက်တစ်ခုက ကျနော်က အနံ့ သိပ်မရဘူး ။( မွေးရာပါ အားနည်းချက် ပေါ့ ။) အဲဒီတော့ ညှော်နံ့ဆိုတာကို သတိမထားမိခဲ့ဘူး။ အခန်းသော့ကို ဖွင့်ပြီး အခန်းစစ်လိုက်တော့ မီးညှိထားတဲ့ကြိုးစတွေ့သွားပါလေရော။

 " ထောင်ထဲမှာ ----- ဒီလိုမလုပ်ရဘူးဆိုတာ ----မသိဘူးလား "

" မသိဘူး "
ကျနော်လည်း စိတ်ဦးတည်ရာဖြေချလိုက်တယ်။

" မသိရင် --- သိအောင်ပြောပြမယ် --- ဒီကောင့်ကိုထုတ်ခဲ့ "

ကျနော့်ကို ချက်ချင်း ခေါင်းစွပ် အပြာကြီးစွပ်လိုက်တယ်။ နောက် ဘယ်ကိုခေါ်ထုတ်သွားမှန်းမသိဘူး ၊ ရုံးခန်းလို နေရာရောက်ခါမှ တစ်ခါ ရှေ့ဘက်ကို လက်ထိပ်ထပ်ခပ်တယ်။ ပြီးလည်းပြီးရော ကျနော့်ကို ဇွတ်အတင်းလှဲ ချပြီး --- " ထောင်ထဲမှာ --- မီး မသုံးရဘူးကွ ...မှတ်ထား" ဆို ရာဘာဒုတ်တွေနဲ့ ခေါင်းကလွဲလို့ ကျောပြင်နဲ့ပေါင်ရောက်တဲ့ အထိ တန်းစီရိုက်လိုက်တာ သတိလစ်သွားမတတ် ခံစားလိုက်ရတယ်။

မှောက်လှဲထားတော့ လက်နှစ်ဘက်ကိုခပ်ထားတဲ့ လက်ထိပ်က ရင်ဘတ်ကြားမှာ နာတာကလည်းမပြောပါနဲ့တော့ ၊ ပြန်မဖြေလို့ ဆက်ခါဆက်ခါရိုက်တဲ့ အချက်ပေါင်းကလည်းမနည်းဘူး။ ပြန်ဖြေဘို့နေနေသာသာ နာကျင်မှု့ကိုခံစားရလို့ သတိက လွတ်လွတ်သွားတာနဲ့ ဘာမှန်းကိုမသိတော့ဘူး။ အာရုံထဲမှာ အမှောင်ကျ သွားလိုက်။ ပြန်သိလိုက်နဲ့။ နောက်ကျမှ ကျနော်ပြန်သိလိုက်ရတာ ကျနော့်ကိုထုတ်ရိုက်တာ အင်းစိန်ထောင်လောကမှာ နံမည်ကြီး ထောင်မှု့း ဘိုကြည် ၊ အမှန်က ကျနော့်ကို ဦးချိုးလိုက်တာပါ။ အဲဒီ့အကြောင်း ကျနော်ကပြောပြတော့ စောစောက ရီကြတဲ့သူတွေငြိမ်နေတာပဲ ။ အန်တီရဲ့မျက်နှာက ချက်ခြင်း အိုကျသွားတယ်----။

" သားအတွက် … အန်တီစိတ်မကောင်းဘူး …. အရွယ်နဲ့မလိုက်အောင်ကို နှိပ်စက်ခံခဲ့ရတာပဲနော် " ဆို အန်တီက ဦးဝင်းထိန်ဘက်လှည့်ပြောတော့...
ဦးဝင်းထိန်က " တိုင်းပြည်အတွက်ပေးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ ------သေသွားတဲ့သူတွေထက်စာရင် အသက်ရှင်နေတာကိုယ်က ကံကောင်းနေသေးတယ် -- နိုင်ငံရေးဆက်လုပ်လို့ရသေးတယ်လို့ မှတ်လိုက်ပေါ့ကွာ " တဲ့။
တကယ်ဆို ဦးဝင်းထိန်လည်း ထောင်ထဲမှာ တော်တော်ခံခဲ့ရတဲ့သူပါ။
ကျနော်က " ကျနော်တို့က အခုချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားချင်နေတဲ့သူတွေဆိုတော့ --- ဒီလိုခံစားမှု့တွေကို ခ၀ါချနိုင်ပါတယ် "

" ဒါကိုပြောတာပေါ့ ။ခလေးတွေက လူကြီးစကားပြောပြီး ---လူကြီးတွေက ခလေးစကားတွေပြောနေတော့ ခက်တော့လည်းခက်သား " လို့ အန်တီကပြောလိုက်တော့ ကျနော်တို့အားလုံးပြုံးလိုက်ကြပါတယ်။ နောက်တော့ ကျနော်တို့ ကျောင်းသားတွေနဲ့ အန်တီ ၈.၈.၉၅ နေ့ဟာ ရှစ်လေးလုံးလူထုအရေးတော်ပုံနေ့ဖြစ်တဲ့အတွက် အမှတ်တရ အထိမ်းအမှတ်အဖြစ် တွေ့ဆုံပေးဘို့ကို တောင်းဆိုတော့ ချက်ခြင်းပဲခွင့်ပြူခဲ့ပါတယ်။ အပြန်လမ်းခရီးမှာတော့ အန်တီ က ပညာရှင်တစ်ဦးရဲ့ အဆိုကို ကိုးကားပြောသွားတဲ့..........

တဲလေးတွေရဲ့ကြားမှာ ပျဉ်ထောင်အိမ်နဲ့နေရတာရှက်စရာပါ။ ပျဉ်ထောင်အိမ်တွေရဲ့ကြားမှာတိုက်နဲ့နေရတာရှက်စရာပါ........တဲ့ ။ အဲဒီစကားရပ်က ကျနော်တို့အတွက်စဉ်းစားစရာပါ။    

        အပိုင်း ( ၃ ) ဆက်ပါဦးမည်။


 

        ရသ


 " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ"အပိုင်း(၃)

(မောင်မောင်ဝမ်း)

၁၉၉၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ( ရှစ်လေးလုံးလူထုအရေးတော်ပုံ-နှစ်ပတ်လည်နေ့ ) အန်တီစုရဲ့နေအိမ်မှာ ကျနော်တို့ ( တကသ ) ကျောင်းသားတွေနဲ့ အန်တီ တွေ့ဆုံပြီး ရှစ်လေးလုံး အထိမ်းအမှတ်စကားဝိုင်းလေး ကျင်းပကြတယ်။ ကျောင်းသားတွေက စုစုပေါင်း ၃၀ လောက်ရှိမယ်။ ဒီထဲမှာထူးထူးခြားခြား ကနေဒါနိုင်ငံသား-ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ယောက်လည်းပါသဗျ။ သူကတော့ ကျနော်တို့ပြောဆိုနေတဲ့ အချိန်မှာ ဘေးနားမှာထိုင်ပြီး နားမလည်သည့်တိုင်အောင် စိတ်ရှည်စွာထိုင်ပေးတယ်။ အဲဒီနေ့က တကသ ရဲ့ ဗမာလို။ အင်္ဂလိပ်လို ကြေငြာချက်ကို ဖတ်ပြတယ်။ အင်္ဂလိပ်လိုကြေငြာချက်ကို ဦးဝင်းထိန်ကဖတ်ပြတယ်။ အဓိက အချက်ကိုထုတ်ပြပါဆိုရင်တော့-
"အမျိုးသားပြန်လည်သင့်မြတ်ရေးမှသည် တွေ့ဆုံဆွေးနွေးရေးဆီသို့ "ဆိုတဲ့ ဦးတည်ချက်ပါပဲ။

အဲဒီနေ့ကစလို့ ကျနော်တို့ကျောင်းသားများအနေနဲ့ အန်တီစုအပါဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များနဲ့လက်တွဲပြီး ဒီ ဦးတည်ချက်ကို အကောင်ထည်ဖော်ဆောင်ရွက်ဖို့ သံဓိဌာန် ချမှတ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးချက် အခွေကို အသံဖမ်းထားပြီး တိတ်ခွေကူးဖြန့်ခဲ့တာ တော်တော်ပြန့်သွားပါတယ်။ ထွက်လာတဲ့ခွေကလည်း ရုတ်တရက်ကြည့်ရင် ကာဗာပုံတွေ ဘာတွေနဲ့တော်တော်သားသားနားနားပါ။ အန်တီစုနဲ့ ကျနော်တို့ကျောင်းသားတွေ စုရိုက်ထားတဲ့ပုံကို ကာဗာလုပ်ထားတာ။ အမှန်က အဲဒီကာဗာက ဓါတ်ပုံကို တိတ်ခွေနဲ့ အံကိုက်လုပ်ပြီး ခေါက်ထဲ့ထားတာပါ။ အန်တီတောင်မှ အဲဒါကိုတွေ့သွားပြီး တော်တော်အံအားသင့်သွားတယ်။ ဒီအခွေ ကတော်တော်ပြန့်သွားတာကို အန်တီလည်းသိတယ်။ ဒါနဲ့ အန်တီက ကျနော့်ကိုပြောတယ် ၊ "နောက်ထပ်တခါ ထပ်လုပ်မယ်.."တဲ့ ။"သားမေးချင်တဲ့ မေးခွန်းတွေကို အန်တီကို ကြိုပေးထား ။သေသေချာချာ ထပ်လုပ်ရအောင်..."တဲ့ ။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး ။ဘာလို့လဲ ဆိုတော့ အန်တီကလည်း ကြားထဲမှာ မအား ၊ ကျနော်လည်း သိပ်မကြာခင်ပဲ အဖမ်းခံရပြီး ဒုတိယအကြိမ် ထောင်ထဲဝင်သွားရလို့ပါ။

ပြောမယ်ဆို အဲဒီတိတ်ခွေကို နေ့ည မအား ကူညီဆောင်ရွက်ပေးရှာတဲ့ ( ရုရှားပြန်- ကိုစောနု )။ သူက လှည်းတန်းမှာ အဆိုသင်တန်းဖွင့်ထားတာ ၊ နာမည်ကြီးပါတယ်။ နာမည်ကျော် ပန်းချီ ပညာရှင် ချောအိသိမ်းက ဆက်သွယ်ပေးရင်းက သိရတာ ။ သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။ သူက ဘယ်လောက်စိတ်အားထက်သန်သလဲ ဆိုရင် သူ့ သင်တန်းပေးရေး အလုပ်ကိုတောင်ပစ်ပြီး ကျနော်တို့ကို ကူညီခဲ့တာ ဘယ်တော့မှမမေ့ပါဘူး။ နောက်တစ်ယောက်က လက်ရှိအခြေအနေထိ ဗမာပြည်မှာ နာမည်ကြီးနေတဲ့ စတီရီယိုအဆိုတော်တစ်ဦး ( နာမည်ကိုတော့ လုံခြုံရေးအရ မပြောတော့ပါဘူး။) သူဆို သူ့ပိုက်ဆံနဲ့သူ စိုက်ထုတ်ကူး ဖြန့် -အဲသလိုလုပ်ခဲ့တာပါ။ သူဖြန့်ခဲ့တာ အခွေပေါင်းကို မနည်းပါဘူး၊ပြောရရင်တော့ အသေးအဖွဲကစ ကူညီခဲ့တဲ့ပြည်သူတွေအများကြီးပါ။ နောက် အရေးကြီးတဲ့သူတစ်ယောက်က နာမည်ကြီး ဟစ်ဟော့ အဆိုတော် ဘာဘူ နဲ့ နာမည်ကြီး မော်ဒယ် ၊ သရုပ်ဆောင် သန္တာလှိုင်တို့ရဲ့ အဖေ =ဒေါက်တာလှိုင်မြင့်ပါ။ ပြောရရင်တော့ သူနဲ့ကျနော် နောက်ပိုင်းလည်းကျတော့ အမှု့တွဲတွေဖြစ်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။

အန်တီက လွတ်လာခါစ ဆိုတော့ အလုပ်လုပ်ဆောင်ဖို့ လိုအပ်ချက်တွေ အများကြီးရှိလာပါတယ်။ အရေးတကြီး လိုအပ်နေတာ ကွန်ပြူတာပါ ၊ အဲဒီသတင်းကို NLD လူငယ် တစ်ယောက်ဆီက ကြားကြားခြင်း ကျနော် ဆရာ ဦးလှိုင်မြင့်ကို ပြောပြခဲ့ပါတယ်။ ဆရာကလည်း မဆိုင်းမတွပဲ သူ လှုမယ်ဆို ဆုံးဖြတ်ပြီး ရက်ပိုင်းအနည်းငယ်အတွင်းမှာပဲ ကွန်ပြူတာတွေဝယ် ၊ လိုအပ်တဲ့ ကွန်ပြူတာ အသုံးအဆောင်ပစ္စည်းတွေကို သိန်းတော်တော်အကုန်ခံပြီး တောင်ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင် ( ယခု - ထောင်ထဲ ) ကတဆင့် အန်တီစုကို လှုခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေကိုလည်း တော်တော်ကူခဲ့တာပါ။ နောက် ကာလသိပ်မကြာခင်မှာပဲ အဲသလိုလုပ်ရပ်များအတွက် အထွေထွေညှိုးချက်များနဲ့ နအဖဟာ အပြစ်ရှာထောင်ချပစ်လိုက်ပါတယ်။ အမှု့ထဲမှာ အန်တီဟောပြောချက်ဗွီဒီယိုခွေတွေကို ဖြန့်ချီလို့ ( တရားမ၀င် ဗွီဒီယိုခွေတွေဖြန့် ခြင်း ပုဒ်မနဲ့ ) ထောင်ချတာလည်းပါပါတယ်။ အန်တီစုကို ၀န်းရံခဲ့တဲ့သူတွေအတွက် ဒီလိုလည်း နှိပ်ကွပ်ခံခဲ့ရပါတယ်။သဘောကတော့ မ၀န်းရံရဲအောင်ပေါ့ ။ ပြောမယ်ဆို ဆရာ ဦးဝင်းတင်ပြောသလို " အစာလည်းမကြေ-ကမ္ဘာလည်းမကြေ " ပါပဲ။

အဲဒီကာလများက အန်တီအိမ်ရှေ့မှာကျင်းပတဲ့ အပတ်စဉ် ဟောပြောပွဲတွေကလည်း အတော့်ကို အောင်မြင်နေတဲ့ ကာလပါ။ ကျနော်တို့ဆို တပတ်-တပတ် စနေ တနင်္ဂနွေရောက်ဖို့ကိုပဲ မျှော်နေရတာ။ အဲဒီနေ့ဆို အန်တီ အိမ်ရှေ့ ( အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း ) က လမ်းမပေါ်မှာ လူတွေပြည့်ကြပ်နေပြီ၊ တချို့ဆို နေ့လည် ၁နာရီ ၂ နာရီလောက်ကထဲက ကြိုရောက်နေတာ။ အန်တီကို မြင်ဘူးချင်လို့ ဆိုတဲ့သူများက သူထက်ငါ ရှေ့ဆုံးမှာ နေရာဦးကြတော့တာပဲ။ သူတို့ဦးထားတဲ့နေရာ ယောင်လို့ ကိုယ်ရောက်မသွားနဲ့ ။ရန်ထောင်လွှတ်တာ။
" အောင်မလေးတော် …. ငါ စုစုကို တွေ့ချင်လွန်းလို့ လှိုင်သာယာကနေ ၁၂ နာရီလောက်ကထဲက ဘတ်စ်ကားကြပ်ကြပ်တိုးစီးလာပြီး ဒီမှာစောင့်နေရတာ …..ဒီအချိန်ကျမှ ငါ့နေရာ လာမလုပါနဲ့ ….ဖယ်….ဖယ် " ဆိုမောင်းထုတ်တော့တာပဲ။ ဟောပြောပွဲက ၄ နာရီလောက်မှ စတာပါ။ သူတို့က အစောကြီးကြိုလာကြတာ။

အတွေ့အကြုံလေး တခုသတိရနေသေးတယ် ၊ အဖွားအိုတစ်ယောက်ရှိတယ် ။ သူက အပတ်စဉ် အန်တီဟောပြောပွဲကို အမြဲ မလွတ်တန်း လာတယ် ။ ရှေ့ဆုံးမှာ အမြဲနေရာယူပြီး အန်တီ ပြောသမျှတွေကို မျက်တောင်မခပ် ၊ နားရွက်မလှုပ် -နားထောင်တာ။ အန်တီက ဟောပြောပွဲ စကာနီးပြီဆို အရင်ဆုံး- " ဟို -အမေရောက်ပလား" ဆို မိုက်ကရိုဖုန်းကိုင်ပြီး၊ စမေးတယ် ။ မျက်လုံးကလည်း ဟိုရှာ ဒီရှာ လိုက်ရှာပေါ့ ၊ အဲဒါဆို အဲဒီအဖွားအိုက လက်ထောင်ပြတယ်။( ကျောင်းသားများလိုပဲ ---- ရောက်ပါပြီပေါ့ ။) အဲဒီအခါကျခါမှ အန်တီက ဟောပြောပွဲ စတယ်။

တနေ့ --- ကျနော်က အန်တီဟောပြောပွဲအပြီး အဖွားအိုကို လဘက်ရည်ဆိုင်ခေါ်သွားပြီး မုန့်ဝယ်ကျွေးရင်း အင်တာဗျုးလုပ်မိတယ်။ အဖွားကပြောပြတာက "သူတဲ့ ..ဒီဟောပြောပွဲကို မလာရရင်.. နေကို မနေနိုင်တာ.."တဲ့ …. သူ့သမီးတွေက "အမေ-အဖမ်းခံရလိမ့်မယ်"လို့ပြောတာတောင် တားမရဘူး ။အသက်က ၇၀ ကျော်ပြီ ။ဒါနဲ့ ကျနော်က-
" အဖွား- ပြီးခဲ့တဲ့အပတ်က အန်တီပြောသွားတဲ့ထဲမှာ အဖွားကြိုက်တာလေးရှိရင် ပြောပြစမ်းပါ " လို့မေးတော့-

" ငါ့ အဲဒါတွေ မမေးနဲ့ ။ ငါလည်းမသိဘူး --။ ငါအိမ်ပြန်ရောက်ပြီဆို --- အိမ်နားနီးချင်းတွေကလည်း မေးတာပဲ ….။ စုစု ဘာတွေပြောသလဲ …။ ဘာလဲပေါ့ဟယ်…… ငါဘာမှ မပြောတတ်ဘူး။ … မှတ်လည်းမမှတ်မိဘူး "

" ဒါဆို ဟောပြောပွဲမှာ အဖွားက ဘာတွေ လာနားထောင်တာလဲ "

" ငါ့ဖာသာ ငါ -ဘာနားထောင်ထောင်ပေါ့ဟဲ့…..။ ဒါ ဒီမိုကရေစီပဲ ။" မဲ့ရွှဲ့သွားပြီး-
" နင်တို့က စုံထောက် တွေလား "
" ဟာ…မဟုတ်ပါဘူး အဖွားရ…. သားတို့က ကျောင်းသားတွေပါ "
" အေး…. ဒါဆိုလည်းပြီးရော"

အဲဒီအဖွားအိုကို ကျနော့်စိတ်ထဲ ကြိတ်ပြီး တော်တော်ကြည်ညိုသွားမိတယ်။

" ငါက အရပ်ထဲက ကောင်စီတွေလည်း အပြတ်ပြောထားတာ ( အမှန်ကတော့ ရ-၀-တ ကိုပြောတာပါ ။) ဖမ်းချင်ဖမ်း- ကျုပ်ကတော့ သွားမယ် ….။ စုစုမျက်နှာလေးတစ်ပတ်တခါ မမြင်ရရင်မနေနိုင်ပေါင်။ "

သာမန်ပြည်သူတယောက်ရဲ့ရင်ထဲက ရိုးသားစွာထွက်လာတဲ့ အသံတွေပါ။ နောက် သူက ၉၀ ပြည့်နှစ်ရွေးကောက်ပွဲကာလက သူရဲ့ နိုင်ငံရေးလှုပ်ရှားမှု့ အကြောင်း။ ( စိတ်ဝင်စားဖို့ကောင်းပါတယ်။ ) သူ့ သမီးက အကြော်ရောင်းတယ် ။ သူ့ဆိုင်က လမ်းဘေးမှာ တဲလေးထိုးပြီးရောင်းရတဲ့ဆိုင်ပါ။ မိသားစု ပြေလည်ရုံပဲ ၀င်ပါတယ်။ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ကျင်းပခါနီးတော့ သူက မဲဆွယ်စည်းရုံးရေးလုပ်တယ်။ အကြော်ရောင်းနေတဲ့ သူ့သမီးကိုပြောလိုက်တယ် ။ "ငါ့ကို ရွေးကောက်ပွဲ မပြီးမချင်း မုန့်ဘိုးပိုက်ဆံမပေးနဲ့တော့ ။အဲဒီအစား ငါ့ကို အကြော်ပဲပေး" ဆိုပြီး ။ အဲဒီအချိန်က သူက ဘယ်လိုမဲဆွယ်သလဲ ဆိုတော့ သူ့သမီးဆိုင် အကြော်လာဝယ်သူတိုင်းကို " စုစု ပါတီကို မဲပေးရင် အကြော်တစ်ခု အပိုပေးမယ် .."ဆိုပြီး အဲသလို မဲဆွယ်ခဲ့တာ။ ( ဘယ်သူကမှ ခန့်ထားခြင်းမရှိတဲ့ NLD ရဲ့ စည်းရုံးရေးမှုးကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။)
(ကျနော့်ကို ဒီတခုတော့ ခွင့်လွှတ်ကြပါ - အဲဒီအဖွားအို နာမည် လုံးဝကို ဖော်လို့မရလို့ပါ။)

အဲဒီအချိန်က အန်တီ့ခြံရှေ့ ဟောပြောပွဲတွေမှာ အမြဲရောက်နေတယ့်သူတွေ မှတ်မိကြမှာပါ။ ဒီအဖွားလို ပြည်သူတွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ သူတို့နိုင်ငံရေးကို နားမလည်ဘူး ၊ သမိုင်းတင်ဖို့ကို စိတ်မ၀င်စားဘူး၊ စစ်အာဏာရှင်ကို မကျေနပ်ချက် -ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်စိတ်၊လေးစားရိုသေစိတ်တွေနဲ့ ဒီမိုကရစီနိုင်ငံတော် ဖော်ဆောင်ရေးကို တတပ်တအား ပါဝင်ကြတယ်။ သူတို့ခံယူချက်-ရပ်တည်ချက်က ပြတ်သားတယ်၊ နှစ်ဘက်မခွဘူး၊ အကျိုးစီးပွား မမျှော်လင့်ဘူး၊ စကားကြီးကြီးကျယ်ကျယ်တွေနဲ့ ဆရာကြီးမလုပ်ဘူး။ ရိုးသားစွာ နိုင်ငံရေးကို ယုံကြည်ကြတယ်။ သိပ်ချစ်စရာကောင်းတဲ့ပြည်သူတွေပါ။

 နောက်တခုက ကမ္ဘာမှာ ဘယ်သူမှ မကြားဖူးတဲ့ ဖြစ်ရပ်တစ်ခုကလည်း ရှိသေးတယ်ဗျ။ ကိုယ် ချစ်ခင်လေးစားရိုသေတဲ့သူကို "ကျန်းမာပါစေ" ဆို ဆုတောင်း မိလို့ ထောင်နှစ်ရှည်လများ အချခံရတာ ကြားဖူးကြလားမသိဘူး၊ မြန်မာပြည်မှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်ပျက်ပါ။ အန်တီ့အိမ်ရှေ့ဟောပြောပွဲမှာ အန်တီ့ကို " ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ " ဆိုပြီး ရှေ့က တိုင်ပေးတဲ့သူတွေကို ထောင် ၇ နှစ်ဆီ တန်းစီပြီး ချပစ်လိုက်တယ်။ စီမံချက်နဲ့ကိုချတာ။ အဲဒီအမှု့တွဲတွေကို ထောင်ထဲမှာ ကျနော်တို့ နာမည်ပေးထားတာ= " ကျန်းမာပါစေ- အမှု့တွဲများ " ဆိုပြီး။ ကျနော်မှတ်မိသလောက် ဒလက ကိုဘော့လုံး ခေါ် ကိုမြဟန်၊ ကိုသန့်ဇင် ( ယခု အမေရိကား ၊ တက္ကဆပ်ပြည်နယ် ) ၊ ဦးသောင်းအေး ( ဖျာပုံ ) =စုစုပေါင်း ၃၀ လောက်ရှိမလား မသိဘူး။ ကျနော် အဲဒီအကြောင်းကို တခြားသူတွေကို ပြောပြတော့ မယုံကြဘူး၊ နိုင်ငံခြား သားတွေကို ပြောပြရင်တောင်မှ သူတို့က စစ်အစိုးရကို မုန်းလို့ လုပ်ကြံပြောတယ်ပဲ ထင်ကြတာ။

ဒေါ်အောင်ဆန်းစုကြည်-----ကို "ကျန်းမာပါစေ " လို့ တိုင်မိရုံလေးနဲ့ ထောင်ချတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ …. ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊ တခြားကိစ္စဆိုရင်တော့ ဟုတ်ချင်ဟုတ်မှာပေါ့ .."စသည် စသည်ဖြင့် တော်တော်များများက မယုံခဲ့ကြဘူး။ အမှန်ကတော့ တကယ်ကိုဖြစ်ပျက်ခဲ့တဲ့ကိစ္စဆိုတာ ကာယကံရှင်များနဲ့ နိုင်ငံရေး အသိုင်းဝိုင်းတခုလုံး သိကြပါတယ်။ စစ်အစိုးရဟာ အဲသလောက် ရက်စက်ခဲ့ပါတယ်။ ကျနော် ဇာတ်နာအောင်ပြောပြနေတာ မဟုတ်ပါဘူး။ သူတို့ခမျာ မိသားစုဘ၀တွေပျက်၊ အိမ်ထောင်တွေကွဲနဲ့ -ဘ၀ကိုခါးသီးစွာ ရင်ဆိုင်ခဲ့ရရှာတယ်။ ဖျာပုံက ဦးသောင်းအေးဆိုတဲ့ ပုဂ္ဂိုလ်ဆိုရင် စိတ်ဝေဒနာရှင်=သူ့သားလေးကို ဆေးကုဖို့ ရန်ကုန် စိတ်ရောဂါကုဆေးရုံကို လာပို့တာ၊ အချိန်ရသခိုက် အန်တီစုဟောပြောပွဲကို လာနားထောင်ရင်း- "ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ" လို့  အော်ဟစ် ဆုတောင်းပေးရုံလေးနဲ့ ထောင်( ၇ ) နှစ် အချခံလိုက်ရတယ်။ ကျန်ခဲ့တဲ့ သူ့သား စိတ်ဝေဒနာရှင် -ဘာတွေဆက်ဖြစ်သွားသလဲ ဆိုတာ ကျနော်လည်း မသိတော့ဘူး၊

ကိုဘော့လုံး ခေါ် ကိုမြဟန်ဆိုသူနဲ့က ကျနော်နဲ့ အင်းစိန်တွဲဘက်ထောင် တိုက်ခန်းထဲမှာ အတူနေခဲ့ဖူးတယ်။ သူစိတ်အားထက်သန်မှု့ကလည်း အထက်မှာ ကျနော်ဖော်ပြခဲ့တဲ့ အဖွားအိုလိုပဲ၊ အန်တီစုဟောပြောပွဲပြီးလို့ "ဘာတွေပြောခဲ့သလဲ "မေး ။ လုံးလုံး မသိတော့ဘူး ၊ သူက အန်တီ ဟောပြောပွဲအပြီး "ဒေါ်အောင်ဆန်းစုကြည် -- ကျန်းမာပါစေ " ဆို ရှေ့က တိုင်ပေးရတာကို စွဲလန်းနေတာ။ (ခေတ်စကားနဲ့ပြောရရင် ညိနေတာ။) သူ့ကိုဖမ်းတော့ အရက်နည်းနည်းလည်း မူးနေတယ် ။ သူ့အိမ်ပြန်ရောက်သည်အထိ ထောက်လှမ်းရေးက နောက်ယောင်ခံ လိုက်လာပြီး- ညတော်တော်လေး မိုးချုပ်မှ ၀င်ဖမ်းတယ်။ ဖမ်းပြီးတော့ ထောက်လှမ်းရေးကမေးတယ။်------
" မင်း …… ကျန်းမာပါစေ ကို ဘယ်လိုတိုင်လဲ….. လုပ်စမ်းပါဦး …သရုပ်ပြလေး " ဆိုတော့-
သူက ရှေ့ကတိုင်ပြတယ် ။ " ဒေါ်အောင်ဆန်းစုကြည် -----------" နောက်က ဘယ်သူ့ ဆီကမှ အသံ ပါမလာဘူး။ ( ထောက်လှမ်ရေးတွေပဲ။ ဘယ်လိုလုပ် နောက်က လိုက်ဆုတောင်းပေးလိမ့်မလဲ။) နောက်တစ်ခါ၊ နှစ်ခါ --------" ဒေါ်အောင်ဆန်းစုကြည် ------"လို့ ၂ခါဆက်အော်လည်း နောက်က ဘယ်သူမှ လိုက်မဆိုတော့ - အဲဒီတော့ သူက စိတ်မရှည်တော့ဘူးထင်ပါရဲ့။
" ဟာ…ဆရာတို့ကလည်း ၊ ကျနော်က ရှေ့ကနေ ဒေါ်အောင်ဆန်းစုကြည်ဆို တိုင်လိုက်ရင် ……… "ကျန်းမာပါစေ"ဆိုတာလေး လိုက်ထောက်ပေးဦးလေ …. ။ဒါမှ ပီပြင်မှာပေါ့ " ဆိုပြီး ခပ်ထွေထွေလေး ပြန်ပြောလိုက်တာနဲ့ ထောက်လှမ်းရေးတွေက -" အေး …. ထောက်ပေးမှာပေါ့ …. လုပ်ပါဦး နောက်တစ်ခေါက်ဆိုတော့ သူက - သူ လုပ်ပြတာ သဘောကျတယ် -ထင်ပြီး နောက်တစ်ခေါက် ထပ်အော် အပြီးမှာတော့-----ထောက်လှမ်းရေး လက်သီးတွေ၊ တံတောင်တွေ---- ဒူးတွေ ၀င်လာတော့တာပဲ။ကိုဘော့လုံးရဲ့အဖြစ်က အဲဒီလိုပါဆိုပြီး ထောင်ထဲရောက်တော့ သူက ကျနော်တို့ကိုရှင်းပြခဲ့တာ။

ထူးခြားချက်တစ်ခုကလည်း အန်တီ့အိမ်ရှေ့ ဟောပြောပွဲမှာ- အတိုက်အခံနိုင်ငံရေး အင်အားစု တော်တော်များများကို ပြန်ဆုံတွေ့ရခြင်းပါပဲ။ ထောင်ထဲ၊ တောထဲ နဲ့ ကွယ်လွန်သွားတဲ့သူတွေ နိုင်ငံရပ်ခြားရောက်နေတဲ့သူတွေက လွဲရင် တော်တော်များများလောက် ဆုံဖြစ်ကြပါတယ်။ ကျနော်တို့ တကသ ကျောင်းသားတွေဟာ ကိုမိုးကြိုး ( ယခု - ထိုင်းနိုင်ငံ မဲဆောက်မြို့က အလုပ်သမားရေးတွေလုပ်နေတဲ့ JACDB အဖွဲ့ရဲ့ တာဝန်ခံ ) နဲ့ ကိုထက်ရာဇာ ( ယခင် DVB မဲဆောက်သတင်းထောက်ဟောင်း ) တို့ ခေါင်းဆောင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားလူငယ်များ အစည်းအရုံး ( ဗကလစ ) နဲ့ ချိတ်ဆက်လက်တွဲနိုင်ခဲ့တယ်။
လူငယ် ကျောင်းသားတွေ ။ တက်ကြွလှုပ်ရှားသူတွေကို စည်းရုံးလှုံ့ဆော်ပြီး နိုင်ငံရေး လှုပ်ရှားမှု့တွေ တွန်းတွန်းတိုက်တိုက် လုပ်ခဲ့တယ်။ အဲဒီအချိန်က နိုင်ငံရေးလောကနဲ့ စိမ်းစိမ်း အနေထားကနေ တကသ - ကို ၀င်ရောက်လှုပ်ရှားခဲ့တဲ့ ကျောင်းသားအချို့-ယနေ့ထက်တိုင် ပြည်တွင်းမှာ အမာခံလှုပ်ရှားဆဲပါ။ ကျနော်တို့ အဓိကထားလုပ်ဆောင်ခဲ့တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ် ------ ။ အန်တီနဲ့တွေ့ခဲ့တဲ့အချိန်က အဲဒီသဘောတရားကို ကျနော်က ရှင်းရှင်းလင်းလင်း မေးခဲ့တယ် ။

 "အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ ဘာလဲ ၊ ဘာလို့ မဖြစ်မနေလိုအပ်တာလဲ။"
အဲဒီမေးခွန်းရဲ့အဖြေကို အန်တီက ဒီလိုပြောခဲ့ပါတယ်၊ "လွတ်လပ်ရေးမရခင်ရော -ရပြီးရော အချိန်ကစလို့ တမျိုးသားလုံးရဲ့ညီညွတ်ရေး (တနည်းအားဖြင့် ) သင့်မြတ်ရေးဟာ ယနေ့ထိတိုင်အောင် ဖြေရှင်းနိုင်ခြင်းမရှိပါဘူး..တဲ့၊ ဖေဖေ ( ဗိုလ်ချုပ်အောင်ဆန်း ) လက်ထက်တောင်မှ အစွမ်းကုန်ကြိုးစားခဲ့သော်လည်းပဲ (ဗိုလ်ချုပ်လုပ်ကြံခံ သေဆုံးသွားတော့ ပိုဆိုးသွားတော့တာပေါ့ ၊) နောက်လူတွေမှာ ပိုဆိုးလာတာ အခုထိပါပဲ။ ဒီလိုသင့်မြတ်ရေးမရှိဘဲ တိုင်းပြည်ကို ထူထောင်ဘို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ ( ၀န်ခံချက် - အန်တီပြောသွားတာ ဒီသဘောတရားပါ - စကားလုံးအားဖြင့်တော့ တိကျချင်မှ တိကျပါလိမ့်မယ်။ ) ဒီကိစ္စကို ခက်ခက်ခဲခဲကြိုးစားကြရမှာပါ။

" ဘယ်သူတွေနဲ့ ဘယ်လိုသင့်မြတ်ရမှာလဲ ။"
ဒါရဲ့ အဖြေကတော့ --ယနေ့တိုင်းပြည်မှာ လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ -NLD အပါဝင် အတိုက်အခံအင်အားစုတွေရယ်။ လက်ရှိ နအဖ စစ်ခေါင်းဆောင်တွေရယ်။ တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ညီညွတ်ရေး ၊ သင့်မြတ်ရေးပါ။

ကျနော်တို့အဖို့ကတော့ ဒီလောက်ခက်ခဲပြီး နှစ်ပေါင်းများစွာ ဖြေရှင်းခဲ့တာတောင် မပြေလည်နိုင်ခဲ့တဲ့ ပြန်လည်သင့်မြတ်ရေးဆိုတာကို ကြိုးစားဖို့ဆိုတာ အိပ်မက်တစ်ခုကို မက်နေရသလိုပါပဲ။ ဒါပေမယ့် ယုံကြည်ချက်တခုတော့ရှိပါတယ်။ လက်တွေ့ဆိုတာ စိတ်ကူးအိပ်မက်တွေက လာကြတာပါ။ အန်တီစုလို လူထုခေါင်းဆောင်တစ်ယောက် မားမားမတ်မတ် ရပ်တည်ပေးထားတဲ့အတွက် အများကြီးတော့ အားရှိစေခဲ့ပါတယ်။ နောက်တခုက ဒီကိစ္စကိုဆောင်ရွက်ရတာဟာ ကြိုးတန်းပေါ် လမ်းလျှောက်ရသလိုပါပဲ။ အချိန်မရွေး ပြူတ်ကျသွားနိုင်ပါတယ်။

သေချာတာတခုကတော့ နောက်ဆုံး ကျနော် ထောင်ထဲပြူတ်ကျသွားပါတယ်။ တချို့ ရိုးသားစွာဆောင်ရွက်ချက်တွေအပေါ် ကြီးမားစွာ အထင်မှားခြင်း ဆိုတဲ့ အရာတွေနဲ့ရင်ဆိုင်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအကြောင်းဆက်လက်တင်ပြပေးပါဦးမယ်။ ဒါပေမယ်လို့ အန်တီစုရဲ့ အမှာစကားက ကျနော်တို့ နှလုံးသားထဲ ပဲ့တင်သံ ထပ်ခါ ထပ်ခါ ရိုက်ခတ်စေခဲ့ပါတယ်။

အဲဒါက-------

" နိုင်ငံရေးကို နှလုံးသားနဲ့မလုပ်ပါနဲ့ ။ဦးနှောက်နဲ့လုပ်ပါ..." တဲ့။

" နိုင်ငံရေးကို နှလုံးသားနဲ့မလုပ်ပါနဲ့ ။ဦးနှောက်နဲ့လုပ်ပါ..." တဲ့။

အပိုင်း ( ၄ ) ဆက်ပါဦးမည်။

            ရသ


 " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ- အပိုင်း ( ၄ ) "

(မောင်မောင်ဝမ်း)

"နိုင်ငံရေးကို နှလုံးသားနဲ့မလုပ်ပါနဲ့။ ဦးနှောက်နဲ့လုပ်ပါ....." တဲ့ ။

ကျနော်စဉ်းစားကြည့်မိတယ်၊ အမိနိုင်ငံ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိရေး၊စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်မှု့အတွက် တိုက်ပွဲဝင်တဲ့သူများကို လေ့လာကြည့်တဲ့အခါ နှလုံးသား ခံစားရတာတွေက ပိုများကြပါတယ်။ စနစ်ကိုက ဒီလိုဖြစ်အောင် အကြောင်းဖန်လာတာ ဆိုတော့ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုမှာ ခါးသီးတဲ့ဒဏ်ရာဒဏ်ချက်တွေကိုယ်စီနဲ့ပါ။ ခံစားမှု့မပါဘဲနဲ့လည်း ဒီမိုကရေစီတော်လှန်ရေး ပေါ်ပေါက်နိုင်စရာအကြောင်းမရှိပါဘူး။

တခါ အန်တီစုရဲ့ အဲဒီအချိန်ကာလက အနေထားကို သုံးသပ်ကြည့်မယ်ဆိုရင် ပူပူနွေးနွေး အကျယ်ချူပ်က လွတ်လာခါစ၊ နိုင်ငံရေးလမ်းကြောင်းမှာဆိုလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းပေါ်ကို ဦးတည်နေတဲ့ အချိန်၊ မိမိရဲ့နာကျင်မှု့တွေ ၊ ခါးသီးမှု့တွေကို ခ၀ါချလို့ တိုင်းပြည်အတွက် လိုအပ်နေတဲ့ အကျိုးစီးပွား မျက်နှာတစ်ခုထဲကိုပဲ ကြည့်ပြီး ဦးနှောက်နဲ့တွေးခေါ်ဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါကိုဆိုလိုတာပါ။

ကျနော်တို့ဟာ သာမန်ပုထုဇဉ်လူသားတွေပါ။ စိတ်ဆိုးတတ်ပါတယ်။ပျော်တတ်ပါတယ်။ ခံစားတတ်ပါတယ်၊တုန့်ပြန်တတ်ကြပါတယ်။ ဒီနေရာမှာ ဆုံးဖြတ်လုပ်ကိုင်နေရတဲ့ အန်တီစုတို့လို သူ များအတွက်ကတော့ ဦးနှောက်နဲ့တွေးခေါ်လုပ်ကိုင်မှု့ဟာ သိပ်အရေးကြီးပါတယ်။ နှလုံးသားခံစားမှု့ကို အသား သွားပေးလို့ မရနိုင်ပါဘူး၊ (သို့သော် ပစ်ပယ်လို့တော့ မရကောင်းဘူးလို့ ထင်ပါတယ်။) ခံစားမှု့အရ နာကျင်နေတဲ့ပြည်သူတွေအတွက်ကလည်း နာကျင်မှု့အတိုင်း တုန့်ပြန်ခဲ့တာ အမှန်တစ်ခုပါ။ ထို့အတူ ခံစားမှု့ကို ဘေးမှာထား၊ လိုအပ်ချက်ကို ရှေ့တန်းတင်လုပ်နေရတဲ့ အန်တီစုလို ခေါင်းဆောင်များရဲ့ဆုံးဖြတ်ချက်ဟာလည်း အမှန်တစ်ခုပါပဲ။

ကျနော် ထောင်ထဲမှာရှိနေစဉ်ကာလက နာမည်ကျော်စာရေးဆရာ မင်းသိင်္ခ ပြောတာလေး ရှိပါတယ်။

" ငါ ဒီအာဏာရှင်တွေကို လှလှပပ ကလဲ့စား ချေချင်တယ်ကွာ.."တဲ့။
"ကလဲ့စားချေတယ်ဆိုတာ သိပ်အရသာရှိတဲ့အလုပ်ကွ..."တဲ့ ။
"စိတ်ကူးနဲ့တောင် တော်တော်မြိန်တာပဲ ။"
ဒီလိုပြောခဲ့ဖူးပါတယ် ။ ဒါက ကျနော်တို့ရဲ့နှလုံးသားခံစားချက်တွေပါ၊ သို့သော် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ တိုင်းပြည်အတွက် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်လာတဲ့ အခါမှာတော့ ---------------------------
----------------------------------------------------------------------------------။

 တနေ့ အန်တီ့ ခြံရှေ့ ဟောပြောပွဲမှာ မေးခွန်းလေးတစ်ခု တက်လာပါတယ်။ (အန်တီ့အိမ်ရှေ့မှာ စာတိုက်ပုံးလေး ထားပေးပါတယ်။ မေးခွန်းမေးလိုသူများက စာရေးပြီး အဲဒီထဲ ထည့်ထား၊ အဲဒီထဲကမှ သင့်တော်တဲ့မေးခွန်းတွေကို အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်းမှာ အန်တီက ပြန်ဖြေပေးပါတယ်။)

" မေးခွန်းလေးတစ်ခု ကျမ လက်ခံရရှိပါတယ်--- ဒီလို မေးခွန်းမျိုး ကျမဖြေချင်နေတာကြာပါပြီ -- မေးခွန်းက ဒီလိုပါ--- ဒေါ်အောင်ဆန်းစုကြည် တပ်မတော်အပေါ်မှာ ဘယ်လိုသဘောထားပါသလဲ..တဲ့ "

" ဖြောင်း……..ဖြောင်း…….ဖြောင်း ….. ဖြောင်း" (လက်ခုပ်သံများ)

" ကျမရဲ့ဖေဖေဟာ တပ်မတော်ရဲ့ဖခင်ပါ …..။" (လက်ခုပ်သံများ)

"ကျမက ဖေ့ဖေ့သမီး --- အဲဒီတော့ တပ်မတော်ဆိုတာ ကျမရဲ့မွေးချင်းမောင်နှမတွေပဲလေ …" (လက်ခုပ်သံများ)

အန်တီစုရဲ့ မျက်နှာသွင်ပြင်ဟာ ပြုံးရွှင်နေပါတယ်၊ နှစ်လိုဖွယ်ရာ အပြုံးလို့သတ်မှတ်မယ်ဆိုရင် မမှားနိုင်လောက်ပါဘူး။

"ကျမငယ်စဉ်က ယူနီဖောင်းစိမ်းစိမ်းတွေ ၀တ်ဆင်ထားတဲ့ တပ်မတော်သားတွေရဲ့ကြားမှာ ကြီးပြင်းလာခဲ့ရသူတစ်ယောက်ဆိုတော့ -- တပ်မတော်သားတွေဟာ ကျမ အကိုတွေ မောင်တွေ မွေးချင်းတွေပဲပေါ့ …. ကျမ မုန်းလို့ရနိုင်မလား ...စဉ်းစားကြည့်ကြပါ။"

လက်ခုပ်တီးသံတွေ၊ သြဘာပေးသံတွေ ဆူညံသွားပါတယ်။
ဒါဟာ အန်တီစုရဲ့နှလုံးသားကြားက ယိုစိမ့်ထွက်လာတဲ့ အစစ်မှန် စကားလုံးတွေပါ။

ပုသိမ်မြို့ စည်းရုံးရေးခရီးစဉ်မှာ စစ်သားတွေရဲ့သေနတ်မောင်း ကျည်ဖြုတ်လုဆဲဆဲ.. ၀ိုင်းရံနေတဲ့ ကြားက အပြုံးမပျက် ထွက်လာနိုင်ခဲ့တဲ့ ပုဂ္ဂိုလ် ရင်ထဲက ရိုက်ခတ်လာတဲ့ ပုံရိပ်တွေပါ။

တနေ့ ကျနော်တို့ အန်တီနဲ့ဆုံတွေ့ တဲ့အခါ မေးကြည့်မိပါတယ်။
" အန်တီပြောခဲ့တဲ့စကားက တကယ်ပဲပေါ့ ။" ဆိုတော့ ... " တကယ်မို့လို့ အန်တီပြောတာပေါ့ "..တဲ့။ "အန်တီ့ဘေးမှာရှိနေတဲ့ လူကြီးတွေကိုပဲ သားတို့လေ့လာလိုက်ဦးလေ ၊ ဘဘ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဦးလွင် ..အားလုံးဟာ တပ်မတော်ခေါင်းဆောင်တွေချည်းပဲ ။ဘဘ ဦးတင်ဦးဆို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်တောင် ယူခဲ့ရသေးတာ။ နောက်ဆုံး ဒီပုဂ္ဂိုလ်ကိုပဲကြည့် ။( ဦးဝင်းထိန်ကို လှည့်ပြီး ညွှန်ပြလိုက်တယ် ။) တပ်မတော်က အရာရှိဟောင်းတစ်ဦး။ အန်တီတပ်မတော်သားတွေကိုမုန်းတီးရင် သူတို့နဲ့ဘယ်လက်တွဲလိမ့်မလဲ "

သိပ်မှန်တဲ့စကားပါ။ အန်တီ့ကို ၀န်းရံနေသူတွေ၊ ပါတီထဲက ခေါင်းဆောင်တချို့ဆို စစ်တိုင်းမှုးဟောင်းတွေတောင် ပါပါတယ်။ ကျနော်တို့ကျောင်းသားတွေထဲက တစ်ယောက်က လက်ရှိတပ်မတော်အတွင်းက အောက်ခြေစစ်သားတွေရဲ့အခက်အခဲ၊ဆင်းရဲကြပ်တည်းမှု့တွေကို ပြောပြတဲ့အခါ အန်တီ ရဲ့ရင်ထဲမွန်းကြပ်သွားပုံရပါတယ်။ ဒီတစ်ခါမှာတော့ မျက်နှာလေးဟာ ညျိုးရော်လို့-----------။

" လက်ရှိစစ်တပ်အတွင်းက တပ်မတော်သားတွေရဲ့ဆင်းရဲကြပ်တည်းမှု့တွေကို ကောင်းကောင်း မဖြေရှင်းပေးတာဟာ …. မကောင်းဘူး ။"

အန်တီက ဦးတင်ဦးဘက်ကိုလှည့်ပြောတော့...
ဦးတင်ဦးက " တပ်ရဲ့အကြီးအကဲဆိုတာ ရဲဘော်တွေရဲ့မိဘပဲ…. အစစအရာရာ တာဝန်ရှိတယ် ….. မလိုအပ်ဘဲနဲ့ တပ်မတော်ကို တိုးချဲ့နေမယ့်အစား … လက်ရှိအနေအထားကို အရည်အသွေးပြည့်မှီအောင် လုပ်သင့်တယ်…. ခေတ်မှီတပ်မတော်ဖြစ်ဖို့ဆိုတာ လူတွေစုနေရုံနဲ့ဖြစ်လာမှာမဟုတ်ဘူး…….အခုဟာက တပ်က ခေတ်မှီတပ်မတော်ဖြစ်ဖို့နေနေသာသာ… စားဝတ်နေရေးဖူလုံဘို့တောင်… မလွယ်ကူတဲ့ အခြေနေဆိုတော့ စိတ်ထဲမကောင်းဘူး။"

" တပ်မတော်သားဆိုတာကလည်း… ပြည်သူတွေထဲက ပြည်သူတွေပဲလေ….။နိုင်ငံရဲ့ယိုယွင်းမှု့တွေကို ပြည်သူနဲ့အတူ သူတို့လည်း ခါးစည်းခံရတော့မှာပဲ ။"
အန်တီဟာ တကယ်တော့ တပ်မတော်သားတွေအပေါ် ချစ်ခင်၊စာနာစိတ်၊ ရှိသူတစ်ယောက်ဆိုတာ သေချာပါတယ်။ သူဟာတပ်မတော်သားတွေနဲ့ပတ်သက်လို့ စိုးရိမ်ခဲ့တာအမှန်ပါ။

ဒီလိုနဲ့ ရက်အနည်းငယ်အကြာမှာတော့ အန်တီရဲ့ ရင်ထဲကရိုက်ခတ်လာတဲ့စကားလုံးတွေဟာ နအဖ ထိပ်တန်းအပါအ၀င် တပ်မတော်သား တော်တော်များများ နားထဲကို စိမ့်ဝင်သွားစေခဲ့ပါတယ်-----------။

 သိပ်မကြာခင် ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လူသိထင်ရှား ထုတ်ဖော်ပြောဆိုမှု့နဲ့ တုန့်ပြန်သံကို ကြားလာရပါတော့တယ်။

"ဒေါ်အောင်ဆန်းစုကြည် ကို နှမလေးလို သဘောထားပါတယ်.." တဲ့။


ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကတော့ ကာယကံရှင်က လွဲလို့ ဘယ်သူသိနိုင်လိမ့်မလဲ။
အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ ပြတင်းတံခါးလေးများ "ဟ" လာ လေရော့သလား။ သို့လော သို့လော စဉ်စားစရာတွေနဲ့ပေါ့။

(ကျနော်ထောင်ထဲမှာ နေခဲ့ရတုန်းက တပ်ရင်းမှုးတစ်ယောက်လည်း ပြစ်မှု့တစ်ခုနဲ့ထောင်ကျ လာပါတယ်။ သူနဲ့ ကျနော်ခင်မင်သွားတဲ့ အခါ သူ့က တနေ့ သူ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေထဲက တိုက်တိုက်ဆိုင်ဆိုင် တစ်ခုကိုပြောပြပါတယ်။ အန်တီက ဖော်ပြပါ မိန့်ခွန်းကို တိုင်းသိပြည်သိ၊ကမ္ဘာသိ ပြောကြားလိုက်တဲ့အခါ တပ်ထဲမှာ " တော်တော်ဂယက်ရိုက်သွားကြောင်း ၊ စစ်တပ် ခေါင်းဆောင်ပိုင်းတွေဟာ တပ်ရင်းအသီးသီးကို ရောက်ရှိလာပြီး ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက် မိန့်ခွန်းကို မယုံကြည်ကြဘို့ " စည်းရုံးပြောဆိုခဲ့တယ်လို့ကြားလိုက်ရပါတယ်။)
မှန် မမှန် ဟုတ် မဟုတ်ဆိုတာကတော့ ကျနော်လည်း အတတ်မသိပါဘူး။

တနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပါဝင် ၊ ဦးအောင်ရွှေ၊ ဦးတင်ဦး ၊ ဦးကြည်မောင် ၊ ဦးလွင် စတဲ့ခေါင်းဆောင်ပိုင်းတွေနဲ့ ကျနော်တို့ကျောင်းသားများနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ကျနော်တို့က တွေ့ဆုံပေးဘို့ မေတ္တာရပ်ခံချက်ကြောင့်လည်း ပါပါတယ်။ ဒါကတော့ ကျနော်တို့ ကျောင်းသားတွေအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို စတင်အကောင်ထည်ဖော်ဆောင်ရွက်ရန် အကြံဥာဏ်တောင်းခံခြင်းပဲဖြစ်ပါတယ်။ ဘယ်က စလုပ်ကြမလဲ။ တကယ်တော့ တဘက်နအဖ နဲ့သင့်မြတ်ဘို့ကို အသာထားလို့ ..ကိုယ်ချင်း သင့်မြတ်ရေးကို ဦးစွာ ထည့်သွင်းစဉ်းစားရပါတော့တယ်။

အမှန်တိုင်း ထုတ်ဖော်ဝန်ခံရရင် အဲဒီအချိန်က ကျနော်တို့ အတိုက်ခံအင်အားစု အချင်းချင်းကြားမှာတောင်မှ အဆင်မပြေ-မချောမွေ့မှု့တွေ အများကြီးရှိပါတယ်။ အန်တီစု အပေါ်မှာတောင် မပြေလည်မှု့တွေ ၊ မကျေနပ်ချက်တွေရှိနေပါတယ်။ ဒီတော့ ဒါတွေကို ရှင်းထုတ်ပြီး ပွင့်လင်းမြင်သာတဲ့ သင့်မြတ်မှု့တွေကို စတင်ဘို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

နောက် ကျနော်တို့ ကျောင်းသားများအနေနဲ့ကလည်း တိုက်တိုက်ဆိုင်ဆိုင် သီတင်းကျွတ် လပြည့်နေ့ အခါသမယနဲ့ကလည်း နီးကပ်နေတော့ လူကြီးတွေကို စုပေါင်း ဂါရ၀ ပြူရင်း လုပ်ဆောင်ဘို့ကို အစီစဉ်ချမှတ်ခဲ့ပါတယ်။ နေရာကိုတော့ တက္ကသိုလ်များ ဓမ္မာရုံမှာလုပ်မယ်...လို့ ယာယီအားဖြင့် သတ်မှတ်ထားခဲ့တယ်။

ဒီလိုနဲ့ ပထမဦးဆုံး ကျနော်တို့ကျောင်းသားများဟာ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအဖွဲ့ ( ဒီ/ငြိမ်း ) နဲ့ အရင်ဆုံး တွေ့ဆုံသဘောတူညီချက်ရအောင် ကြိုးစားရပါတော့တယ်။ တနေ့ ကျနော်တို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးအောင် အိမ်ကို ချီတက်ခဲ့ကြတယ်။ ဗိုလ်မှုးအောင်နဲ့လည်း အခန့်သင့်စွာပဲ တွေ့ခဲ့ပါတယ်။

"ကျနော်တို့က ကျောင်းသားတွေဖြစ်တဲ့အကြောင်း၊" ကျနော်တို့ရဲ့ အစီအစဉ်တွေကိုချပြခဲ့ပါတယ်။ ဗိုလ်မှုးအောင်ရဲ့မျက်နှာဟာ ချက်ခြင်းဆိုသလို တင်းမာသွားပါတယ်။

" ငါ ….. စုကြည်ရယ်-NLD ရယ် တွေ့ရမယ်ဆို ...ငါ လုံးဝ မတွေ့နိုင်ဘူး။"

ကျနော်တို့ ကြောင်သွားကြတယ် ။ တော်တော်လည်း အကြပ်ရိုက်သွားပါတယ်။ ဘာလုပ်ရမှန်းမသိတော့ဘူး။ ကျနော်တို့ အမျိုးမျိုးဖြောင်းဖျကြတယ်။

" ဘဘ ကျနော်တို့တင်ပြချက်တွေကို နည်းနည်းလေးလောက်တော့ အသိမှတ်ပြူပေးပါ .. ဒီနေ့အချိန်အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အရမ်းကို လိုအပ်နေပါတယ်….. သင့်မြတ်ဘို့လိုပါတယ်…. ဘဘတို့လို အစဉ်လာရှိတဲ့ လူကြီးတွေ နဲ့ အန်တီနဲ့မှ မသင့်မြတ်ကြဘူးဆိုရင် ရှေ့ကိုဘယ်လိုဆက်သွားကြမလဲ"

" အဲဒါတွေ ငါမသိဘူး …. ငါရှင်းရှင်းပဲ ပြောမယ်ကွာ …. ငါလုံးဝ မတွေ့ချင်ဘူး …. သူတို့နဲ့တွဲပြီးလည်း …… ငါတို့ တဖွဲ့လုံး ဘာမှမလုပ်ချင်ဘူး "

ကျနော်တို့အားလုံး ၀မ်းနည်းသလို ခံစားသွားပါတယ်။ ပထမဦးဆုံး ခြေလှမ်းမှာတင် ဦးကျိုးသလိုများ ဖြစ်နေပြီလား ၊

ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် စိတ်ရှည်ရမယ်..ဆိုတဲ့ သဘောတရားကတော့ ရင်ထဲမှာ ရှိနေဆဲပါ။

ဗိုလ်မှုးအောင်ကတော့ အဆက်မပြတ်ဆိုသလို ခေါင်းကို တွင်တွင်ခါဆဲပါပဲ---။ ကျနော်တို့က ပြောလိုက် ...သူက ငြင်းပယ်လိုက်နဲ့ နာရီဝက်ခန့်လောက် ကြာအပြီးမှာတော့--------ကျနော်ကပဲ ဆက်ပြီး..

" ဘဘ နောက်ဆုံးအခွင့်ရေးလေးတစ်ခုတော့ပေးပါ ……. ဘဘတို့ ဘာတွေ မကျေနပ်သလဲ … ကျနော်တို့ကို ရင်ထဲရှိတာတွေပြောပါ…… ကျနော်တို့ညှိနှိုင်းလို့ရမယ်ဆို အန်တီနဲ့ ညှိနှိုင်းချင်ပါတယ် "

" အဲဒီလို ညှိနှိုင်းလို့ …. မင်းတို့ အန်တီကရော ..အဆင်ပြေမယ်လို့ ထင်သလား … ဝေးသေး.. ငါလုံးဝမထင် "

" ဘဘပြောသလိုတော့ ဟုတ်မယ်မထင်ပါဘူး….. ညှိနှိုင်းလိုက်ရင် အဆင်ပြေမှာပါ "

" သူ့ ( ဒေါ်အောင်ဆန်းစုကြည် ) သဘောကရော အခုလက်ရှိအခြေအနေမှာဘယ်လိုရှိလဲ "

ဗိုလ်မှုးအောင် အနေထားက စောစောကထက် နည်းနည်းပျော့ပြောင်းလာတဲ့ အရိပ်လက္ခဏာတစ်ရပ်ကို ကျနော်တို့စတင် တွေ့မြင်လာရပါတယ်။ ကျနော်တို့ ၀မ်းသာသွားကြတယ်။

" အန်တီက အားလုံးသင့်မြတ်ရေးကို အလိုရှိပါတယ်…။ ယုံပါ ဘဘ "

" ငါတို့ အားလုံးလည်းကြားပါတယ်….. အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တို့နိုင်ငံအတွက် အရမ်းကိုလိုအပ်ပါတယ်….. ဒါမရှိဘဲနဲ့ တိုင်းပြည်ကိုထူထောင်ဘို့ဆိုတာ စိတ်ကူးယဉ်သလိုပါပဲ ။ သမင်မွေးရင်း...ကျားစားရင်းဖြစ်နေမှာပဲ…။ ဆက်မွဲဦးမှာပဲ "

အဲဒါသေချာတယ်……..

" အန်တီလည်း … ဒီသဘောတရားကို… လက်ခံပါတယ် ဘဘ "

ဗိုလ်မှုးအောင် ခဏငြိမ်သွားတယ်။ ပြီးမှ.....

" ငါ့တို့ရဲ့ရင်ထဲမှာ စုကြည်ဟာ ၊ တို့ခေါင်းဆောင် တို့ရဲဘော် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ---- တနည်းဆို …. ငါတို့ သမီးကွ "

သက်ပြင်းကိုအခါခါချရင်း.... တစ်ခုခုကို တမ်းတ ငေးမောနေသလိုပဲ၊ တခုခုကို လေးလေးနက်နက် စဉ်းစားနေရင်း…

" ခက်တယ်ကွာ … ငါ့စေတနာကိုလည်း .. နားမလည်ဘူး … စော်ကားတယ် …. သူတင် က မလားကွ… သူ့အမေ ဆို ပိုတောင် ဆိုးသေးတယ်။" ( ဒေါ်ခင်ကြည်ကို ဆိုလိုရင်းဖြစ်သည်။)

ကျနော်တို့အားလုံး စိတ်ဝင်စားသွားကြတယ်။ ကျနော်တို့ မသိမှီသေးတဲ့ သမိုင်းဆိုင်ရာ ကိစ္စတွေများဖြစ်နေမလား….၊

" ဘဘ ….. ဘာတွေဖြစ်ခဲ့လို့လဲ … ပြောပြလို့ရနိုင်မလား "




"ပြောမယ် ။… ဒီလို …၊ ဦးစောက (ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ခဲ့သူက) မင်းတို့ သမိုင်းမှာ သိတဲ့အတိုင်း လက်နှက်တိုက်ကနေ လက်နှက်တွေထုတ်သွားရာက အစ.. ကိုအောင်ဆန်းကို လုပ်ကြံမယ်..ဆိုတဲ့ သတင်းကို ငါတို့ အတိအကျရထားတယ်ကွာ..။ ဒီကြားထဲမှာ ဘဆွေ (စာရေးဆရာ ရန်ကုန်ဘဆွေ) ကလည်း ကိုအောင်ဆန်းအပေါ်မှာ သိပ်ကလိမ်ကျနေတဲ့ ၊ မနာလိုနေတဲ့ ဦးစောကို ကြည့်မရဖြစ်ပြီး ၊ (ကိုအောင်ဆန်းတို့ လုပ်ကြံမခံရခင် လပိုင်းလောက်မှာ ) သေနတ်နဲ့သွားပစ်တယ်ကွာ..။ စဉ်းစားကြည့်ပေတော့.. ။ နဂိုကမှ ဦးစောက ကိုအောင်ဆန်းကို မလိုနေရတဲ့ အထဲ ပိုဆိုးသွားပြီပေါ့……..။ အကောက်ကြံပြီပေါ့ ။ဒါတွေကို ငါတို့က အတိအကျ သတင်းရတယ် ။ ဒါနဲ့ တနေ့ မဖြစ်ချေဘူး..ဆိုပြီး မနက်စာတောင် ထမင်းမစားနိုင်ဘူး ။ ငါ ကိုအောင်ဆန်းဆီ အပြေးသွားခဲ့တယ်….။ အဲဒီနေ့က ကိုအောင်ဆန်းကလည်း အိမ်မှာ အဆင်သင့်ကွ ။ ဘယ်မှ မသွားဘူး ။အိမ်မှာ အနားယူနေပုံရပါတယ်။ ငါ မှတ်မိသေးတယ် ။ စွပ်ကျယ် လက်စက လေးနဲ့ ...။ ငါရောက်သွားတယ်ဆိုရင်ပဲ-----သူက...

" ဟာ.. ကိုကြီးအောင်… အမောတကောနဲ့ … ဘာတွေဖြစ်လာလို့လဲ" တဲ့။

ကိုအောင်ဆန်းကို ကြည့်ရတာ အေးအေးဆေးဆေးပဲ။

" ဘာဖြစ်ရမလဲ … ခင်ဗျားကို.. သတ်တော့မယ်….။ အဲဒါ.. ဂရုစိုက်ဦး…. ကျုပ်လာသတိပေးတာ…။ သတင်းတွေ အတိအကျ ရထားပြီးပြီ ။"
ကိုအောင်ဆန်းက ရီတယ် ..ကွ။ ဒီလူကလည်း တမျိုးကွာ။

" ဒီလောက်လည်း မစိုးရိမ်ပါနဲ့ ကိုကြီးအောင်ရာ… ဦးလေးစော ( ဦးစော ) က.. ကျနော့်ကို သတ်လောက်အောင် မုန်းမယ်မထင်ပါဘူး…။ "

" မုန်းတာ မမုန်းတာထက် ခင်ဗျားကို လုပ်ကြံဘို့ကြိုးစားနေတာတော့ အသေအချာပဲ။ ဒါဆိုလည်းပြီးတာပဲ… ကျုပ်တာဝန်ကျေတယ်နော်…။

ငါ့စိတ်ထဲနည်းနည်းတော့ ကသိကအောင့်ဖြစ်မိတယ် ...အမှန်ပြောမယ်၊ ငါ သူသေမှာ ကြောက်တာ အမှန်ပဲကွ။ ငါ သေရမှာတောင် ငါမကြောက်ဘူး၊
သူသေရင် ရှုပ်ကုန်မှာတွေ တပုံကြီး၊ သူကလွဲလို့ ဘယ်သူမှ မလုပ်နိုင်တာတွေရှိတယ်။ အဲဒါငါသိတယ် ။
( အဲဒီအချိန်က ဗိုလ်မှုးအောင်ဟာ နိုင်ငံရဲ့ အဆင့်မြင့်တာဝန်ကို ယူထားရသူ တစ်ယောက်ပါ -။ လွှတ်တော် ဥက္ကဌ ထင်ပါတယ် ။)
ဒီအချိန်မှာ ငါ ဗိုက်ကလည်း ဆာလိုက်တာမှ ကွာ..။ အဲဒါကို ကိုအောင်ဆန်းက ရိပ်မိသွားသလားမသိဘူး----။

" ကိုကြီးအောင်….. ထမင်းစား မလာရသေးဘူး ထင်တယ် "

" ဘယ်စားရအုံးမလဲ… ခင်ဗျား သေမှာကြောက်လို့ ကျုပ် ဗိုက်ဆာနေတာတောင် အောင့်ပြီး ခင်ဗျားဆီ အပြေးလာခဲ့တာ "

ဒါနဲ့ ကိုအောင်ဆန်းက အိမ်ထဲကို ဟိုကြည့် ဒီကြည့် လှမ်းကြည့်ရင်းက မခင်ကြည်ကို လှမ်းခေါ်တယ်။

" ကြည်ရေ…. ကြည် "

မခင်ကြည်က အိမ်ခန်းထဲကနေ ထွက်လာပြီး ..ကိုအောင်ဆန်း ဘေးနားရောက်လာတော့....

" ကိုကြီးအောင် ထမင်းမစားရသေးဘူး။ ပြင်လိုက်ပါဦးကွ..။" ဆိုတော့ ..မခင်ကြည်က ကိုအောင်ဆန်းကို သေသေချာချာကြည့်ပြီးမှ ဘာပြောတယ်ထင်သလဲ။

" ကျမတို့က တိုင်းချက်ထားတာလေ --မပိုတော့ဘူး ...တဲ့"

ငါ ဒေါသထွက်လိုက်တာ မပြောပါနဲ့တော့။ ဒါနဲ့ ငါကလည်း....

" ခင်ဗျားယောက်ျား သေမှာကြောက်လို့ ကျူပ်က လာပြောတာ။ ကျုပ်က အငတ်မဟုတ်ဘူး.." ဆိုပြီး ပြောထွက်လာခဲ့တယ်။

ကိုအောင်ဆန်းကတော့ တားတယ်။ ပြီးတော့ တဟားဟား ရီတယ်ကွ။

မင်းတို့ စဉ်းစားကြည့်ကွာ။ ငါပြောခဲ့သလိုပဲ။ ငါက စေတနာနဲ့ သူ့အိမ်အထိ လာပြောကိုတောင်မှ ငါက အငတ်ကြနေတာပဲ။ ထမင်းကို တိုင်းချက်ထားတာ...တဲ့ ၊ မသကာ ထမင်းတစ်အိုးတည်တော့ရော ဘယ်လောက်ကြာမှာမို့လဲ။

သူ့သမီးကျတော့လည်း ငါတို့ကို သူ့အဖေနဲ့လုပ်ဖော်ကိုင်ဘက်တွေကို လေးစားရိုသေရမှန်းမသိ …။ ပြောရရင်အများကြီးပါကွာ….။

ဗိုလ်မှုးအောင် သူပြောချင်တာတွေကို ရင်ဖွင့်ပြောလိုက်ရလို့ စိတ်ခံစားမှု့တွေ ပြေပျောက်သွားတဲ့ ပုံ ကျနော်တို့တွေ့လိုက်ရတဲ့ အခါ….ကျနော်တို့ စိတ်သက်သာရာရသွားတယ်။ သူ့ရဲ့ရင်ထဲအစိုင်အခဲတွေဟာ ထုတ်ပြောလိုက်မိတဲ့ စကားလုံးတွေနဲ့အတူ လွင့်ပါသွားလေသလား ဖြစ်နေချိန်မှာ…….

" ဒါတွေ ထားလိုက်ပါတော့ကွာ… မစု ကို (အခေါ်ဝေါ်ပြောင်းသွားတာကို ကျနော်တို့သတိထားမိလိုက်ပါတယ်။) မင်းတို့ပြောလိုက်ပါ…။ သမိုင်းနဲ့ယှဉ်ပြောချင်တယ်….. ။ ကိုအောင်ဆန်းဟာ တိုင်းပြည်လွတ်လပ်ဖို့နဲ့ တိုးတက်ဖို့ကလွဲရင် -သူ့စိတ်ထဲမှာ ဘာမှကို တခြားဟာတွေ မရှိတာ ….ရိုးသားတယ်။ သတ္တိရှိတယ်၊ အမျှော်အမြင်ကြီးတယ်။ သူ့ကို ဦးစောက မနာလိုဖြစ်ပြီး အကောက်အမြဲကြံနေတာကိုလည်း သူသိတယ်။ ဒါပေမယ့်......ကိုအောင်ဆန်းဟာ တိုင်းပြည်အကျိုးစီးပွားအတွက် ဘယ်တော့မှ ဦးစောကို မလိုစကား၊ အပြူအမူ၊ မလုပ်ခဲ့ဘူးကွ။ ခေါ်တာတောင် ..ဦးလေးစော ..လို့ခေါ်တာ၊ ဦးစော ရဲ့ကြိုးစားအားထုတ်ပုံတွေကို အမြဲချီးကျူးတယ် ၊ ကိုအောင်ဆန်းက တိုင်းပြည်မျက်နှာကိုကြည့်ပြီး ရိုးသားစွာဆက်ဆံခဲ့တယ် ။ဒါပေမယ့် တဘက်က ဦးစောကတော့ သူ့ အတ္တ တစ်မျက်နှာကိုပဲကြည့်တယ်။ သူ့ရာထူး၊ နေရာ၊နာမည်ဆိုတဲ့ လောဘကိုပဲကြည့်တယ်။"

"ကိုဘဆွေ ( ရန်ကုန်ဘဆွေ ) တို့ ဦးစောကို သေနတ်နဲ့သွားပစ်တော့ ဦးစောက ..ဒါ -ကိုအောင်ဆန်း ခိုင်းလို့လုပ်တာပဲ..လို့ တဘက်သတ်စွပ်စွဲတယ်။ တကယ်တော့ ကိုအောင်ဆန်းဟာ ဒီလို အကောက်ကြံတတ်တဲ့သူ မဟုတ်ဘူးဆိုတာ….တလောကလုံးသိတယ်။ ဦးစောလည်း သိတယ်။ သိကို သိတယ်။ ငါပြောနိုင်ပါတယ်။ တမင် လုပ်ကြံသတ်ဖြတ်ချင်လို့ ယိုးစွပ်ပစ်လိုက်တာပါကွာ။ "

"သမိုင်းသင်ခန်းစာကို ယူပါ။ မမေ့လျှော့ပါနဲ့.." လို့ ဗိုလ်မှုးအောင်ရဲ့ အသံတွေမှာ ဆို့နစ်ကြေကွဲသံတွေ ရောနှောထွက်လာခဲ့တယ်။ သူ့ရဲ့မျက်နှာပြင်ပေါ်မှာ ဆွေးမြေ့မှု့တ၀က်၊ ကရုဏာတ၀က်က ထင်ရှားစေခဲ့တယ်။

" ကောင်းပြီလေ… ငါ မစုနဲ့တွေ့မယ်… ငါတင်မကဘူး ။ ဒီ ငြိမ်းတဖွဲ့လုံးနဲ့တွေ့မယ် ။မင်းတို့စီစဉ်လိုက်…. ။ ပြောပြလိုက်ပေါ့ကွာ။ "

ကျနော်တို့ဝမ်းသာသွားကြတယ်။ ဗိုလ်မှုးအောင်ကို အားလုံးက ၀ိုင်းကန်တော့ကြပြီး ကျနော်တို့တတွေ အန်တီခြံကို အပြေးကို ရောက်လာခဲ့ကြတော့တယ်။
အန်တီက တခြားသူတွေနဲ့တွေ့နေလို့ ကြာနေတဲ့ အချိန်တွေတောင်မှ စိတ်မရှည်နိုင်တော့ဘူး၊ တခြားသူတွေနဲ့တွေ့ပြီးလို့...ထွက်လာလာခြင်းပဲ ကျနော်တို့ ရဲ့ ပွဲဦးထွက်အောင်မြင်မှု့ကို အားပါးတရပြောပြလိုက်တော့ အန်တီရဲ့မျက်နှာပေါ်မှာ အပြုံးတွေနဲ့……………..။

ကျနော်တို့တွေ့ဆုံတုန်းက မှတ်တမ်းတင်လာတဲ့ တိတ်ခွေကို အန်တီလက်ထဲ အပ်နှံခဲ့တယ်။ အန်တီက ချက်ခြင်းပဲ…

" ဘဘတို့ကို ပြောလိုက်ပါ… လူကြီးတွေက အန်တီ့ဆီ မလာပါနဲ့။ မသင့်တော်ပါဘူး ။အန်တီက အငယ်ပဲ… ။အန်တီက လူကြီးတွေရှိရာကို အရောက်လာပါ့မယ်လို့ ...။"

ဒါနဲ့ ကျနော်တို့ ဗိုလ်မှုးအောင်တို့ဆီကို အကြောင်းပြန်ရပြန်ပါတယ်။
ဒီလိုနဲ့ နေ့တစ်နေ့ကို သဘောတူခဲ့ပြီး .. အန်တီက ဗိုလ်မှုးအောင်အပါဝင် ဒီငြိမ်း အဖွဲ့ဝင် လူကြီးများကို သွားရောက် ဂါရ၀ပြူခဲ့ပါတယ်။

နောက်ထပ်တစ်ခါ ကျနော် ဗိုလ်မှုးအောင်နဲ့တွေ့ဆုံတဲ့ အခါမှတော့…….

" ငါ အသက်လည်းကြီးပြီ …. ငါသေသည့်အချိန်ထိ ..မစုကို ၀န်းရံပေးသွားမယ်.. ကူညီသွားမယ် ။"

ဗိုလ်မှုးအောင်ဟာ နောက်ဆုံး သေသည်အထိ ကတိတည်စွာ အန်တီစုကိုဝန်းရံပေးခဲ့ပါတယ်။ အန်တီနဲ့ပြန်ဆုံတွေ့တဲ့ အခါမှာတော့ အန်တီက ကျနော်တို့နဲ့ ဗိုလ်မှုးအောင်တွေ့ဆုံခဲ့တဲ့ အသံဖမ်းတိတ်ခွေကို နားထောင်ပြီးပြီမို့-----

" လူကြီးတွေ စိတ်ဆိုးကြတာ တခါတရံကြတော့လည်း ချစ်စရာတော့ အကောင်းသား … သူတို့မှာ စိတ်နဲ့ အခန့်မသင့်လို့သာ ။"

 တနေ့ ကျနော်တို့ အန်တီစုနဲ့တွေ့ကြတဲ့အခါ ပြောမိတာက----

" အန်တီ ...၊ အမေရိကန်သမ္မတ လင်ကွန်းက ပြောဖူးတယ်။"
"( The best way to destroy an enemy is to make him your friend.) ရန်သူကို အပြီးချေမှုန်းပစ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ မိတ်ဆွေဖွဲ့ခြင်းပဲ.." တဲ့ ။

နောက်ပြီး.. ဆရာကြီး ဒဂုန်တာရာကလည်း ပြောဖူးတယ်။
"နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ.."တဲ့ ။

"ဒါပေမယ့် ...ဗိုလ်ချုပ်အောင်ဆန်းဟာ ဦးစောကို နည်းမျိုးစုံနဲ့ မိတ်ဆွေဖြစ်အောင်ကြိုးစားပေမယ့် နောက်ဆုံး လုပ်ကြံသတ်ဖြတ်ခြင်းကိုသာ ခံလိုက်ရတယ်။ မိတ်ဆွေဖြစ် မသွားရှာဘူး။ ဒါကိုကျတော့ ဘယ်လိုနားလည်ရမလဲ ။" ဆိုတော့ ……အန်တီရဲ့တောက်ပတဲ့မျက်ဝန်းအစုံမှာ အဓိပ္ပါယ်တွေနဲ့ .. ခပ်ဆိတ်ဆိတ်လေး နားထောင်နေရှာတယ်။

ဘေးမှာရှိတဲ့ တပ်မှုးဟောင်းကြီးတွေရဲ့ရင်ထဲမှာ ပဟေဠိ ပုစ္ဆာတပုဒ်များ ဖြစ်သွားလေရော့သလား။

အန်တီစု အိမ်ရဲ့ဘေးမှာရှိနေတဲ့ အင်းယားကန်ကို ဖြတ်တိုက်လာတဲ့ လေပြေညှင်းလေးတွေရဲ့အသံကို ကြားနေရသလိုပဲ....................။

(မောင်မောင်ဝမ်း)

အပိုင်း ( ၅ ) ဆက်လက်တင်ပြပေးပါမည်။
-------------------------------------------------------------

ရသ


 " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း ( ၅ ) "

(မောင်မောင်ဝမ်း)

ကျနော်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့သူတွေကတော့တော်တော်များပါတယ်။ ဒီအထဲက အဓိကကျတဲ့ အကြောင်းအရာများနဲ့အတွေ့အကြုံများကိုပဲ ဦးစားပေးတင်ပြလိုပါတယ်။

နောက်ထပ်တစ်ခါ ၀ိဓူရ သခင်ချစ်မောင်လို့ လူသိများခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတစ်ယောက်နဲ့ ကျနော်တို့တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့သခင်ချစ်မောင်နဲ့ တွေ့ဆုံဖို့ ကို ခွင့်တောင်းတော့ အဆင်ပြေစွာပဲ တွေ့ခွင့်ပေးခဲ့ပါတယ်။ ကျနော်တို့ကို သူ့ပါတီက ဗဟိုအလုပ်အမှု့ဆောင်လူကြီးတချို့နဲ့ပါ တွေ့ဆုံပေးခဲ့တယ်။ သူတို့ဘ၀ သူတို့အတွေ့အကြုံတွေက ကျနော်တို့အတွက် စိတ်ဝင်စားဖွယ်ရာတွေ အများကြီးပါခဲ့ပါတယ်။ သူပြောတာတွေထဲမှာ သဘောကျတာလေးက ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ -လူမသိသေးတဲ့စကားတွေနဲ့ အကြောင်းရာလေးပါ။ (သိပ်တော့ မထူးဆန်းပါဘူး။) ဒါပေမယ့် လေးစားစရာကောင်းပါတယ်။ ချစ်စရာကောင်းပါတယ်။

တနေ့ ဗိုလ်ချုပ်နဲ့ သခင်ချစ်မောင်တို့ ဒို့ဗမာအစည်းရုံး ရုံးခန်းမှာဆုံကြတော့ (အဲဒီတုန်းက ဗိုလ်ချုပ်က သခင်ပေါက်စ ဘ၀ပဲ ရှိပါသေးတယ်။) ဗိုလ်ချုပ်က စာအုပ်တအုပ်ကို သေသေချာချာ လေးလေးနက်နက် ဖတ်နေရာကနေ မျက်စိ၊အကြောတွေ ညောင်းလို့ထင်ပါရဲ့ ။ ထလာပြီး ခါးကို ဟိုဘက်ချိုး ဒီဘက်ချိုး လုပ်ရင်း…..

" ကိုချစ်မောင်ရေ ..ခင်ဗျားကို ကျုပ်မေးခွန်းတစ်ခုမေးဦးမယ်ဗျာ.." ဆိုတော့ သခင်ချစ်မောင်က...

" မေးလေဗျာ .. ရပါတယ်…. ဘယ် နိုင်ငံရေး အယူအဆ အကြောင်း ဆွေးနွေးချင်လို့လည်းဗျ..." ဆိုတော့...ဗိုလ်ချုပ်က -

" လောလောဆယ်… အဲဒါတွေ မပါသေးဘူးဗျ …….။ ကျုပ်မေးချင်တာ … ကျူပ် ဒီပုံစံနဲ့ မိန်းမရော ရနိုင်ပါ့မလားဗျာ..။" ဆိုပြီး ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်တော့ သခင်ချစ်မောင်တောင် ရုတ်တရက် အံ့အားသင့်သွားတယ်။

ပြီးမှ သူက အလိုက်သင့်ပဲ--

" ခင်ဗျား လိုချင်ရင် … ရတာပေါ့ဗျာ… ဒါပေမယ့်… ခင်ဗျားက မိန်းမ ပိုးချိန်ရော ရလို့လား……."

" ပြောလည်း ခံရမှာပဲဗျ.. အဲဒီဘက်ကို မလှည့်အားဘူး … တခါတရံကျလည်း မိသားစုဘ၀လေးနဲ့ အေးအေးချမ်းချမ်းလေး နေကြည့်ချင်တယ်… ဘယ်လို နေမလဲ မသိဘူး။"

သခင်ချစ်မောင်ဟာ ကျနော်တို့ကိုပြောပြနေစဉ်မှာ အတိတ်ကို ပြန်လွမ်းဆွတ်နေပုံပါ။ ပြီးမှ သူကပဲ ဆက်ပြီး..

"ဘဘ ကိုယ်ချင်းစာပါတယ်။ လူပဲလေ ...လူ့ဘ၀ရဲ့အရသာကို ခံစားချင်တာပေါ့ … ဒါပေမယ့် သူ့မှာ နိုင်ငံတာဝန်တွေက ၀န်ထုတ်ဝန်ပိုးဖြစ်နေတော့ လူငယ်ဘ၀ လူငယ်အလုပ်တွေတောင် မလုပ်နိုင်ရှာဘူး။ အိမ်ထောင်ကျသွားတော့လည်း အိမ်ထောင်ရဲ့မိသားစုအရသာ ဘယ်လောက်ကြာကြာ ခံစားသွားရလို့လဲ။ သူ့ခမျာ ငယ်ငယ်လေးနဲ့ အသက်ဆုံးရှုံးသွားရရှာတယ်။"

သခင်ချစ်မောင်ဟာ ပြောပြောဆိုဆိုနဲ့ သူထိုင်နေတဲ့နေရာရဲ့နောက်ဘက်မှာ ဖန်ပေါင်းချောင်နဲ့ ထည့်ထားတဲ့ ကိုယ်တပိုင်းပြတ် ဗိုလ်ချုပ်ရုပ်ထုငယ် ပုံလေးကိုကြည့်ပြီး လွမ်းလွမ်းဆွတ်ဆွတ်ပြောပြနေစဉ်မှာ .. ကျနော်မျက်စိကစားကြည့်လိုက်တော့ ...တဘက်မှာလည်း လီနင် ကိုယ်တပိုင်းပြတ်ရုပ်ထုကို ဖန်ပေါင်းချောင်လေးနဲ့ ထည့်ထားတာကို တွေ့လိုက်ရတယ်။ ဒါတွေဟာ သခင်ချစ်မောင်ရဲ့ယုံကြည်ချက်နဲ့လေးစားမှု့ကို ဖော်ကျူးပြသနေတဲ့ သင်္ကေတတွေ ဖြစ်နေမှာ အသေအချာပါပဲ။

 " ဒေါ်အောင်ဆန်းစုကြည်ဟာ ဖအေတူသမီးပါ……။ ဖအေ့ခြေရာကို နင်းနိုင်ပါတယ်…။ ဘဘ သူ့ကိုယုံတယ်..။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အမျိုးသား လိုအပ်ချက်လမ်းစဉ်ကို ဒီကနေ့ အကောင်ထည်ဖော်ပေးနိုင်မှာ.. ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ .. ကျန်တဲ့သူတွေအဖို့ သိပ်မလွယ်လှပါဘူး….။ဘဘတို့လည်း ကြိုးစားခဲ့တာပါပဲလေ..။ ဒါပေမယ့် မဖြစ်ထွန်းခဲ့ပါဘူး…….။"

ကျနော်တို့အထဲက တစ်ယောက်က မေးခွန်းတခု မေးလိုက်ပါတယ်။

" ဘဘ... စစ်အစိုးရရဲ့နောက်ကွယ်မှာ ဦးနေ၀င်း ကြိုးကိုင်နေတယ်ဆိုတဲ့ ပြောဆိုသံများအပေါ် … ဘဘ ဘယ်လိုမြင်ပါသလဲ….။"

သခင်ချစ်မောင်က ချောင်းတစ်ချက်ဟန့်လိုက်ရင်း ဘေးနားမှာရှိနေတဲ့ ရှုဆေးဗူးလေးကို ကောက်ရှုတယ်….။

" ဒါကတော့သားရယ် ..။ ဘဘ အတတ်တော့ မပြောနိုင်ဘူးပေါ့…။ ဒါပေမယ့် ဥပမာပေးရရင်…. ချောင်းလေး တစ်ချောင်းရှိတယ်…။ ချောင်းရဲ့ ဒီဘက်မှာလည်း သမင်ခြေရာကို တွေ့နေရတယ် ။ချောင်းရဲ့တဘက်မှာလည်း ခြေရာကို တွေ့နေရရင် .. အဲဒါ ဘာဖြစ်လိမ့်မလဲ…။ ကိုယ်ကိုယ်တိုင် မမြင်သည့်တိုင်အောင်.. သမင်ဟာ စမ်းချောင်းကို ခုန်ပြေးသွားတယ် ဆိုတာ ပြောနိုင်ပါတယ်..။ ဒီလိုပါပဲ ။"

" ဘဘ ..အန်တီနဲ့တွေ့ဆုံမယ်ဆိုရင် .. ဘဘ သဘောထားဘယ်လိုရှိပါသလဲ…။ နောက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ် အပေါ်မှာ... ဘဘ ဘယ်လောက် ပူးပေါင်းပါဝင် ကူညီနိုင်ပါသလဲ ။" ဆိုတော့.........

" ဘဘ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချင်ပါတယ်…။ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကိုလည်း ဘဘ အကြွင်းမဲ့ယုံကြည်တယ်..။ ဘဘ အသက်နဲ့ ခန္ဓာရှိနေသရွေ့ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ကူညီပါ့မယ်။ "

ကျနော်တို့ရင်ထဲမှာ ပီတိတွေကိုယ်စီနဲ့…။

ဝိဓူရ သခင်ချစ်မောင် လို့ လူသိများတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးဆီက မမေ့နိုင်တဲ့ စကားလက်ဆောင်လေးတခ မှတ်သားမိခဲ့တယ်။အဲဒီ စကားလေးဟာ ကျနော့်ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။

အဲဒါကတော့ ........" လူထုကို ဘယ်သောအခါမှ အပြစ်မမြင်ပါနဲ့ ...တဲ့ ။ ဘယ်လိုအကြောင်းမျိုးနဲ့မှလည်း အပြစ်မမြင်ပါနဲ့.....တဲ့ ။လူထုဆိုတာ နိုင်ငံရေးလုပ်တဲ့ အမျိုး မဟုတ်ဘူး။သူတို့ကို နိုင်ငံရေး နားလည်အောင်လုပ်ပေးဖို့သာ လိုတယ်..တဲ့ ။ ကိုယ့်ဘက်ကို ခြေလေး တစ်ချောင်း ရပ်ပေးတယ်ဆိုရင်ကို တာဝန်ကျေပါတယ်...တဲ့။"

ဘယ်လောက်ကောင်းလိုက်တဲ့ စကားလဲ ဗျာ။

(လူထုဟာ ကိုယ့်နောက်က မပါလို့..နောက်က မလိုက်လို့ ဆို ပြီး ဒေါသပြင်းထန်နေသူများ ...မှတ်သားသင့်တဲ့ အဆိုအမိန့်တခုပါ။)

တခါတုန်းက ကျနော် ဖတ်ကြည့်ဖူးတဲ့ (Our daily bread)ဆိုတဲ့ ခရစ်ယာန်ဘာသာရေးစာအုပ်ထဲက အမေရိကန် သမတဟောင်း ဂျော့ဝါရှင်တန် ပြောသွားတဲ့စာသားလေးကိုလည်း ပြန်ပြောင်းသတိရမိတယ်……။

"သင်မှန်တာလုပ်နေသမျှ ကာလပတ်လုံး.. သင့်ရဲ့ဘေးမှာ လူအုပ်ကြီး မမြင်ရလို့ စိတ်ဆင်းရဲနေသလား၊ သင်မမြင်ရတဲ့ ဖြူစင်တဲ့စိတ်ဝိညာဉ်တွေ သင့်မျက်စိတဆုံးမှာ ရှိနေပါတယ်..." တဲ့ ။


ကျနော်တို့ ကျောင်းသားတွေ အကုန်လုံး သခင်ချစ်မောင်ကို ၀ိုင်းကန်တော့ကြပြီး ပြန်လာခဲ့ကြတယ်။

နောက်ရက်တွေမှာတော့ အန်တီစုဟာ သခင်ချစ်မောင် ရှိရာ အိမ်ကို သွားရောက်ပြီး ဂါရ၀ပြူ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်ကို ဗွီဒီယိုရိုက်ပြီး သခင်ချစ်မောင်တို့ အဖွဲ့ ဖြန့်ခဲ့တာ အဲဒီကာလက တော်တော်ပြန့်နှံ့ခဲ့ပါတယ်။

ဒီလိုနဲ့ ကျနော်တို့ ကျောင်းသားလူငယ်တွေဟာ အစဉ်လာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးများကို ဂါရ၀ပြုဖို့ အစီအစဉ်တွေကို စတင်ရင်းနဲ့ဆက်လက် အကောင်ထည်ဖော်ခဲ့ပါတယ်။

တကယ်တော့ ဂါရ၀ပြုခြင်းရဲ့နောက်မှာ ညီညွတ်ခြင်း၊သင့်မြတ်ခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံအကျိုးကို သယ်ပိုးနိုင်ခြင်းဆိုတဲ့ ရည်ရွှယ်ချက်များလည်း ပါ ပါတယ်။

ကျနော်တို့ အတိုက်အခံနိုင်ငံရေးလောကထဲမှာကို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့ မရအောင် မုန်းတီးခြင်းတွေနဲ့ ရင်ဆိုင်နေတဲ့သူတွေ ရှိပါတယ်။ အဲဒီလိုဖြစ်ရပ်တွေကို ပြေလည်ဖို့  ဆိုတာ ဒီနည်းလမ်းက လျော်ကန် အသင့်မြတ်ဆုံးပဲ..လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကျနော်တို့ အဖွဲ့ထဲက ကျောင်းသားတွေဟာ တက္ကသိုလ်များ ဓမ္မာရုံကို ဂါရ၀ပြူပွဲ အခမ်းအနားကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သက်ဆိုင်ရာ တက္ကသိုလ် အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူး။ ကျနော်တို့ တော်တော်လေး အကြံအိုက်သွားကြတယ်။ ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်နေခဲ့ရာက --- ကျနော်တို့ထဲက တစ်ယောက်က အကြံပြုလာပါတယ် --။

" ဒေါ်အောင်ဆန်းစုကြည်ခြံထဲ လုပ်ခွင့်ရရင် မကောင်းဘူးလား.."တဲ့ ။"ကြိုးစားကြည့်ကြရအောင်.."တဲ့ ။

ကျနော်တို့ ရင်ထဲမှာ အလင်းစလေး တစ်ချက် လင်းလက်သွားတယ်။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အန်တီ့ကို တင်ပြကြည့်မယ်ဆိုပြီး.. တနေ့မှာတော့ အန်တီ့ကို ပြောပြကြတယ်---။

အန်တီက ချက်ချင်းပဲ သဘောပေါက်သွားသလား မသိဘူး။ ဒါပေမယ့် ချက်ချင်းတော့ မတုန့်ပြန်ခဲ့ဘူး။

"သူတို့ လူကြီးတွေ ဆွေးနွေးလိုက်ဦးမယ် " ဆိုလို့ ကျနော်တို့ကို နောက်ထပ် ၃ ရက်လောက် အစောင့်ခိုင်းခဲ့တယ်။ ကျနော်တို့က အန်တီ့ကို တင်ပြခဲ့တာ .."အန်တီကသာ ခြံထဲမှာ လုပ်ခွင့်ပေးပါ။ ကျန်တဲ့ကုန်ကျစရိတ် ကျနော်တို့ခံပါ့မယ်.." လို့ဆိုတော့ အန်တီက ကျနော်တို့ကို ခပ်ထေ့ထေ့လေး ပြုံးကြည့်တယ်။
(အဲဒီအပြုံးဟာ အဓိပ္ပါယ်ရှိမှန်း နောက်မှသိလိုက်ရပါတယ်။)

 နောက် ၃ ရက်လောက်အကြာမှာတော့ အန်တီက ကျနော်တို့ကို သူ့ခြံဝင်းအတွင်းမှာ အခမ်းနားလုပ်ဖို့ ခွင့်ပြူခဲ့တယ်။ ကျနော်တို့ တော်တော်ပျော်သွားကြတယ်---။ အန်တီကကျနော်တို့ကိုကြည့်ပြီး ပြုံးရင်း လှမ်းမေးလိုက်တယ်--။

"အဆောက်ဦ ဆောက်ရင် ပိုက်ဆံက တော်တော်ကုန်မှာ ---။ သားတို့ ဘယ်လို စီစဉ်ထားသလဲ.." တဲ့---။

ကျနော်တို့အားလုံး ရုတ်ကနဲ ငြိမ်သွားပြီး.. တစ်ယောက်နဲ့တယောက် ကြည့်နေမိတယ်။

" အန်တီ သဘောပေါက်ပြီးသားပါ..။ သားတို့ကျောင်းသားတွေ ဘယ်ကလာ ၀င်ငွေရှိမှာလဲ။ အခု အဆောက်အဦက ဆောက်မယ်ဆို ပိုက်ဆံက တော်တော်ကုန်ကျမှာဆိုတော့ အန်တီတို့ပဲ အကုန်ကျခံပါမယ်။"

ကျနော်တို့အရှက်ပြေ ရိုးတိုးရွတ ဖြစ်ကုန်ကြတယ်။ အခုမှ သဘောပေါက်မိလိုက်တာက ဟိုတနေ့က အန်တီ ကျနော်တို့ကို ခတ်ထေ့ထေ့လေး ပြုံးကြည့်တာ ဒါ့ကြောင့်ကိုး။ ကျနော်တို့အကြောင်းကို အန်တီက ရှေ့ကြို တွေးထားပြီးသား။

တကယ်တော့ ကျနော်တို့က လုပ်ချင်ဇောကြောင့်သာ အာမ ဘန္တေခံပြီး ပြောခဲ့ကြတာ။ လက်တွေ့မှာ ဒီ ကုန်ကျငွေ ရှာဖို့ ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စပါ။

ဒီလိုနဲ့ ကျနော်တို့ သင့်မြတ်ရေးလမ်းစဉ်ကိစ္စကို ဆက်လက်ဆွေးနွေးခဲ့ကြတယ်။ ကျနော်တို့လုပ်ဆောင်ခဲ့တဲ့ကိစ္စများကိုလည်း လူကြီးတွေနဲ့ တိုင်ပင်ဆွေးနွေး ၊ အမြင်တွေ ဖလှယ်ရင်းက -- ကျနော်တို့ထဲက ကျောင်းသားတယောက်က -- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ=တ-စ-ည (၈လေးလုံးအရေးတော်ပုံကြောင့် ဖျက်သိမ်းပေးလိုက်ရတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ=မဆလ မှ နာမည်ပြောင်းလိုက်သောပါတီ) ကို ဖိတ်ခေါ်ရန် ကိစ္စကို ဆွေးနွေးကြတော့ .. အားလုံးက သဘောတူခဲ့ကြပါတယ်။

 နောက် တယောက်က မေးခွန်းတခု ထမေးလာပါတယ်---။

" ဒါဆို ဦးနေ၀င်းကိစ္စကိုရော ဘယ်လိုစဉ်းစားမလဲ "

ဆိုတော့.. ဒီမေးခွန်းကို ကျနော်တို့ ရင်တုန်မိတာ အမှန်ပါ..။ ကျနော်တို့ အဆုံးဖြတ် မပေးရဲပါဘူး..။

ဒီအချိန်မှာပဲ ဘဘ ဦးတင်ဦးက ထပြောလာပါတယ်…။

" ဦးနေ၀င်းကို ဖိတ်ခေါ်ဖို့ ကိစ္စက မူအရ ကမ်းလှမ်းရမှာပဲ..။ လက်ခံတာ...လက်မခံတာက သူ့အပိုင်းပေါ့ " ဆိုတော့ ဦးအောင်ရွှေက ဦးတင်ဦးရဲ့ အဖြေကို ထပ်ဆင့် ထောက်ခံခဲ့ပါတယ်။

အန်တီကတော့ လူကြီးတွေရဲ့အကြံပြုချက်များကို ခပ်မဆိတ်လေးပဲ နားထောင်နေရှာတယ်။

ဘဘ ဦးတင်ဦးက ပဲ ဆက်လက်ပြီး………

" အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဟိုလူတော့ လာ၊ ဒီလူတော့ မလာနဲ့..လို့ ခွဲခြားလို့ မရကောင်းဘူး…..။ ဦးနေ၀င်းဟာလည်း သမိုင်းမှာ တာဝန်ရှိသူတယောက်ပဲ။ သူ့ကို ကမ်းလှမ်းသင့်တယ် …။ နောက်ပြီး နအဖ ခေါင်းဆောင်ပိုင်းတွေလည်း ကမ်းလှမ်းရမှာပဲ…။ လက်ခံခြင်း လက်မခံခြင်းက ကာယကံရှင်များရဲ့အခန်းကဏ္ဍပဲ...။"

ကျနော်က ဘဘ ဦးတင်ဦး ပြောအပြီးမှာ မေးခွန်းတခု မေးမိတယ်.....။

" ကျနော်တို့ ကျောင်းသားများအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မူအရ အားလုံးကို ကမ်းလှမ်းပါမယ်…။ ဒါပေမယ့် ပြဿနာက တစည ပါတီ ရယ် ...ဦးနေ၀င်းရယ် .....နအဖ စစ်ခေါင်းဆောင်တွေရယ်.....ကို ဖိတ်ခေါ်ကမ်းလှမ်းရမယ်ဆိုတာကို ...ကျန်တဲ့ အင်အားစုတွေက ၀ိုင်းဝန်းပြစ်တင်ကြရင် ......ကျနော်တို့ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ....။" ဆိုတော့ ဦးကြည်မောင်က စကားလုံးဝ မပြောဘဲ နားထောင်နေရာကနေ ၀င်ထောက်ပေးလာတယ်….။

" မူအရ လုပ်တဲ့ကိစ္စပဲ..။ အားလုံးနားလည်လာမှာပါ ။"

ကျနော်တို့ရင်ထဲမှာတော့ လူကြီးတွေရဲ့အားပေးသံတွေကြောင့် လိပ်ပြာလုံခြုံခဲ့ပါတယ်။

အဲဒီအချိန် ငြိမ်ငြိမ်လေးနားထောင်နေတဲ့ အန်တီက---
" လုပ်ရပ်တိုင်း..လုပ်ရပ်တိုင်းမှာ ရည်ရွှယ်ချက်နဲ့ စေတနာမှန်ဖို့ အဓိကပါ..။ အထင်မှားခဲ့ရင်လည်း တဖြေးဖြေးချင်း နားလည်သဘောပေါက်လာမှာပါ ။"


အားလုံးစက္ကန့်ပိုင်းမျှ ငြိမ်သက်သွားကြတယ်။ အတွေးကိုယ်စီနဲ့.....။

ထိုင်နေရာက ညောင်းလို့ ဟန်ချက်ပြောင်းထိုင်တဲ့ အသံမှတပါး.... (တဖျတ်ဖျတ်ရိုက်နေတဲ့ ကင်မရာခလုတ်အသံလေးတွေက အခန်းတွင်းမှာ လူးလာပြေးနေကြတာက လွဲလို့…) တိတ်ဆိတ်သွားနေတဲ့ အချိန်မှာပဲ…….အန်တီက အေးအေးဆေးဆေး ၀င်ပြောပါတယ်။

" ဖေဖေ့တုန်းကလည်း ဒီလိုပါပဲ..။ သူဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တိုင်းအပေါ် အားလုံးက တပြိုင်နက်ထဲ ထောက်ခံခဲ့တာမှ မဟုတ်တာ..။သဘောကျတဲ့သူတွေ ရှိသလို.. ကန့်ကွက်တဲ့သူတွေ ရှိနေမှာပဲ..။ ဒါဖြစ်စဉ်ပဲလေ…..။
ဖေဖေဆို ဘယ်လောက် ရင်ဆိုင်ခဲ့ရသလဲဆိုတာ ဘဘတို့ ( ဦးတင်ဦး၊ဦးအောင်ရွှေ၊ဦးကြည်မောင် ၊ ဦးလွင် တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။)ဆို အသိဆုံးပါ။
အန်တီ မှတ်မိနေသေးတယ်…အိမ်မှာဖေဖေက စာတန်းတောင် ချိတ်ဆွဲထားတာ ..။ ရိုးရိုးလေးပါ..။

" ကိုယ်ကောင်းရင် ခေါင်း ဘယ်မှ မရွေ့ဘူး...တဲ့။"


အဲဒီနေ့က အန်တီရဲ့ ခြံရှေ့ဟောပြောပွဲလုပ်မယ့်နေ့ ဖြစ်တဲ့အပြင် ဟောပြောပွဲစဖို့ကလည်း အချိန်က နီးကပ်လာပြီမို့… ကျနော်တို့ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့တယ်။
ကျနော်တို့ အန်တီ့ အိမ်ထဲက ထွက်လာတော့ အိမ်ရှေ့မှာ ဟောပြောပွဲက စခါနီးနေပြီ၊ လူတော်တော်များများ တံခါးပေါက်ရှေ့မှာ ပိတ်နေလို့ တောင်းပန်ပြီး ကျော်ခွထွက်လာခဲ့ရတယ်။ မျက်နှာချင်းဆိုင် လမ်းတဘက်မှာရှိတဲ့ အိမ်ကြီးထဲမှာတော့ ထောက်လှမ်းရေးများကလည်း နေရာယူလို့ စတော့မယ့် ဟောပြောပွဲအတွက် ဗွီဒီယိုရိုက်ဖို့ ပါ။ လူတွေက တဖွဲဖွဲ၊ ယာဉ်ထိန်းရဲတွေက လမ်းဘေး တဘက်တချက်ကို သံဆူးကြိုးတွေနဲ့ ကာထားတဲ့ အတွင်းပိုင်းမှာ ယာဉ်တန်းတွေကို လက်ပြနေတယ်။ အန်တီ ထွက်လာတယ်ဆိုရင်ပဲ......

 " ဒေါ်အောင်ဆန်းစုကြည်………… ကျန်းမာပါစေ .."

ထပ်ခါ.. ထပ်ခါ ဆိုတဲ့ သံပြိုင် အော်ဟစ် ဆုတောင်းပေးသံတွေက မိုးထိ ညံတက်သွားတယ်။

အန်တီက လက်လေးဝှေ့ရမ်း၊ အပြုံးတွေနဲ့နှုတ်ဆက် ……..။
ခေါင်းပေါ်မှာလည်း ပန်းတွေ ဝေဆာလို့………..။

ဘေးတဘက်တချက်မှာတော့ တချိန်က မြန်မာ့တပ်မတော်ရဲ့ကာကွယ်ရေးစစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦး ၊ နောက်တစ်ယောက်က စစ်တိုင်းမှုးတာဝန်ကိုယူခဲ့တဲ့ ဗိုလ်မှုးကြီးကြည်မောင် ………။

သူတို့နှစ်ယောက်က ခြံစည်းရိုး တံခါးပေါ်က ငေါထွက်နေတဲ့ သံတိုင်လေးတွေကို ဘယ်ညာဆုပ်ကိုင်ထားရင်း .. မျက်လုံးတွေကတော့.. လူထုကြီးဆီကို ဖြန့်ဝဲလို့………။

" ကျမကို မေးလာတဲ့မေးခွန်းလေးက … ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလုပ်လို့ အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့ အခါ … ကြောက်ရွံ့စိတ်ဖြစ်ပေါ်တတ်ပါသလား....တဲ့ ။ သိပ်ကောင်းတဲ့မေးခွန်းလေးပါ " …။

အန်တီဟာ သူဖတ်လိုက်တဲ့ စာရွက်လေးကို ကိုင်ထားတဲ့လက်ကို ဘေးကို ချလိုက်ရင်း… ပရိသတ်ကို ပြုံးကြည့်လိုက်တယ်…..။ ညာဘက်လက်က မိုက်ကရိုဖုန်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း….

" ကျမဟာ.. သာမန်လူသားပါ..။ ကြောက်စရာနဲ့တွေ့ရင်… ကြောက်တတ်တာပေါ့…..။" (လက်ခုပ်သံများ)

"........ကိုယ်ယုံကြည်တဲ့ အလုပ်တွေကို လုပ်တဲ့အခါ တခါတလေ.. ကြောက်ကြောက်နဲ့လုပ်ရတဲ့ အခါလည်းရှိပါတယ်…။ကြောက်နေတယ်ဆိုတာ တခါတလေ့ အကျင့်လည်းဖြစ်တတ်တယ်…..။ဒါပေမယ့် အမြဲတန်း ကြောက်နေရင် အကျင့်ပါသွားတတ်တယ်…..။" (လက်ခုပ်သံများ )

"…………သတ္တိအစစ်မှန်ဆိုတာ ကြောက်လျှက်နဲ့မှန်တာကို လုပ်ရဲတာပဲ "

ပရိသတ်ကြီးဟာ ငြိမ်သက်စွာနဲ့  အန်တီစုရဲ့ စကားလုံးတွေကြားမှာ နစ်မျောသွားတယ်..။
တခါတရံ ကုက္ကိုင်းလမ်းမကို ဖြတ်မောင်းလာတဲ့ကားတွေရဲ့ ဟွန်းသံတွေ ထွက်ထွက်လာတာကတော့ .. စိတ်အာရုံကိုအနှောက်အယှက်ဖြစ်သွားစေခဲ့တာအမှန်ပါ..။ သို့သော်လည်း သူတို့လည်း သူတို့ခရီးကို သူတို့သွားကြတာဆိုတော့ … နားလည်ပေးလိုက်ကြပြန်ပါတယ်….။

" ဒီခေတ်မှာဆိုလို့ ရှိရင် မှန်တာလုပ်သူတွေ အများကြီး အချုပ်အနှောင်ခံရတယ်…။ အများကြီး ဒုက္ခအပေးခံရတယ်….။ ဒါပေမယ့်လည်း မှန်တာမို့လို့ဆိုပြီး.. လုပ်ရဲတဲ့သတ္တိ မွေးဖို့ လိုတယ်…….။" (လက်ခုပ်သံများ)

လက်ခုပ်သံတွေတောင် မဆုံးခင်မှာ ကားတစ်စီးက ဖြတ်မောင်းလာပြီး ဟွန်းသံကို မနားတမ်း ပေးတယ်။ လမ်းပေါ်မှာ ကားတွေက သိပ်ညှပ်နေတာလည်း မဟုတ်ဘဲနဲ့ .....အန်တီစုနဲ့ မျက်နှာချင်းဆိုင်နားလောက်ရောက်တော့ ကားကို ဖြေးဖြေးလေးမောင်းလာပြီး ဟွန်းသံကို လုံးလုံးမရပ်ဘူး၊

အန်တီစုလည်း စကားဆက်ပြောလို့ မရတော့ဘူး။နားထောင်နေတဲ့လူအုပ်ကြီးက ပွစိပွစိဖြစ်ကုန်တော့မှ ကားကိုမောင်းပြေးတယ်။ မကြာခင်မှာပဲ အလားတူ ဟွန်းသံရှည်ဆွဲလာတဲ့ ကားတစ်စီး၊ နောက်ထပ် တစ်စီး….. နောက်ထပ်…….နောက်ထပ်…….။

အားလုံးအတွက် စိတ်အနှောက်ယှက် ဖြစ်စေခဲ့တာတော့အမှန်ပါ..။ဒါပေမယ့် အန်တီစု အပါအ၀င် လူထုကြီးက စိတ်ရှည်ရှည်နဲ့ သည်းခံရှာပါတယ်။ အဲဒီလို အဖြစ်ပျက်တွေက ဟောပြောပွဲကာလ အချိန်တွေ မှာ နေ့စဉ်နဲ့ ဆိုသလို ကြုံတွေ့ခဲ့ရတာပါ။

တခါ စစ်ထောက်လှမ်းရေးတွေဟာ တာဝန်အရ လူတွေကို အရက်မူးအောင်တိုက်ပြီး လူအုပ်ကြီးကြားထဲ လွှတ်လိုက်တယ်။ အရက်မူးသမားတွေက လူအုပ်ကြီးကို စိတ်အနှောင့်ယှက်ဖြစ်အောင်လုပ်တော့တာပဲ။ သို့သော်လည်း NLD က လုံခြုံရေးယူပေးနေတဲ့ လူငယ်တွေက ဘယ်တော့မှ သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်း မပြုမူခဲ့ဘူး ။ အဲဒီလိုလူတွေကို အသာပဲ ခေါ်ပြီး လူအုပ်ကြီးနဲ့ဝေးရာကို သွားပို့လိုက်တယ်။

စဉ်းစားကြည့်မိတယ်။ တကယ်လို့ ဒီနေရာမှာ နအဖရဲ့ စစ်ဗိုလ်ချုပ်တစ်ဦး မိန့်ခွန်းပြောခဲ့ချိန် ဖြစ်မယ်ဆိုရင်.. ဒီလိုလုပ်လို့ရနိုင်မလား…။ ချက်ခြင်းကို ထောင်ထဲပို့ပစ်လိုက်မှာ အမှန်ပါ။


အမှန်တရားတစ်ခုရှိတယ်.. ။
"စိတ်နဲ့တန်သော ဘ၀...." တဲ့။

"စိတ်ကောင်းရင်---ဘ၀ကောင်းမယ်။

စိတ်မြင့်ရင်------ဘ၀မြင့်မယ်။

စိတ်ယုတ်ရင်---ဘ၀ယုတ်မယ်။

စိတ်ကောက်ရင်----ဘ၀ကောက်မယ်။"


ဒီလိုယုတ်မာမှု့တွေရှိသလို အင်မတန်မှ မြင့်မြတ်ဖြူစင်တဲ့နှလုံးသားပိုင်ရှင်များကိုလည်း ဟောပြောပွဲ အပြီးမှာ တွေ့ရပါတယ်။ အဲဒါကတော့ ဟောပြောပွဲပြီးလို့ ကျန်ရစ်ခဲ့တဲ့ အမှိုက်သရိုက်တွေကို လိုက်လံရှင်းလင်းပေးတဲ့ NLD ပါတီဝင်များအပါဝင် လူပုဂ္ဂိုလ်အချို့ပါ။

သူတို့ကိုဘယ်သူကမှခိုင်းတာမဟုတ်ဘူး။ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ကူညီကြတာ ၊ ဘာအကျိုးစီးပွားမှ မမျှော်လင့်ဘူး ။ ကိုယ့်စရိတ်နဲ့ကိုယ် လာတယ်၊ သူတို့တတ်နိုင်တဲ့အားနဲ့ ကူညီကြတယ်………။

ဘယ်လောက်ချစ်စရာ…လေးစားစရာကောင်းတဲ့ဆောင်ရွက်မှု့တွေလည်းဆိုတာ ….. စဉ်းစားကြည့်ရအောင်ပါ.....။

( မောင်မောင်ဝမ်း )

အပိုင်း ( ၆ ) ဆက်ပါဦးမည်။.........


 

                        

ရသ


" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း (၆) "


(မောင်မောင်ဝမ်း)


"တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ထောက်ခံမှု့နဲ့ အုပ်ချုပ်တာပဲ ဖြစ်ရမယ်။ လက်နှက်အားကိုးနဲ့ အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာကို မွေးကတည်းက ကျမကိုသင်ထားလို့ သိခဲ့တဲ့ သင်ခန်းစာပါပဲ။ "

အန်တီပြောခဲ့တဲ့ စကားလေးပါ၊

တနေ့ အန်တီနဲ့တွေ့ကြလို့ ပြောခဲ့တဲ့စကားတွေကိုလည်း နားထဲကြားယောင်နေဆဲပါပဲ။ ----

" အန်တီ စဉ်းစားကြည့်မိတယ်… အန်တီတို့ လူမျိုးတွေက အာဏာနဲ့သိပ် အယဉ်ပါးမခံနိုင်ဘူး ..။ နိုင်ငံတော်အာဏာက စလို့ .. သေးသေးငယ်ငယ် အဆင့်ထိ အာဏာနဲ့ထိတွေ့မိပြီဆို ပျက်စီးသွားကြတာများတယ်..။ ဥပမာ လူတယောက်ဒုတ်ကိုင်ထားတယ်ဆိုရင်တောင်..သူက ဒုတ်ရှိတဲ့အာဏာနဲ့ယစ်မူးသွားချင်တာ..လူတွေတွေ့ရင်ရိုက်ပစ်၊ နှက်ပစ်လိုက်ချင်တာ…အဲဒါတွေကို ပြုပြင်နိုင်ရမယ်၊

အဲဒီလိုပြောတော့ ကျနော်ကအဖြစ်အပျက်တွေကိုသွားသတိရမိတယ်။ ကျနော်တို့ကျောင်းသားတွေက အန်တီ့အိမ်ကို အ၀င်အထွက် အရမ်းများတော့ အန်တီ့ အိမ်ရှေ့မှာ တားဆီးစစ်ဆေးတဲ့ ထောက်လှမ်းရေးတွေက တော်ရုံဆို သိပ် မစစ်ဆေး မမေးမြန်းတော့ပါဘူး။ ဒါကလည်း တာဝန်အရကိုး။


အန်တီကိုယ်တိုင်က နေအိမ်အကျယ်ချုပ်က လွတ်လာတော့ သူ့လုံခြုံရေးအတွက် ခွင့်ပြုထားတာဆိုတော့ သူတို့မှာတာဝန်ရှိတယ်။ အန်တီ့ အိမ်ကို ၀င်လာသူမှန်သမျှ အစစ်ဆေးခံရတယ်။ ဓါတ်ပုံရိုက်ယူတယ်။
(တနည်းအားဖြင့် ထောက်လှမ်းရေးက အန်တီနဲ့ဆက်စပ်သူ မှန်သမျှ မှတ်တမ်း အသေအချာယူတာလည်း ပါမှာပါ -။ လုံခြုံရေးအရဆိုတော့လည်း ဘယ်သူပြောသာမှာလဲ)။

တနေ့ အဲသလိုပဲ ကျနော်တို့ထဲက ကျောင်းသားတစ်ယောက်ကို စစ်ဆေး၊ ဓါတ်ပုံရိုက်တော့ သူက ဒေါသူပုန်ထပါလေရော……။

" ကျုပ်တို့က အန်တီက ခွင့်ပြုထားလို့ လာကြတာဗျ ၊ ချစ်လို့ လေးစားလို့ အလုပ်တွေ အတူတူတွဲလုပ်ဖို့လာကြတာ။ သတ်ဖို့ လာတာမဟုတ်ဘူး " ဆိုတော့ လုံခြုံရေးတာဝန်ရှိသူက---

" ခင်ဗျား ..ဒေါ်အောင်ဆန်းစုကြည် ကို မလုပ်ကြံပါဘူးလို့ ဘယ်လိုအထောက်အထားနဲ့.. ယုံကြည်ရမလဲ.. ။တခုခုဖြစ်သွားရင် ကျုပ်တို့က ဘ၀နဲ့ရင်းရမှာ..။ တာဝန်အရ စစ်ဆေးမှု့ကို မခံနိုင်ရင်.. မ၀င်ပါနဲ့။"

စကားလုံး လှလှလေးနဲ့ ဟန့်တားလိုက်ခြင်းပါ။ ကျနော်ကပဲ ကြားက၀င်ပြီး ၊ အမောင် ကျောင်းသားကို မေတ္တာရပ်ခံရတော့တယ်။ ကျနော်တို့ထဲက ကျောင်းသားကလည်း .. မလိုအပ်ဘဲနဲ့ မပြောပ လောက်တဲ့ ပါဝါကို ထုတ်သုံးချင်တယ်။(သူ့ကို ယုံယုံကြည်ကြည် ၀င်ခွင့်ပေးထားတဲ့ ပါဝါပေါ့ )။ တဘက်ကလည်း စောစောကပြောတဲ့စကားတွေကို တဘက်သားလက်ခံချင်လာအောင် မပြောဘဲ ၊ အထက်အရာရှိက အောက်လက်ငယ်သားကို ငေါက်တဲ့လေသံနဲ့ပြောတော့ ..မလိုအပ်တဲ့ပြဿနာကို ရှင်းရတော့တာပါပဲ။

အသေးစားကိစ္စလေးဆိုတော့ အာဏာလို့ မမြင်ကြဘူး။တကယ်တော့ အာဏာဆိုတာ လုပ်ပိုင်ခွင့်ပဲ ။ အင်္ဂလိပ်လိုမှာတော့ ( power )ပေါ့။ အဲဒါကို သွားသတိရမိတယ်။ အန်တီ့ခြံရှေ့ အ၀င်တံခါးနဲ့ကပ်လျှက်နားမှာ အဆောက်ဦငယ်လေးတစ်လုံးကို လုံခြုံရေးအရဆိုပြီး ထောက်လှမ်းရေးက တာဝန်ပေးထားတဲ့သူတွေနေဖို့ အန်တီက ခွင့်ပြုထားတယ် ။ အဲဒီဘေးဘက်နားမှာတော့ လက်နှက်ကိုင် အစောင့်အရှောက်ရဲဘော်တချို့နေကြတယ် ။

သူတို့ကိုတော့ မြင်ကွင်းမှာ မနေဘို့ အန်တီက မေတ္တာရပ်ခံထား သလား မသိဘူး ။လူမြင်ကွင်းရှေ့မှာ သိပ်မနေကြဘူး။ အဲဒီထဲမှာတောင်မှ သဘောထားပျော့ပြောင်းသူတွေ ပါသလို တင်းမာသူတွေလည်း ပါကြတယ်။ တခါတရံ အန်တီ့ဆီလာကြတဲ့သူတွေကို (လုံခြုံရေးဘန်းပြပြီး) တော်တော် မဖွယ်မရာပြုမှုဆက်ဆံတာတွေနဲ့ဆုံရပါတယ်။ အဲဒီလိုပြဿနာက ခဏခဏ ဆိုသလိုဖြစ်တာ ။

နောက်တော့ အန်တီက လုံခြုံရေးတာဝန်ခံ ဗိုလ်မှုးသူရ ( သူကလည်းထောက်လှမ်းရေးက အရာရှိတဦးပါပဲ။ ) နဲ့ညှိနှိုင်းလိုက်မှ နောက်ပိုင်း တော်တော်အဆင်ပြေသွားတော့တယ်။ အန်တီက ခရီးစဉ်တခုသွားတော့မယ်ဆို ပထမဦးဆုံး-- စောစောကပြောတဲ့ ထောက်လှမ်းရေးမှုး (သို့်)လုံခြုံရေးအရာရှိပေါ့ ။သူ့ကို ပြောရတယ် ။ သူက လမ်းကြောင်းစီစဉ် လုံခြုံရေးပေးပေါ့ ။(ကျနော်မြင်သလောက်ပြောရရင် အဲဒီအချိန်က အန်တီ အနေထားက ပုံသဏ္ဍာန် ၂ မျိုးလိုဖြစ်နေတယ် ။) တမျိုးက ဘယ်သွားသွား- အကျယ်ချုပ်ပုံစံနဲ့သွားလာရတာမျိုးဖြစ်ပြီး၊နောက်ပုံသဏ္ဍာန်တမျိုးက လက်ရှိအာဏာရ နိုင်ငံအကြီးအကဲပုံစံမျိုး ၊ အန်တီနဲ့ သွားလေရာ ပါသွားတတ်တဲ့ လူငယ်အချို့ပြောပြတာကတော့ အန်တီခရီးစဉ်သွားပြီဆို လမ်းကြောင်းရှင်းထားတာမျိုး ၊ မီးပွိုင့်တွေ နီထားတာမျိုးတွေ လုပ်တယ်။



ဒါပေမယ့် အန်တီဟာ ဘယ်တော့မှ ဘယ်သူ့ကိုမှ မောက်မောက်မာမာ အထက်စီးကနေ ဆက်ဆံတယ်ဆိုတာတော့ ကျနော်တို့ မကြံဖူးဘူး ။သူ့ခြံထဲမှာလာနေတဲ့ စစ်သားတွေ၊ ရဲတွေကိုတောင်မှ လေးလေးစားစား ဆက်ဆံတတ်တယ်။ နောက်တစ်ခုက အန်တီဟောပြောပွဲမှာ ပြောတဲ့စကားတွေကို တော်တော်များများ ဌာနဆိုင်ရာ အကြီးအကဲတွေဆို ရင်တုန်စွာ နားစွင့်နေကြရတာ ။ (ဥပမာ) နေရာတခု၊ဌာနတခုရဲ့မမှန်မကန်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို လူထုက တင်ပြမေးခွန်းမေးလို့ အန်တီက ထင်မြင်ချက်ပေးပြန် ဖြေမိပြီဆို ၊ အဲဒီ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ အနိမ့်ဆုံး စစ်ဆေးမေးမြန်းခံရမယ် ၊ တချို့ဆို အရေးယူခံရတာတွေတောင်ရှိတယ်ဆိုတာ ပြန်သိရပါတယ်။

ဒါပေမယ့် အန်တီစုဟာ အဲဒါတွေအပေါ်မှာ ကျေနပ်နေတာ (လုပ်ခွင့်သာတုန်း ဖိထောင်းလိုက်မယ်ဆိုတာမျိုး) ဘယ်တော့မှ မရှိခဲ့ဘူး။အဲဒီသဘောကို ကြည့်ရင်တောင်မှ ပါဝါရဲ့သဘောကို ခံနိုင်ရည်ရှိသူနဲ့ မရှိသူရဲ့ခြားနားမှု့ကို သိနိုင်ပါတယ်။ ဒါကတော့ အန်တီစုရဲ့နှလုံးသားပုံရိပ် တစိတ်တဒေသကို လေ့လာနိုင် ဖို့ တင်ပြပေးတာပါ။



ဒီလိုနဲ့ အန်တီစုရဲ့ခြံဝန်းအတွင်းမှာ အခမ်းအနားလုပ်ဖို့ အဆောက်အဦကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ လူငယ်များစုပေါင်းဆောက်လုပ်လိုက်တာ အကောင်ထည်ပေါ်သွားပါတယ်။ သူတို့ခမျာ တော်တော် ပင်ပန်းရှာပါတယ်။မြေကြီးတွေ ရှင်းရတာကို တော်တော်ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။ စိတ်ဓါတ်ကြောင့်သာ လာလုပ်အားပေးကြတာပါ။တော်ရုံဆို သိပ်မလွယ်လောက်ပါဘူး။ အဲဒီအချိန်ကာလက အန်တီစုကို ၀န်းရံပေးခဲ့တဲ့ လူငယ်အင်အားစုတွေထဲမှာ- ကျနော်တို့ တကသ အပါအ၀င် - ကျောင်းသားတွေနဲ့ NLD လူငယ်အဖွဲ့ အင်အားက အတိုင်းတာတခုထိ အင်အားကောင်းခဲ့ပါတယ်။

ကျနော်တို့ကျောင်းသားများအနေနဲ့ကတော့ မူလက စီစဉ်ထားတဲ့အတိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို အထောက်အပံ့ဖြစ်စေနိုင်မယ့် ဆောင်ရွက်ချက်များကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ ဟာ ၀ါရင့်နိုင်ငံရေးသမားကြီးများအပါဝင်၊တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေ ၊ တသီးပုဂ္ဂလ နိုင်ငံရေးခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းချက်တွေကို အဆက်မပြတ်လုပ်ဆောင်ခဲ့ပါတယ်။



တိုင်းရင်းသားပါတီခေါင်းဆောင်ထဲကဆိုရင် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး ၊ ဦးစိုင်းညွန့်လွင် တို့အပါဝင် မြေပေါ်နိုင်ငံရေးပါတီခေါင်းဆောင်လူကြီးများနဲ့တွေ့ပြီး သဘောတူညီချက်တွေ ရယူနိုင်ခဲ့ပါတယ်။ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်( SNLD )ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တော်တော်များများ အနိုင်ရခဲ့တဲ့ပါတီတခုလည်းဖြစ်ပါတယ်။ ကျနော်တို့ ဦးခွန်ထွန်းဦးရယ်၊ ဦးစိုင်းညွန့်လွင်ရယ်ကို တနေ့မှာတော့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က သူတို့ကလည်း သူတို့ရင်ထဲမှာရှိနေတဲ့ မကျေနပ်ချက်တွေ၊မွန်းကြပ်မှု့တွေကို အတိုင်းတာတခုထိ ဖွင့်ချခဲ့တယ်။ ဦးခွန်ထွန်းဦးဆိုရင် အဲဒီအချိန်က အမျိုးသားညီလာခံတက်ရောက်နေသူတစ်ဦးပါ ၊ သူတို့ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လူထုခေါင်းဆောင်တယောက်မို့ သူတို့လည်း လေးစားမှု့ရှိပါတယ် ။ ဒါပေမယ့် NLDပါတီအပေါ်မှာတော့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကာလက ကြုံခဲ့ရတဲ့ အထစ်အငေါ့လေးတွေကြောင့် စိတ်ထဲမှာတော့ ဖုတုတုပါပဲ။ ကျနော်တို့ကို ပြောတဲ့အခါတိုင်းမှာလည်း ဗမာတွေက ဗမာတွေက ဆိုတဲ့ အသုံးကို ခဏခဏသုံးတော့ ကျနော်တို့ထဲက ကျောင်းသားတယောက်က………………

" အန်ကယ်.. တကယ်တော့မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို.. ဖိနှိပ်တာ၊ အခွင့်ရေးတွေကို ကန့်သတ်တာ၊တန်းတူညီမျှရေး မရှိတာ.. အဲဒါတွေကိုလုပ်တာ ကျနော်တို့ ဗမာပြည်သူတွေ မဟုတ်ပါဘူး… စစ်အာဏာရှင် အစိုးရအဆက်ဆက်က လုပ်တာပါ……။ကျနော်တို့အမြင်အရပြောရရင်.. ဗမာလူမျိုးအများစုဟာ.. ဘယ်တိုင်းရင်းသား လူမျိုးနွယ်စုကိုမှ အဲဒီလိုလုပ်တာ ရှိမယ်မထင်ပါဘူး.. ရှိခဲ့ရင်လည်း အနည်းစုပဲဖြစ်ပါလိမ့်မယ်။" ဒီစကားရပ်အပေါ်မှာတော့ ဦးခွန်ထွန်းဦးက ဘာ ဝေဖန်ကောက်ချက်မှ မပေးခဲ့ဘူး၊



ဦးစိုင်းညွန့်လွင်က ရုတ်တရက်ကြားကနေ စကားကို ၀င်ထောက်လိုက်တယ်…….။ " မဟာဗမာလူမျိုးကြီးဝါဒ ကတော့ တော်တော်စက်ဆုတ်စရာ ကောင်းတယ်ဗျ.. ။အနည်းစုတိုင်းရင်းသားလူမျိုးစုတွေအပေါ်ကျင့်သုံးတဲ့ .. မဟာဗမာလူမျိုးကြီးဝါဒကိုတော့ ကျနော်တို့ ဆန့်ကျင်ရလိမ့်မယ်။"

ကျနော် သောက်လက်စ ကော်ဖီခွက်လေးကို စားပွဲပေါ် အသာတင်လိုက်ရင်းက…..

" မဟာဗမာလူမျိုးကြီးဝါဒမှ မဟုတ်ပါဘူး…။ မဟာကရင်၊မဟာရှမ်း၊မွန်၊ရခိုင်၊ကချင်၊ကယား၊ချင်း စတဲ့ ဘယ်မဟာ လူမျိုးကြီးဝါဒ မဆို ကျနော်တို့ကတော့ ဆန့်ကျင်သွားမယ်……..။"

အိမ်ရဲ့ပြင်ပက တိုက်ခတ်နေတဲ့လေသံတွေကိုကြားနေရတယ်၊ နံရံပေါ်ကတိုင်ကပ်နာရီရဲ့စက်သံမှ တပါး…..ဦးခွန်ထွန်းဦးကတော့ မျက်လုံးလေးကိုမှေးပြီး၊ တခုခုကိုပြောဖို့ စဉ်းစားနေပုံရတယ်။ ကျနော်တို့ထဲက ကျောင်းသားတယောက်ရဲ့ဝင်ရောက်ပြောဆိုမှု့က ငြိမ်သက်ခြင်းကို ဖြိုခွင်းပစ်လိုက်တယ်………။

" ငါ့လူမျိုးသာလျှင်မြင့်မြတ်တယ်၊ ငါ့လူမျိုးသာလျှင် အရာရာကို လွှမ်းမိုးရမယ်၊ချုပ်ကိုင်ရမယ်...ဆိုတဲ့ မဟာလူမျိုးကြီးဝါဒ ဟာ ၂၁ ရာစု ဒီနေ့ကမ္ဘာကြီးမှ ခေတ်မမှီတော့ပါဘူး..။ တကယ်တော့မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးတွေဆိုတာ ရာနဲ့ချီရှိနေတာပဲ…..။ အားလုံးတန်းတူအခွင့်အရေးရှိဖို့ ကို ကျနော်တို့လည်း ထောက်ခံတယ်..။ "
ဆိုဖာခုံပေါ်မှာ အားရပါးရ မှီထိုင်နေရင်းက ဦးခွန်ထွန်းဦးက ရုန်းထလိုက်ပြီး….၊

" အမျိုးသားညီလာခံမှာလည်း - တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အဲဒီတန်းတူအခွင့်ရေးအတွက် ကျနော်တို့တင်သွင်းခဲ့တာပဲ.. ။ဒါပေမယ့် မလွယ်ပါဘူးဗျာ..။ လက်ရှိ နအဖက သူ့သဘောထားတွေကိုပဲ ဇွတ်အတင်း အားထုတ်ကြိုးစားနေတာ.. တွေ့ရတော့ .. အမျိုးသားညီလာခံကိုလည်း အားကိုးလို့ မရပါဘူး။"…

ဦးခွန်ထွန်းဦးရဲ့စကားလုံးတွေက သူ့ရင်ထဲမှာရှိနေတဲ့ ခံစားချက် အကုန်အစင် မဟုတ်သေးဘူးဆိုတာ ကျနော်နားလည်လိုက်တယ်။



" အန်ကယ်ရာ… အမျိုးသားညီလာခံဆိုတာ.. အစစ်အမှန်မှ မဟုတ်တာပဲ..။ အတုအယောင်ပဲ .. ။ ဒါကိုအားလုံး သိပါတယ်..။တကမ္ဘာလုံးလည်းသိပါတယ် ..။ ကျနော်တို့လိုချင်တာ.. ဒီနေ့အချိန်မှာ ..အမျိုးသားပြန်လည်သင့်မြတ်ရေးပါပဲ။ "

" မှန်တာပေါ့ဗျာ.. ။သိပ်လိုအပ်တာပေါ့…။ ခက်တာက နအဖဘက်ကကျတော့ သူတို့ပြောထားတယ် မဟုတ်လား.. ။ တွေ့ဆုံဆွေးနွေးရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလိုရှိတယ်ဆိုရင်.. ညီလာခံထဲ ၀င်လာခဲ့ပါ...ဆိုတာလေ.. ။အမျိုးသားညီလာခံမှာ ဆွေးနွေးပါ ဆိုတာလေ"

" တကယ်ရော.. အမျိုးသားညီလာခံကနေ .. အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို လုပ်ဆောင်နိုင်ပါတယ်ဆိုတာကို .. အန်ကယ် ယုံရဲ့လား"

ဦးခွန်းထွန်းဦးက မျက်မှောင်တစ်ချက်ကျုံ့သွားတယ်။ ပြီးမှဖျော့တော့တော့အပြုံးတချက်နဲ့ ခေါင်းကို လေးတွဲ့စွာ ရမ်းလိုက်ရင်း…….အပြင်ကို တချက်ကြည့်လိုက်တော့ တော်တော်တောင်မှောင်နေပြီ။

" အန်ကယ် .... အခု အန်တီ နေအိမ် အကျယ်ချုပ်က လွတ်လာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်နေတာကို တွေ့ရပါတယ်.. အဲဒါ အန်ကယ် သဘောထားကို သိပရစေ " ဆိုတော့ ဦးခွန်ထွန်းဦးရဲ့မျက်နှာပြင်ဟာ အပြုံးတွေနဲ့ဝင်းလက်သွားတယ်……..။

" ကြိုဆိုရမှာပေါ့ဗျာ… ကျနော်တို့ထောက်ခံတယ်…. လက်တွဲလုပ်မယ်"

ကျနော်တို့ကျောင်းသားများနဲ့ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ရဲ့တာဝန်ရှိသူ ၂ ဦးနဲ့ အနာဂတ်နိုင်ငံရေးအတွက် ဆွေးနွေးတိုင်ပင်တဲ့ကိစ္စပြီးလို့ အလွတ်သဘောပြောဆိုတဲ့ အခါမတော့ အားပါလှတဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ရဲ့ တိုင်းရင်းသားရေးရာ ခံစားချက်တွေကလည်း ကျနော်တို့ရဲ့နှလုံးသားထဲကို စူးစူးရှရှဖြစ်စေခဲ့တာအမှန်ပါ။

နောက်မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဦးခွန်ထွန်းဦး တို့ SNLD နဲ့ အန်တီစု အပါဝင် NLD ခေါင်းဆောင်ပိုင်းတွေနဲ့တွေ့ဆုံခဲ့ကြောင်းကို သိရပါတယ်။

ဟင့်အင်းကို ကျော်ဖြတ်ခြင်းဆိုတဲ့ထဲက စာသားလေးတစ်ခုကို သွားသတိရမိပါတယ်။
""ညှိနှိုင်းဆွေးနွေးခြင်းဆိုသည်မှာ နေ့စဉ်ရင်ဆိုင်ကြရသည့်ကိစ္စဖြစ်သည် "
ပြဿနာအရပ်ရပ် ရှိမယ်ဆိုရင်တောင်မှ ညှိနှိုင်းဆွေးနွေး အဖြေရှာမယ်ဆိုရင် … ဆုံးရှုံးနစ်နာမှု့အား ပိုမသက်သာလာနိုင်ဘူးလား......" ဆိုတဲ့ အသိက ရင်ထဲမှာစွဲနစ်လျှက်…….။



ကျနော်တို့ တတွေ တနေ့မှာတော့ ဦးနေ၀င်း ( ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်း- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ( မဆလ) ဥက္ကဌ ဟောင်း - ယခု ကွယ်လွန် ) ဆီ သွားရောက်ကမ်းလှမ်းခဲ့တယ်။ လူချင်းတော့ မတွေ့ဆုံခဲ့ပါဘူး။ ဒါပေမယ့် အကြောင်းပြန်ကြားချက်တော့ ရခဲ့တယ်။

"ကျောင်းသားတွေ ခုလိုလာရောက်ကမ်းလှမ်းတာကို ကြိုဆိုတဲ့အကြောင်း၊၀မ်းသာတဲ့အကြောင်း၊ ဒါပေမယ့် သူ့ရဲ့ကျန်းမာရေးအရ မလာရောက်နိုင်တာကို နားလည်ပေးဖို့ " စသဖြင့် အကြောင်းပြန်ခဲ့ပါတယ်။ အခုလို ကျနော်တို့သွားရောက်ကမ်းလှမ်းတာကို နိုင်ငံရေးအင်အားစု တချို့ကသိသွားတဲ့အခါ ကျနော်တို့ကို ၀ိုင်းဆော်ပလော်တီးကြတော့တာပဲ ။ ကျနော်တို့ ဒီအလုပ်ကို ခိုးကြောင်ခိုးဝှက်လုပ်ခဲ့တာ မဟုတ်လေတော့ (ဆော်ပလော်ဝိုင်းတီးလည်း ခံဖို့ကလွဲလို့ ဘာတတ်နိုင်မှာလဲ)။ အန်တီကျနော်တို့ကို ပြောကြားခဲ့တဲ့ .. " ရည်ရွှယ်ချက်နဲ့စေတနာမှန်ရင် နားလည်လာကြမှာပါ " ဆိုတဲ့ စကားကို နားထဲကြားရင်း… ရင်ထဲမှာတော့ကျိတ်မျိုခဲ့ရပါတယ်။



နောက် တစည ပါတီ ( တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ) ဆီကို သွားတော့ ကျနော်တို့ကို ပထမတော့ ခပ်စိမ်းစိမ်း၊ ခပ်တွန့်တွန့်ပဲ ဆက်ဆံခဲ့တယ်။ ကျနော်တို့ရဲ့လုပ်ရပ်နဲ့သဘောထားအမှန်ကို နားလည်သွားတဲ့အခါမတော့ သက်ဆိုင်ရာတာဝန်ရှိသူက နွေးနွေးထွေးထွေး ပြောဆိုဆွေးနွေးခဲ့ပါတယ်။" သူတို့ ဆွေးနွေးပြီးအကြောင်းပြန်ကြားပေးပါမယ်......"ဆိုတဲ့စကားကို ရရှိခဲ့ပါတယ်။

တဖက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အန်တီစုအပါဝင် ပါတီခေါင်းဆောင်တွေ ကျနော်တို့ကျောင်းသားလူငယ်တွေဟာ အသည်းအသန် ကြိုးစားနေပေမယ့် တဘက်က နှိပ်ကွပ်မှု့တွေကတော့ လျှော့မသွားပါဘူး၊ အထူးသဖြင့် အန်တီစုဆီကို လာရောက်တွေ့ဆုံတဲ့သူတွေကို ဒုက္ခမျိုးစုံပေးတာ ခံရပါတယ်။ ပါတီဝင်နဲ့ နိုင်ငံရေး အသိုင်းဝိုင်းက လူတွေကို အဓိက ပစ်မှတ်မထားဘဲ ၊ သာမန်ပြည်သူထဲကပြည်သူတွေကို နည်းပေါင်းစုံနဲ့ ဖိနှိပ်လာတယ်။

ဥပမာ- သာမန်ပြည်သူတစ်ယောက်က အန်တီ့ဆီ လာတွေ့ပြီးတာနဲ့ နောက်ပိုင်း ဂယက်တွေက ရိုက်တော့တာပဲ။ စီးပွားပျက်အောင်လုပ်တာတို့၊ အသိုင်းဝိုင်းအပြင်ဘက်ရောက်သွားအောင်လုပ်တာတို့ပေါ့၊ အဲဒီကိစ္စတွေက တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ (အဲဒီထဲက နာမည်ကျော် အဆိုတော် ကိုတင်လှိုင်တို့ ၊ စီးပွားရေးလုပ်ငန်းရှင်ထဲကဆို ဦးသိန်းရွှေ (စာရေးဆရာမ မမေငြိမ်းဖခင်) တို့ အပါအ၀င် တော်တော်များများခံရတယ်။)

ကျနော်ကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးမှာ နေစရာနေရာတွေအများကြီးရှိပါရဲ့နဲ့ နေလို့မရလောက်အောင်ကို ဖြစ်ခဲ့ရတယ်။ ကျနော်နေတဲ့ အိမ်တိုင်းကို ညစဉ်ဧည့်စာရင်းစစ်တယ်။ဘာရယ်လည်းမဟုတ်ဘူး၊ ပြီးပြန်သွားတယ်။ အဲဒါမျိုးနေ့စဉ်လုပ်တော့ ကျနော်နေတဲ့ အိမ်တွေက ကြောက်လာကြတယ်။(ကျနော့်ညီမ အရင်းခေါက်ခေါက် အပါအ၀င်ပေါ့။)

နောက် ကျောင်းအဆောင်မှာ သွားနေတော့ အဆောင်ပိုင်ရှင်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖိအားပေးလာပြန်ရော။ နေလို့ မရပြန်ဘူး၊ ဒီလိုနဲ့ပဲ ၊ ဟိုရွှေ့လိုက်-ဒီရွှေ့လိုက် နေရာပေါင်းများစွာ ပြောင်းနေခဲ့ရတာပါ။ ဒီကြားထဲမှာ ကိုယ့်ဒီမိုကရေစီဘက်တော်သားများရဲ့ဖိအားပေးမှု့၊ဆန့်ကျင်ရှုတ်ချမှု့၊ကလိမ်ကျမှု့တွေနဲ့ရင်ဆိုင်ရတဲ့ အခါမတော့ နိုင်ငံရေးကို အတော်ကို စိတ်ကုန်ခမ်းမတတ် ဖြစ်ခဲ့ပါတယ်။

တနေ့ အန်တီနဲ့ဆုံတဲ့အခါ ကျနော့်ရင်ထဲမှာမွန်းကြပ်နေတာတွေ စိတ်ပျက်၊စိတ်ကုန်ခန်းမတတ် ဖြစ်နေတာတွေကို ဖွင့်ဟပြောပြတော့……….အန်တီက -

" နိုင်ငံရေးဆိုတာ ဒီလိုပဲ သားရဲ့..။ ကိုယ်က ဘယ်လောက်ပဲ မှန်တာလုပ်လုပ်…။ အမှန်တရားဆိုတာ မပေါ်ပေါက်သေးသရွေ့.. ခါးစည်းခံရတာပဲ..။ အဲဒါကို စိတ်ပျက်၊စိတ်ကုန်လို့ မရဘူး….။ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ရှိသေးတယ် မဟုတ်လား "



" ဖေဖေ့တုန်းကဆို.. သားတို့စဉ်းစားကြည့်လိုက်ပါ…။အောင်ဆန်းအက်တလီစာချုပ်နဲ့လွတ်လပ်ရေးအရယူဖို့ လက်တကမ်းအလို … အင်္ဂလန်က ခေါ်လို့ ဖေဖေတို့ သွားကြတယ်..။ ဟိုရောက်မှ .. ပါသွားတဲ့သူတွေထဲက လက်မှတ်မထိုးကြလို့.. (ဗိုလ်ချုပ်အား လုပ်ကြံသတ်ဖြတ်သူ ဦးစောနဲ့ ကျန်တယောက်က သခင်ဘစိန် ကို ရည်ညွှန်းခြင်းဖြစ်သည်။) အရမ်းကို ဗျာများခဲ့ရတာ.. ဘယ်လောက်စိတ်သောက ရောက်လိုက်မလဲ.. ။ခံစားကြည့်လိုက်ပါ…။ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်လာတဲ့ လွတ်လပ်ရေးကို .. လက်တကမ်းအလိုကျမှ .. ဒီလိုဖြစ်တယ်ဆိုတော့.. ။ ဒါပေမယ့်လည်း အဆုံးမတော့.. အောင်မြင်သွားပါတယ်။ "

အန်တီရဲ့စကားသံတွေထဲမှာ..သံဝေဂသံတွေ ရောနှောပါနေတယ်ဆိုတာကို ကျနော်တို့သတိထားမိလိုက်ကြတယ်။ ကျနော်တို့ ကိုယ်ချင်းစာနိုင်ပါတယ်။

" အန်တီမှတ်မိသေးတယ်.. ။ဖေဖေ .. အင်္ဂလန်က ပြန်လာတော့.. အိမ်မှာ.. စာတန်းတခု ထပ်ကပ်ထားတယ်.. ။ " လှေခွက်ချည်းကျန် အလံမလှဲ .." တဲ့…..။ ဒီလိုပါပဲ ..။ အန်တီ အပါအ၀င် အန်တီတို့ပါတီဆိုလည်း သားတို့သိတဲ့ အတိုင်း ဘက်ပေါင်းစုံက တိုက်လိုက်ကြတာ.. မားမားမတ်မတ် ရပ်ခံရတာပဲ.. ။ အဲ့ဒါကို စိတ်ပျက်အားလျှော့နောက်ဆုတ်သွားလိုက်မယ်ဆိုရင်.. ဘာဖြစ်မလဲ….စဉ်စားကြည့်ကြပေါ့…."

အန်တီရဲ့အားပေး စကားတွေက ကျနော့်အဖို့ အားတက်စေခဲ့တာ အမှန်ပါ။ ကုန်ခမ်းသွားတဲ့စိတ်ဓါတ်တွေ အသစ်ပြန်မွေးဖွားလာစေခဲ့တယ်။ ခွန်အားသစ်တွေဖြစ်လာတယ်။ အကယ်လို့ အဲဒီတုန်းက အန်တီသာ ခုလို အားပေးစကား မပြောခဲ့ဘူးဆိုရင်.. ကျနော် ရန်ကုန်ကနေ ဇာတိမြို့မှာပဲ ပြန်ပြီး အေးအေးဆေးဆေးသွားနေဖို့  ဆုံးဖြတ်ချက် ချလုနီးပါးဖြစ်နေပါပြီ။ (ခံနိုင်ရည် နည်းတယ်ပြောလည်း ခံရမှာပါပဲ။)၊ ဒါမျိုးဖြစ်စဉ်များကို ဦးဆောင်လုပ်တဲ့ကျောင်းသားတော်တော်များများ ခံခဲ့ရဖူးပါတယ်။

တဆက်တည်း တင်ပြလိုတာက ယနေ့ ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲအတွက်ကြိုးစားဆောင်ရွက်နေတဲ့ ကျောင်းသားလူငယ်များကို ကျနော်တို့ အတွေ့အကြုံတွေထဲက အရေးကြီးတဲ့ အချို့ကို ကောက်နှုတ်တင်ပြပါရစေ၊

လုပ်ရပ်တခုအတွက် အကောင်ထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ အဲဒီလုပ်ရပ်ဟာ အောင်မြင်မှု့ရောင်ခြည်တွေ မြင်လာရပြီဆို ကြီးစွာသော အနှောက်အယှက်၊ အဟန့်အတားတွေ၊ တိုက်ခိုက်မှု့တွေ ၀င်လာမှာ မလွဲဘူး....ဆိုတာ မှတ်ထားစေလိုပါတယ်။
သိပ်ဆန်းပြားတဲ့ဖြစ်ရပ်တွေ မဟုတ်ပေမယ့် ယနေ့အထိတော့ အသုံးတွင်နေဆဲပါ၊ ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်များရဲ့လက်ကိုင်ဒုတ် ထောက်လှမ်းရေးဌာနအသီးသီးရဲ့ စိတ်ဓါတ်ရေးရာ စစ်ဆင်မှု့ကို အလူးအလဲ ခံရပါလိမ့်မယ်။ ပြည်ပနိုင်ငံရေးလှုပ်ရှားမှု့ရော- ပြည်တွင်းမှာပါ အတော်ကို အရေးပါ ခရီးရောက်လှပါတယ် ။

ထောက်လှမ်းရေးအင်အားစုတွေဆိုတာ နိုင်ငံတော် ဘဏ္ဍာကို ရေလို သုံးလုပ်နေတဲ့ အဖွဲ့အစည်းတွေဆိုတော့ စိတ်ဓါတ်နဲ့လုပ်နေတဲ့ ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေ အလူးလူးအလိမ့်လိမ့်၊ အပြိုပြို အကွဲကွဲဖြစ်အောင်လုပ်နိုင်ခဲ့တာအမှန်ပါ၊

ကျနော့်အတွေ့အကြုံအရပြောရရင်… ပထမ ဦးဆောင်လုပ်တဲ့သူတွေကို သမိုင်းအညွှန့်ကျိုးအောင် အရင်ချိုးပါတယ်။ဒါမှလည်း ကျန်တဲ့သူတွေက ဦးဆောင်နေတဲ့သူတွေကို အယုံကြည်ကင်းမဲ့သွားစေတာကိုး။ ဒါကိုလည်း သူတို့မွေးထားတဲ့ သတင်းပေးတွေကတဆင့် တွင်တွင်ကျယ်ကျယ်ဖြစ်အောင် စီမံချက်ချ လုပ်ကြတာပါ။

ဒီလိုလူမျိုးတွေက အန်တီစုလိုလူမျိုးကို သူတို့လောက် မချစ်ဘူးလို့ ထင်ရလောက်အောင် ဟန်ဆောင်မှု့တွေနဲ့ စိမ့်ဝင်လာကြ တယ်။ လက်သီးလက်မောင်းကို သူများတွေထက် ပိုတန်းတယ်။ ကြွေးကြော်သံကို သူများတွေထက် ပိုကျယ်လောင်စေတယ်။ ဒီလို အယုံသွင်းပြီးပြီဆိုကာမှ သူတို့ရဲ့စီမံချက်တွေကို တစ်ဆင့်ချင်း အကောင်ထည်ဖော်တော့တာပါပဲ။

မိမိ ဒီမိုကရက်တစ်အင်အားစုတွေဖြစ်လင့်ကစား ကိုယ်နဲ့အဆင်မပြေတဲ့ အင်အားစုတွေဆီကို သူတို့ထဲက သတင်းပေးများက ချဉ်းကပ်မယ်။ မိမိအင်အားစုထဲမှာလည်း သတင်းပေးများကို ထည့်သွင်းထားမယ်။ သတင်းလိုချင်တာထက် ဖြိုခွဲဖို့ ဗျုဟာကို ပိုအသားပေးပါတယ်။ ဦးဆောင်၊ခေါင်းဆောင်လုပ်နေတဲ့သူတွေ ရဲ့သမိုင်းအညွှန့်တွေကို တစစီချွေတော့တာပဲ။ အဲသလိုဖြစ်ပြီဆို မိမိနဲ့ အဆင်မပြေဖြစ်နေတဲ့ ဒီမိုကရက်အင်အားစုများဘက်ကိုလည်း စိမ့်ဝင်သွေးထိုးလိုက်တော့ ..ထောက်လှမ်းရေးရဲ့နည်းစနစ်တွေဟာ တစ်ခုပြီးတစ်ခု အောင်မြင်တော့တာပဲ။သိပ်ကိုအောင်မြင်ခဲ့ပါတယ်။ အခုလည်း အောင်မြင်ဆဲပါပဲ။နောင်လည်း ဆက်အောင်မြင်နေဦးမှာပါ၊



( အဲ...ဒါပေမယ့် ခြွင်းချက်တခုတော့ရှိပါတယ်။) ကိုမင်းကိုနိုင်တို့ ၊ ကိုကိုကြီးတို့ ထောင်ထဲကလွတ်လာပြီး၊ ၈၈ မျိုးဆက်ကျောင်းသားများဆိုပြီး လှုပ်ရှားမှု့တွေ လုပ်ကြတော့ သူတို့ဟာ အဲဒီအချိန်မှာ များစွာသော အတွေ့အကြုံတွေ၊သင်ခန်းစာတွေ ရနေသူတွေဖြစ်နေကြတော့ ...အဲသလိုလုပ်ဖို့ တော်တော်အခက်တွေ့ပါလိမ့်မယ်။

တချိန်က တဘက်နဲ့တဘက် (ဗကသနဲ့မကသ) အပြင်းအထန် တိုက်ခိုက်လာတဲ့ သူတွေဟာ ခုချိန်မှာ သွေးစည်းညီညွတ်စွာနဲ့လက်တွဲလုပ်ဆောင်နိုင်ခြင်းအပေါ်..ကြားဝင်သပ်လျှို ဖြိုခွဲလို့ မရတဲ့ အဆုံးမှာတော့ ထောင်ထဲဆွဲထည့် ပစ်လိုက်တာပါပဲ။

သွေးကွဲအောင်ဖြိုခွဲခြင်းဖြင့် သမိုင်းအညွှန့်ကျိုးအောင်လုပ်ဆောင်ခြင်းဆိုတဲ့ နအဖ လက်ကိုင်ဒုတ် ထောက်လှမ်းရေးများရဲ့ဗျူဟာ-ဟာသူတို့အဖို့ သိပ်တွက်ခြေ ကိုက်ပါတယ်။ မျောက်အမြည်းနဲ့မျောက်ကို ချည်ခြင်းပါ၊ ကုန်ကျစရိတ်သက်သာတဲ့အပြင် ဖမ်းဆီးထောင်ချခြင်းကြောင့်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ -နအဖကို နာမည်ပျက်စေနိုင်မယ့် အမည်းစက်ကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

ဒီလိုနဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ လွင့်စင်သွားသူတွေ၊ဘေးရောက်သွားသူတွေဟာ (ဒီမိုကရက်တစ်အင်အားစုများအဖို့ ..) အင်မတန်မှ ၀မ်းနည်းစရာကောင်းလှပါတယ်။ နှမြောစရာကောင်းလှပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးခေတ်အဆက်ဆက်မှာ ဘယ်တော့မှ တိမ်ကော မသွားတဲ့ ၊ ဘယ်တော့မှလည်း ပျောက်မသွားဘဲ ၊ ထပ်ခါထပ်ခါ အသုံးချတိုင်း အောင်မြင်နေတဲ့ ထောက်လှမ်းရေးများရဲ့မာယာကျော့ကွင်းဗျူဟာများဟာ ယနေ့ထက်တိုင် ခေတ်မှီနေဆဲပါ။



ဥပမာပြရရင်- အန်တီစုကို ၀န်းရံနေသော ကျောင်းသားလူငယ်များ၊ပါတီလူငယ်များ၊ လုံခြုံရေးအနီးကပ်တာဝန်ယူနေသူများကို သူတို့သတင်းပေးများမှတဆင့် တီးတိုးဝါဒဖြန့်ပါတယ်။ အဲဒီလူတွေကို ထောက်လှမ်းရေးကပဲ လစာပိုက်ဆံပေးထားသလိုလို၊ အကျိုးစီးပွားတွေ ပုံအောပေးထားသလိုလို၊ အန်တီ့အနီးနားကို ကပ်လာပြီး အဲဒီလူတွေကပဲ နိုင်ငံအကျိုးကိုပျက်စီးအောင်လုပ်တော့မယ့် သူတွေလိုလို ၊ အန်တီကျဆုံးသွားအောင်၊နာမည်ပျက်သွားအောင်လုပ်တော့မယ့် သူတွေလိုလို ဖြစ်အောင် တီးတိုးလှုံ့ဆော်ဖြန့်ပါတယ်၊

ဒီလူငယ်တွေဟာ တဘက်မှာ မိမိကိုယ်ကျိုးကို စွန့်ပြီးလည်း လုပ်ရသေး၊လူထုနဲ့ မိမိ ဒီမိုကရက်တစ်အင်အားစုတွေရဲ့မျက်လုံးစိမ်းတွေ၊တံတွေးစက်တွေကြားမှာလည်း နေရသေး ဆိုတော့ စိတ်ဓါတ်ရေးရာအတွက် တော်တော့်ကို ကြံ့ကြံ့ခံခဲ့ရပါတယ်။ အန်တီစုနဲ့လူကြီးများကသာ နားလည်မှု့မပေးနိုင်ဘူးဆိုရင်.. နိုင်ငံရေးကို တသက်လုံး မလုပ်ချင်တော့လောက်အောင် စိတ်ကုန်သွားမှာအမှန်ပါ။

ဒီမိုကရေစီလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ့် မျိုးဆက်သစ်လူငယ်များ သင်ခန်းစာယူနိုင်ဖို့လိုပါလိမ့်မယ်။ စာရေးဆရာ- ဆရာအောင်သင်း စကားနဲ့ပြောရရင်.. "လူလိမ္မာဆိုတာ သူများအမှားပေါ်မှာ သင်ခန်းစာယူနိုင်ရပါ့မယ်။"

ဒီနေရာမှာ ကျနော်ရဲဝံ့စွာ အားမနာတမ်း ပြောနိုင်တာရှိပါတယ်။
အန်တီစုဟာ ဘယ်သောအခါမှ အဲသလို အောက်တန်းကျတဲ့ လုပ်ရပ်များကိုမှ လုပ်ဖို့ နေနေသာသာ စဉ်းတောင် မစဉ်းစားပါဘူး၊ မိမိလိုချင်တဲ့ ပန်းတိုင်ကို ရိုးသားဖြောင့်မတ်စွာ သွားပါတယ်။ ဖြူစင်တဲ့အကျင့်ကိုပဲ ကျင့်ပါတယ်။ ပရိယာယ်လို ၊ မာယာလို နည်းစနစ်တွေ၊ ဗျူဟာတွေကို ဘယ်သောအခါမှ မကျင့်သုံးပါဘူး၊ အပြုံးနဲ့ခုတုံးလုပ် မဆက်ဆံပါဘူး။ ဒါကိုတော့ ရဲရဲကြီးပြောရဲပါတယ်။ တစ်ခါက အန်တီကျနော်တို့ကိုပြောခဲ့ဖူးပါတယ်….။



" တိုင်းပြည်ခေါင်းဆောင်လုပ်မယ့်သူဆိုတာ .. ရိုးသားဖြောင့်မတ်ဖို့လိုတယ်......တဲ့ "

ဘယ်သူတွေ ဘယ်လိုပဲ လုပ်လုပ်၊ပြောပြော၊ သွေးခွဲနေပါစေ ။အန်တီစု အပါအ၀င် လူကြီးများရဲ့နားလည်မှု့ ပေးတတ်ခြင်းတွေ အပေါ်မှာတော့ ကျနော့်တသက်မှာ ဘယ်သောအခါမှ မေ့သွားမှာမဟုတ်ပါ၊ ကျနော်တို့တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေထဲမှာတောင်မှ ရင်ဝကို လက်သီးနဲ့ပစ်ထိုးလိုက်သလိုမျိုး ခံစားခဲ့ရတဲ့ဖြစ်စဉ်များလည်း ဆုံတွေ့ခဲ့ဘူးပါတယ်။

ကျနော်တို့ရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ကြိုးစားဆောင်ရွက်နေစဉ်မှာ တချို့နိုင်ငံရေးသမားကြီးများရဲ့ သင်္ကာမကင်းအကြည့်တွေ၊ ရိသဲ့သဲ့အပြောတွေနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ကျနော်တို့လုပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ်မကျေနပ်လို့ ၊ ဒါမှ မဟုတ် အန်တီစုအပေါ် အစာမကြေလို့ တုန့်ပြန်တာမျိုးကို ကိစ္စမရှိပါဘူး။ ခံနိုင်ပါတယ် ။ ဘယ်လိုပုံသဏ္ဍန်မျိုးနဲ့ပဲဖြစ်ဖြစ် အောင်မြင်အောင် ကျော်ဖြတ်ဖို့ ကျနော်တို့မှာဆုံးဖြတ်ထားတာတွေ ရှိပါတယ်။ ဘယ်လိုပဲအောက်ကျ ခံရခံရ ကျနော်တို့လုပ်ဆောင်ပါ့မယ်။ ဒါပေမယ့် အဲသလို မဟုတ်ဘူး..။

ကျနော်တို့ကပဲ နအဖ လက်ကိုင်ဒုတ်ကျောင်းသားတွေလိုလို၊ ထောက်လှမ်းရေးကြိုးဆွဲသမျှ လိုက်လုပ်နေရတဲ့သူတွေလိုလို ဆက်ဆံခံရတဲ့အခါမတော့..ကျနော်တို့ လူငယ်ကျောင်းသားအငယ်တွေကပဲ အောင့်အီးသည်းခံပေးလိုက်ရပါတယ်။



ကျနော်တို့နဲ့ဆွေးနွေးဖို့ စတောင် မစရသေးခင်….
" ဗိုလ်ခင်ညွှန့်က.. ဘာမှာလိုက်လဲ" ဆိုတာမျိုးဟာ သိပ်ကို ခံရခက်တဲ့စကားတွေပါ။ လူကြီးတွေက သဘောထားအမြင်မကြီးနိုင်ဘဲ ၊ လူငယ်တွေက နားလည်ပေးရတာ အတော် ကသိကအောင့် နိုင်စေခဲ့ပါတယ်။

"အမှန်တရားက ဖိနပ်စီးဖို့ ကြံနေတုန်း.. မုသားက ကမ္ဘာကို ပတ်ပြီးပြီ ..။" ဆိုတဲ့စကားကို သွားသတိရမိတယ်။ နအဖ လက်ကိုင်ဒုတ် ထောက်လှမ်းရေးတွေရဲ့သွေးခွဲသပ်သျှို ၊ အညွန့်ချိုး နည်းဗျူဟာများဟာ အောင်မြင်ပါပေတယ်။ ဒီမိုကရက်တစ်အင်အားစုတွေ တဖွဲ့နဲ့တဖွဲ့၊ တယောက်နဲ့တယောက်ကြားမှာ သံသယတွေပွားအောင် လုပ်တာလည်း သူတို့လက်ချက်ပါပဲ။ အန်တီစုလို ပုဂ္ဂိုလ်မျိုး အနားမှာ ၀န်းရံသူတွေ ကင်းမဲ့သွားအောင် ၊ အထီးကျန်အောင် အမျိုးမျိုးလုပ်ဆောင်ခဲ့တာလည်း သူတို့လက်ချက်ပါပဲ။

တကယ်တော့ မြန်မာနိုင်ငံစစ်အာဏာရှင်အဆက်ဆက်မှာ စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ဆန့်ကျင်ဘက် အတိုက်အခံလို့ပဲ ခေါ်ခေါ်၊ရန်သူလို့ပဲ သုံးသုံး၊ အဲဒီလူပုဂ္ဂိုလ်တွေ၊ခေါင်းဆောင်တွေ၊အင်အားစုတွေကို ရှုမြင်သုံးသပ်၊လုပ်ဆောင်ရာမှာ စစ်အမြင်၊စစ်ရှုထောင့်ကနေပဲ လုပ်ဆောင်တာများတယ်။ စစ်ပွဲတွေမှာ အကောင်းဆုံးစစ်ပွဲဟာ ဘာလည်းဆိုတော့ မတိုက်ပဲနဲ့ နိုင်တဲ့စစ် ဆိုတဲ့ ဥပဒေသ တခုရှိတယ် ၊ အဲဒီဥပဒေသကို နအဖက မြေပေါ်မြေအောက်ကျင့်သုံးတယ်။

(လောလောဆယ် အဲဒီဥပဒေသနဲ့ပတ်သက်လို့မြင်သာတာကတော့ နယ်ခြားစောင့်တပ် အဖွဲ့ခံလိုက်ရတဲ့ တိုင်းရင်းသားလက်နှက်ကိုင်တွေပါ။) ထို့နည်းတူစွာပါပဲ မြေပေါ်နိုင်ငံရေးအင်အားစုများကိုလည်း ဒီသဘော ကျင့်သုံးတယ်။သူတို့ တိုက်စရာမလိုတော့ဘူး ၊ ဖမ်းပြီးထောင်ထဲထည့်စရာမလိုတော့ဘူး။ (အဲသလို လုပ်နေရရင် - သူတို့အဖို့ သိပ်တွက်ချေ မကိုက်ဘူးထင်ပါရဲ့-ပျက်လက်စ နာမည်က ပိုပျက်လာဦးမယ်။) ဒီအဆင့်နဲ့မရမှ ထောင်ထဲထည့်ပေါ့။

အချင်းချင်းတွေ ရန်တိုက်ပေးလိုက်တယ်၊ ဦးဆောင်နေသူတွေ သမိုင်းအညွှန့်ကျိုးအောင် ဖန်တီးပေးလိုက်တယ်၊ နာမည် မပျက်ပျက်အောင် ဗျူဟာတွေ ၊မဟုတ်မမှန် တီးတိုးဝါဒဖြန့်မှု့တွေနဲ့ အများစုကို အယုံသွင်းပြီး အဲဒီသူတွေကို ယုံကြည်တဲ့သူတွေ မရှိအောင် ၊နိုင်ငံရေး၊လူမှု့ရေး၊စီးပွားရေးလောကပါ မကျန် ဘေးရောက်...၊ အားလုံးနဲ့ အထီးကျန်ဖြစ်အောင်တွန်းပို့ပေးလိုက်တယ်၊ အဲသလို အခြေနေတရပ်ကို ရောက်အောင် စစ်အာဏာရှင်လက်ကိုင်တုတ် ထောက်လှမ်းရေးတွေက ရေလာမြောင်းပေး နည်းနည်းလေးလောက် ဖန်တီးပေးလိုက်ရုံဆို လုံလောက်ပါပြီ ။ ကျန်တဲ့အပိုင်းကို မိမိ ဒီမိုကရက်အင်အားစု ဘက်တော်သားများက ဆက်လုပ်ကြတော့တယ်။သူတို့က ကျန်ရှိအပိုင်းကို ဆက်တွန်းကြတယ်။ တချို့ ကိုယ့်အင်အားစုတွေဆို ထောက်လှမ်းရေးက အဲသလိုခင်းပေးလို့ သူတို့ဆက်လျှောက်နေတာတောင် ဆက်လျှောက်မှန်းမသိရလောက်အောင် ထောက်လှမ်းရေးတွေက ပါးနပ်ပါတယ်။ကျွမ်းကျင်ပါတယ်။

တခါက နပိုလီယံပြောခဲ့တဲ့စကားကို ဖတ်ဖူးမိတယ် ။ "ရန်သူလျှောက်စေချင်တဲ့လမ်းကို လျှောက်မိတာလောက် မှားတဲ့အမှား မရှိဘူး...တဲ့ "
ဆင်ခြင်နိုင်စရာစကားလေးပါ။



၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ထင်ရှားနေတဲ့ ကျောင်းသားခေါင်းဆောင် မင်းဇေယျ တို့ ၊ ကိုကိုကြီး တို့ဆို ..ဒီလို အောက်တန်းကျတဲ့ ထောက်လှမ်းရေးများရဲ့ ဗျူဟာအောက်မှာ ကာလတခုထိ လူးလိမ့်နေအောင် ခံခဲ့ရပါတယ်။မိမိ အင်အားစုများရဲ့ အထင်မှားခြင်း၊ ၀ိုင်းကြဉ်ခြင်းကို ခံခဲ့ရပါတယ်။ အမှန်တရား ကမ္ဘာပတ်မှပဲ သက်သာရာရခဲ့တာ မဟုတ်လား၊

ဒါ့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အပြောလွယ်သလောက် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အတော်ခက်ခဲတယ်ဆိုတာကို အတွေ့အကြုံတွေက သက်သေခံနေပါတယ်။



တကယ်လို့သာ အန်တီစု အပါဝင် လူကြီးများရဲ့ အားပေးမှု့မရှိဘူးဆိုရင် ကျနော်တို့ လုပ်ငန်းစဉ်များဟာ တလက်မ တောင် ရွှေ့နိုင်စရာ အကြောင်းမရှိခဲ့ပါဘူး၊ ။

အပိုင်း ( ၇ ) ဆက်ပါဦးမည်။ ။

( မောင်မောင်ဝမ်း )

ရသ


" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း (၇)

"(မောင်မောင်ဝမ်း) nov 12,2010

"ကျနော်တို့တတွေ "ည" ဆိုတဲ့ ကာလတစ်ခုကို အချိန်အားဖြင့် အဓိပ္ပါယ်အားဖြင့် လိုသလို ဆွဲယူလို့ မရနိုင်တော့ဘူးလား။ ည ဟာ နေ့ ရဲ့ ရှေ့တော်ပြေး ၊ လေပြေလေညှင်းကလေးကော မဖြစ်နိုင်ဘူးလား။ ည ဟာ အနှုတ်လက္ခဏာ မဟုတ်ဘဲ အပေါင်းလက္ခဏာရဲ့ မိခင် အဖြစ် ကျနော်တို့ ပြောင်းယူလို့ မရနိုင်တော့ဘူးလား။" (ကဗျာဆရာ-ငြိမ်းဝေ )
------------------------------------------
အမိမြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့လူ့အခွင့်ရေး ရရှိရေး-အမျိုးသားလွတ်မြောက်မှု့တိုက်ပွဲဟာ သိပ်ကြမ်းတမ်းလှပါတယ်။ ခက်ခဲနက်နဲလှပါတယ်။ အမှောင်ထုအားကြီးလွန်းလှပါတယ်။ ပေးဆပ်မှု့တွေလည်း များလွန်းလှပါတယ်။

အဖိုးတန်သောအရာမှန်သမျှ ခက်ခက်ခဲခဲလုပ်ယူမှ ရတတ်တယ်....ဆိုတဲ့ ဥပဒေသကလည်း ရှိနေတယ်မဟုတ်လား။ အမှောင်ဆုံးသော သန်းခေါင်ဟာ အရုဏ်ဦးဖို့အတွက် နိမိတ်လက္ခဏာရပ်တွေများဖြစ်လာလေလိမ့်မလား။

ဒီလိုနဲ့...တနေ့ ကျနော်အိမ်ကို ပြန်အရောက်ပြီး မကြာခင်မှာပဲ အိမ်ရှေ့ကို ထောက်လှမ်းရေးက ကားတစီးထိုးဆိုက်လာတယ်။ကားပေါ်ကနေ လူ ၃ဦးဆင်းလာပြီး အိမ်ထဲကိုဝင်လာတယ်။ ကျနော်က သိလိုက်ပါတယ် ။ သူတို့ဘယ်သူတွေလဲ ဆိုတာ ။

ကျနော်က အိမ်ရှေ့ဧည့်ခန်းမှာ လူမှု့ဝတ္တရားအရ ဧည့်ခံလိုက်တော့ သူတို့ထဲက တယောက်က မိတ်ဆက်ပေးတယ်၊ တယောက်က ဗိုလ်ကြီးအဆင့်ရှိသူ၊နောက်တစ်ယောက်ကတော့ ဒုတပ်ကြပ်တယောက် ၊ ကျနော့်ကို မိတ်ဆက်ပေးနေသူက ကျနော်နေထိုင်ရာအရပ်မှာ တာဝန်ကျနေတဲ့ နယ်မြေခံ ထောက်လှမ်းရေးတပ်ကြပ်ကြီး။ ကျနော်နည်းနည်းတော့သဘောပေါက်လိုက်တယ် ။ဒါလာဖမ်းတာတော့ မဖြစ်နိုင်သေးဘူး...ဆိုပြီး (ဘာရယ်လို့တော့မဟုတ်ပါဘူး။ ခန့်မှန်းကြည့်မိတာပါ။) အကြီးဆုံးအဆင့်ဖြစ်တဲ့ ဗိုလ်ကြီးဆိုသူက စ ပြောလာတယ်--------။

"မနက်ဖြန်မှာ ကျနော်တို့ လူကြီးက ခင်ဗျားတို့ကျောင်းသားတွေနဲ့တွေ့ချင်တယ်ဆိုပြီး....အကြောင်းကြားလာလို့ ကျနော်တို့ ခင်ဗျားဆီ လာခဲ့တာပါ"။ ပြောပြောဆိုဆိုနဲ့ သူ့ရဲ့လက်ကို ကမ်းပေးတော့ ကျနော်လည်း လက်ဆွဲနှုတ်ဆက်ရင်း ကနေ........

" ဘယ်သူလဲ.. ခင်ဗျားတို့လူကြီးဆိုတာ ဘယ်သူလဲ" ဆိုတော့......

" အဲဒါတော့ ကျနော်လည်းမသိဘူး.. ကျနော်တို့တပ်မှုး (ထောက်လှမ်းရေး ၁၆-တောင်ဥက္ကလာပ )ကနေ လွှတ်ပြီး အကြောင်းကြားခိုင်းလိုက်လို့ လာပြောတာပါ"

" ဒါဆို .. ခင်ဗျားတို့ထောက်လှမ်းရေးတပ်မှုးတော့ မဟုတ်နိုင်ဘူး "

" သူတော့ မဟုတ်ပါဘူး … လူကြီးတယောက်တော့ လူကြီးတယောက်ပဲ"

ကျနော်သဘောပေါက်လိုက်ပြီ၊လွန်ခဲ့တဲ့ ၂ ရက်က နအဖဆီ အကြောင်းကြားစာကို ကျနော်တို့တတွေ အန်တီအိမ်ထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ထောက်လှမ်းရေးတွေကနေ တဆင့်ပို့ခိုင်းလိုက်တာ အဲဒီကိစ္စပဲ ဖြစ်နိုင်လောက်မယ်။ စိတ်ထဲမှာ ကောက်ချက်ချနေရင်းက…

" အဲဒါ… ခင်ဗျားတို့ကျောင်းသားတွေ စုစုပေါင်း ၅ ယောက်ကနေ ၁၀ယောက်ထက် မပိုဘဲတွေ့ချင်တယ်တဲ့.. ဖြစ်နိုင်..မဖြစ်နိုင် ကျနော့်ကို အခုအကြောင်းပြန်လို့ရနိုင်မလား"

မိုးကအတော်ကို ချုပ်နေပြီ၊ စီစဉ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ တွေ့ရမှာက မနက်ဖြန်ဆိုတော့ သိပ်တော့လွယ်လိမ့်မယ်လို့ ကျနော်မထင်မိ..။

" မနက်ဖြန်တွေ့ရမယ်ဆိုတာတော့.. သိပ်လွယ်မယ် မထင်ဘူးဗျ.. ။ကျနော်ကျန်တဲ့သူတွေကို လိုက် အကြောင်းကြားရဦးမှာ"

"ဒါဆို ဘယ်နေ့လောက် ဖြစ်နိုင်မလဲ…သိပ်တော့ မခွာနဲ့ပေါ့ဗျာ"

ကျနော်စဉ်းစားကြည့်မိတယ်။ဒီကိစ္စကို ပေါ့ပေါ့လုပ်လို့မဖြစ်၊ ကျနော် လူကြီးတွေနဲ့တိုင်ပင်မှဖြစ်မည်။သို့်မဟုတ်ဘူး ဆိုရင် ကျနော်တို့သမိုင်းကို ထိခိုက်နိုင်သည့်အရာ ဖြစ်နေရင် ဘယ်လို လုပ်မလဲ၊ သူတို့နဲ့ဆက်ဆံရတာ နည်းနည်းတော့ လန့်သည်။အဖမ်းခံရမှာကို လန့်တာတော့မဟုတ်ပါ၊ ကျနော်တို့ သမိုင်းပုတ်မြောင်းထဲ ထိုးကျသွားမှာကို စိုးရိမ်မိသည်။ ထောက်လှမ်းရေးတွေ လုပ်တတ်သည့် အကျင့်ဆိုးတွေကို တွေ့ကြုံဖူးသူတယောက်အနေဖြင့် လွယ်လွယ်နဲ့မဆုံးဖြတ်ရဲ…….။

" ကျနော် အဆုံးဖြတ်ပေးလို့ မရနိုင်ဘူးဗျ…..။ တိုင်ပင်ရဦးမယ်..။ ဒါတော့ခွင့်ပြုပါ "

ထောက်လှမ်းရေးအရာရှိ နည်းနည်းတော့ စိတ်ရှုတ်သွားဟန်ရှိတယ်..။ ပြီးမှ သူက..

" နေဦး.. ကျနော် လူကြီးဆီ လှမ်းသတင်းပို့ မေးကြည့်ဦးမယ် " ဆိုပြီး ကျနော့် တို့အိမ်ထဲကနေ ကားရပ်ထားတဲ့နေရာကို ထွက်သွားပြီးဖုန်းတလုံးနဲ့ အဆက်သွယ်သွားလုပ်နေတာကို ပြတင်းပေါက်ကနေ လှမ်းမြင်နေရတယ်။နည်းနည်းတော့ကြာတယ် ။ ၁၅ မိနစ်လောက်ရှိမယ်ထင်တယ်။ အိမ်ထဲကျန်ရစ်ခဲ့တဲ့သူတွေကတော့ ဖွင့်ထားတဲ့ တီဗွီ ကို ကြည့်ရင်း စောင့်နေကြတယ်။နောက်ပြန်ဝင်လာပြီး…….

" သဘက်ခါလောက်တော့ဖြစ်အောင်လုပ်ပေးပါ....တဲ့"
" ကျနော်ကြိုးစားကြည့်ပါ့မယ်…။ ဒါပေမယ့် အာမ တော့ မခံရဲဘူး ..။ တွေ့မယ် ..မတွေ့ဘူး..ဆိုတာ။ ကျနော်တို့တိုင်ပင်ချင်ပါသေးတယ် ..။ တကယ်လို့ အကြောင်းပြန်ကြားမယ်ဆိုရင်.. ဘယ်လိုလုပ်ရမလဲ "

" ဟုတ်ပြီလေ ....ကျနော်တို့ ခင်ဗျားဆီကို လာဆက်သွယ်ပါ့မယ် .. ။ကျနော်တို့ဆီကို အမြန်ဆုံးအကြောင်းပြန်ပေးပါ "

ပြောပြောဆိုဆိုနဲ့ အရာရှိလုပ်သူက ထပြီး ကျနော်အပါဝင် အိမ်မှာရှိနေတဲ့ သူငယ်ချင်းမိသားစုများကို နှုတ်ဆက်ပြီး ထွက်သွားတော့တယ်။ ကျနော်က သူငယ်ချင်းလုပ်သူနဲ့မိသားစုကို မှာထားရတယ်။တကယ်လို့ သူတို့ ဒီကိုလာပြီး ဆွေးနွေးတာတို့ ......စကားပြောတာတို့ကို မှတ်ထားပေးဖို့ ၊ အဲသလိုမဟုတ်ရင် သူတို့က ပြင်ပမှာ မဟုတ်မဟတ်တွေ ပြောဆိုလာရင် အခက်ကြုံမှာ ကြောက်ရလို့ သက်သေထူထားတာပါ။



ဒီလိုနဲ့ နောက်ရက်မှာပဲ ကျနော်တို့ကျောင်းသားများနဲ့ဆုံတွေ့ပြီး နအဖ ထောက်လှမ်းရေးအရာရှိရဲ့ကမ်းလှမ်းချက်ကို တင်ပြတိုင်ပင် ဆွေးနွေးကြတယ်။ အားလုံးကတော့ သွားရောက်တွေ့ဆုံဖို့ ကို သဘောတူခဲ့ကြပြီး ၊ ဆက်လက်ပြီးတော့ အန်တီစုအပါဝင် လူကြီးတွေနဲ့ဆက်လက်တိုင်ပင်ဖို့ ကိုပါ စီစဉ်ခဲ့ကြတယ်။ အန်တီစုအပါဝင် NLD က လူကြီးတွေနဲ့တွေ့ဆုံတော့ အားလုံးက သွားရောက်တွေ့ဆုံဖို့ ကို အားပေးခဲ့တယ်။ အန်တီစုကတော့-----

" အန်တီတို့တောင် တွေ့ဆုံဆွေးနွေးဖို့ အမြဲတောင်းဆိုနေတာပဲ …။ အခုလို သားတို့ကို တွေ့ဖို့ ကမ်းလှမ်းချက်အတွက် သွားသင့်ပါတယ်…။ဘာပဲဖြစ်ဖြစ် အကျိုးအကြောင်း သိရတာပေါ့ "

ကျနော် ညနေဘက် နေတော်တော်စောင်းလို့ အိမ်ပြန်သွားတော့ နယ်မြေခံထောက်လှမ်းရေးတပ်ကြပ်ကြီးက အိမ်မှာ အဆင်သင့်စောင့်နေတယ်..။ ကျနော်က အကျိုးအကြောင်းကို ရှင်းပြပြီး ကျနော်တို့ကျောင်းသားများ လာခေါ်ဖို့ ကိုပါ စီစဉ်ခိုင်းတော့ သူက .." အားလုံးစီစဉ်ပေးမယ့်အကြောင်း" ပြောပြီးပြန်သွားခဲ့တယ်။

ကျနော့်ရဲ့စိတ်ထဲမတော့ မယုံရဲယုံရဲ နဲ့ အကောင်းဘက်ဖြစ်ပါစေလို့ပဲ မျှော်လင့်ရင်း ..။
နောက်တနေ့မှာတော့ ကျနော်တို့ကို သတ်မှတ်ထားတဲ့နေရာမှာ သူတို့ ကားနှစ်စီးနဲ့လာကြိုတယ်။ တစီးက ကျနော်တို့ကို ခေါ်သွားတဲ့ကားဖြစ်ပြီး နောက်တစီးကတော့ ထောက်လှမ်းရေးအမှတ် ( ၁၆ ) က တပ်မှုးစီးလာတဲ့ကား။ သူက ကျနော်တို့ကားရဲ့ရှေ့ဘက်ကနေ မောင်းရင်း.. သွားနေတာကတော့ မြို့ထဲဘက်ပဲ..။ ဘယ်ကိုသွားနေတာလဲဆိုတာ ကျနော်တို့လည်း တိတိကျကျ မသိဘူး..။နောက်တော့မှ.. ၀န်ကြီးများရုံးထဲကို ထိုးဝင်သွားတယ်။ အဲဒီဝန်းထဲရောက်တော့ ထောက်လှမ်းရေး ဘာရုံးလည်း မသိဘူး ။နည်းနည်းတော့အဆောက်အဦက ကြီးတယ်.. ။ ကျနော်တို့ကို ကားပေါ်က ဆင်းခိုင်းပြီး.."ပါလာတဲ့အိတ်တွေ၊ စာအုပ်တွေကို အပြင်မှာ ထားခဲ့ဖို့ " ပြောတယ်။ နောက် အစည်းဝေးခန်းမလို (အခန်းကို လေးထောင့်စားပွဲ ပုံစံ ပတ်လည်ခင်းထား)နေရာကို ရောက်တော့ ကျနော်တို့ကို ထိုင်ခိုင်းလိုက်တယ်။ ကျနော်တို့ကို စားပွဲရဲ့တဘက်မှာ တန်းစီပြီး ထားတယ်။ပြီးတော့ ထောက်လှမ်းရေး ဗိုလ်ကြီးလုပ်သူက ကျနော်တို့ထဲက ပါလာတဲ့သူတွေရဲ့ နာမည်ကို တယောက်ချင်းစီ လိုက်မေးပြီး... သူ့ရဲ့မှတ်စုစာအုပ်လေးထဲမှာ ရေးမှတ်တယ်..။

သိပ်မကြာခင်မှာပဲ .. အရပ်ဝတ် အရပ်စား လူ၅ ယောက်လောက် ၀င်လာပြီး အအေးပုလင်းတွေနဲ့၊ ကိတ်မုန့်တွေ သယ်လာပြီး.. ကျနော်တို့ကို တည်ခင်းကျွေးမွေး.. သူတို့ အားလုံးကလည်း ကျနော်တို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံနေလေတော့.. ကျနော့်စိတ်ထဲမှာ " အခြေအနေကတော့ သိပ်မဆိုးဘူး " လို့ကောက်ချက်ချမိတယ်..။ ကျနော်က ဘေးနားမှာရှိတဲ့ ကျောင်းသား ခင်မောင်သိန်း ( NLD-ကိုကိုးကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း သား ) ကို တိုးတိုးလေး ကပ်ပြောတယ်…။

" ဟေ့ကောင် ...အကုန်စားကွ…။ ထောက်လှမ်းရေးက ဒီလိုကျွေးတာ စားရခဲတယ်" ဆိုတော့ -ဘေးတဘက်က ကျောင်းသူတဦးက လက်ညှိုးလေးကို ပါးစပ်နားမှာကပ်ပြီး……

"ရှုး..တိုးတိုး.. အခန်းထဲမှာ အသံဖမ်းစက်တွေ တပ်ထားရင်တပ်ထားမှာ ။ သိပ်စကားမပြောနဲ့တော့ "
ဆိုတော့မှ ကျနော်တို့လည်း ချကျွေးတာတွေကို စားနေချိန်မှာပဲ.. ကင်မရာတွေ ကိုင်လာတဲ့လူတချို့ အခန်းထဲ ၀င်လာတယ်..။

ကျနော်တို့စားသောက်နေတဲ့ပုံတွေကို..တဖျန်းဖျန်းနဲ့ ဓါတ်ပုံရိုက်ယူတော့တာပဲ..။ဘာတွေလုပ်ကြမှန်းတော့ မသိသေးဘူး။ ဓါတ်ပုံရိုက်သူတွေ ထွက်သွားပြီး ခဏလေးအကြာမှာပဲ အခန်းထဲကို ယူနီဖောင်းနဲ့လူကြီးလို့ပြောတဲ့သူ ၀င်လာတယ်။ ထောက်လှမ်းရေးတပ်မှုးရယ်၊ ဗိုလ်ကြီးရယ်က ထ အလေးပြု နေချိန်မှာ.... ကျနော်အကဲခပ်လိုက်တော့.. အဆင့်က ဗိုလ်မှုးကြီးအဆင့် ။ ကျနော်က လူပုဂ္ဂိုလ်ကို သေသေချာချာ မသိဘူး ။ သူက စားပွဲထိပ် တည့်တည့်မှာ နေရာယူအပြီး ထောက်လှမ်းရေးက ဗိုလ်ကြီးက ကျနော်တို့တယောက်ချင်းစီရဲ့နာမည်ကိုခေါ်ပြီး အဲဒီ ဗိုလ်မှုးကြီးနဲ့ မိတ်ဆက်ပေးတယ်။



ကျနော်တို့ကို မိတ်ဆက်ပေးပြီးမှ.. သူကပဲ.." ဒါကတော့ ဗိုလ်မှုးကြီးသန်းထွန်း ပါ " ဆိုတော့မှ ကျနော်လည်း သိတော့တယ်။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့လက်ရုံး (သူ့ ရာထူး တိတိကျကျတော့ ကျနော်လည်း မသိဘူး).. ပြီးတော့ သူ့ရဲ့ရင်ဘတ်မှာလည်း အမျိုးသားညီလာခံကိုယ်စားလှယ်ဆိုတာကြီးလည်း တပ်လာသေးတယ်ဗျ။ သဘောကတော့ ၀တ်စုံပြည့်၊တာဝန်ပြည့်သဘော။ ကျနော်တို့အားလုံးကို တချက်ဝှေ့ကြည့်ပြီး..ပြုံးပြတယ်..။ ပြီးမှ သူ့ရှေ့မှာတင်ထားတဲ့ ယူလာတဲ့ မှတ်စုစာအုပ်လေးကိုဖွင့်ရင်း………

" ကျနော် ဖတ်ပြတာလေး သေသေချာချာနားထောင်ပေးပါနော် " ဆိုပြီး......

" မကြာသေးမှီက ကျောင်းသားများရဲ့ကမ်းလှမ်းဖိတ်ခေါ်ချက်ကို သိရှိရတဲ့အကြောင်း..၊ အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံရန်မှာ အချိန်ကာလအားဖြင့် စောနေသေးကြောင်း..၊ အခြေနေတရပ်ကိုစောင့်ကြည့်ရန်လိုနေသေးကြောင်း ..." စသဖြင့်စာအုပ်လေးကို ကြည့်ပြီးဖတ်ပြပါတယ်။

" ကျနော် ပြောတာရှင်းရဲ့လား မသိဘူး " ဆိုတော့ ကျနော်တို့အားလုံးက "ရှင်းတဲ့အကြောင်း"ပြန်ပြောလိုက်တယ်။ စိတ်ထဲမတော့ "ဒါလေးဖတ်ပြတာများ စာအုပ်ဖွင့်ဖတ်လုပ်နေရသေးတယ်၊ဒီအတိုင်း ပါးစပ်က ပြောလည်း ရနေရဲ့သားနဲ့။"လို့ ပြောမိတယ်။

ပြီးမှ ဗိုလ်မှုးကြီးသန်းထွန်းက ကျနော်တို့ကို .. "ဘာများပြောချင်သေးလဲ"ဆိုတော့.. ကျနော်တို့လည်း တယောက်ချင်းစီ ပြောတော့တာပဲ…။

ကျနော်တို့လုပ်ဆောင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ကျနော်ကရှင်းပြတယ်.. ။ကျနော်တို့ထဲက ကျောင်းသူ ခင်လေးငယ်နဲ့ အေးအေးခိုင် တို့ကလည်း အန်တီစုရဲ့ယနေ့ရပ်တည်ချက်၊သဘောထားတွေကို ပွင့်ပွင့်လင်းလင်းချပြကြတယ်။ သူကတော့ သိပ်ပြန်မပြောပါဘူး၊နားပဲထောင်နေတယ်။ ကျနော်တို့ ဗိုလ်မှုးကြီးသန်းထွန်းနဲ့စုစုပေါင်းဆွေးနွေးချိန် နာရီဝက်သာသာပါပဲ။နောက်တော့ပြန်လာခဲ့ကြတယ်။

ကျနော်တို့ကိုပြန်ပို့တော့ ထောက်လှမ်းရေးဗိုလ်ကြီးလုပ်သူက လိုက်ပို့ပေးတယ်။သူက ကျနော်တို့သဘောမနောကို သိနေလို့လားမသိဘူး၊" အန်တီစုအိမ်ဘက်လိုက်ပို့ပေးရမှာ မဟုတ်လား" ဆိုတော့.. ကျနော်တို့က တပြိုင်နက်ထဲ ခေါင်းငြိမ့်လိုက်ကြတယ်။



အန်တီစုအိမ်ရောက်တော့ အဆင်သင့်ပဲ ကျန်တဲ့လူကြီးတွေဖြစ်တဲ့.. ဦးအောင်ရွှေ၊ဦးတင်ဦး၊ ဦးကြည်မောင်တို့နဲ့ပါတွေ့တော့ အကျိုးအကြောင်းကို တင်ပြကြတယ်။ အန်တီကတော့…

" သားတို့အနေနဲ့ လုပ်စရာရှိတာတွေ လုပ်ခဲ့ပြီးပြီပဲ.. ကိုယ့်တာဝန်ကျေတာပေါ့.. ကိုယ်ကလည်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပေါ့ "

ကျနော့်ရင်ထဲမတော့ နည်းနည်း စိုးထိတ်မိတာ ရှိတယ်..။ အထူးသဖြင့် ကျနော်တို့ နိုင်ငံရေးလောကမှာက အဲသလို နအဖ က ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံလာပြီဆို ၀ိုင်းဆော်ပလော်တီးခံရတာတွေက ရှေ့မှာ သင်ခန်းစာတွေက ရှိနေလေတော့…ကျနော်က ဖွင့်ပြောမိတယ်။

" အန်တီ အပါအ၀င်..ဘဘ တို့ကို ကျနော်တို့ အသိပေးထားချင်ပါတယ်..။ အဲဒါဘာလဲဆိုတော့ ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ ကိစ္စရပ်တိုင်းကို ရိုးသား ပွင့်လင်းစွာလုပ်ကိုင်နေပါတယ် ...ဆိုတဲ့အကြောင်းကို လူကြီးတွေ သက်သေထား အသိပေးထားချင်ပါတယ်" ..

ဦးတင်ဦးက ချက်ချင်းပဲ....... " ဘဘတို့သိပါတယ်.. သားတို့စိတ်မပူပါနဲ့ "

ဒီလိုပြောလိုက်တော့မှ ကျနော်တို့စိတ်သက်သာရာ ရခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်.. ကျနော့်ကို မကျေနပ်လို့ နအဖက ထောင်ချပစ်လိုက်မှာထက် ....မိမိ ဒီမိုကရေစီ အင်အားစုတွေက အထင်မှား ဆန့်ကျင်မှာ ကို အကြောက်ဆုံးပါ။ တကယ်လည်းကြုံတွေ့ရတာပါပဲ၊ နောက်ရက်မှာပဲ စာတွေဖြန့်တယ်၊ အဲဒီစာတွေက "ကျနော်တို့ လုပ်ဆောင်နေတဲ့ကိစ္စတွေဟာ သစ္စာဖောက်လုပ်ရပ်တွေဖြစ်ကြောင်း၊ ကျနော်တို့ကို ၀ိုင်းဝန်းဆန့်ကျင်ကြဖို့" ဆိုပြီး လုပ်ဆောင်လာတော့ ကျနော်တို့ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဘာတတ်နိုင်မှာလည်းလေ.. အန်တီပြောခဲ့တဲ့စကားအတိုင်းပဲ..
" ရည်ရွှယ်ချက်နဲ့လုပ်ဆောင်ချက်ကောင်းမွန်ရင် တနေ့တော့ နားလည်လာကြမှာပါ " ဆိုတဲ့ စကားကိုပဲ နှလုံးသွင်းရင်း ဖြေသိမ့်ခဲ့ရပါတယ်။

-----------------------------------------------------
"မျှော်လင့်ချက်ဆိုသည်မှာ ဘယ်တော့မှ အချည်းအနှီး မဖြစ်။ မနက်ဖြန်အထိ ဆက်လက် အသက်ရှင်နိုင်ဖို့ လူတစ်ယောက်ကို အဓိက တွန်းအားပေးသည့် ခွန်အားမှာ မျှော်လင့်ချက်သာ ဖြစ်သည် မဟုတ်လား။ " ( စာရေးဆရာမ - ဂျုး )
------------------------------------------------------
အဲဒီနေ့က ၁၉၉၅ ခုနှစ် အောက်တိုဘာလ ( ၁၀ )ရက် သီတင်းကျွတ်လပြည့်နေ့ ၊
မြန်မာ ဓလေ့ထုံးလမ်းစဉ်လာမှာတော့ အနန္တော အနန္တ ( ၅ )ပါး အပါဝင် လူကြီးသူမ ဆရာသမား များကို လက်ဆယ်ဖြာမိုး ရှိခိုး ကန်တော့ကြတဲ့နေ့လည်းဖြစ်တယ်။ ဒီလိုရှိခိုး ကန်တော့ကြခြင်းဟာ မြန်မာ့ရိုးရာအစဉ်လာပါ၊ လက်နှက်ချခြင်းမဟုတ်၊အညံ့ခံခြင်းမဟုတ်၊ အောက်ကျခံခြင်းမျိုးလည်း မဟုတ်ပါ၊ ကျနော်တို့ စီစဉ်ခဲ့တဲ့ ဂါရ၀ပြုပွဲဆိုတာ သာမန်ကြည့်မယ်ဆို ဒီလောက်ပါပဲ ၊

ဒါပေမယ့် ရင်ထဲမှာရှိနေကြတဲ့ ရည်ရွှယ်ချက်တွေလည်း ရှိနေပါသေးတယ် ။ ဒါကတော့ သင့်မြတ်ခြင်းမှသည် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကို ဦးတည်ပါတယ်။
အန်တီစု ခြံဝန်းအတွင်းမှာ မြို့နယ်အသီးသီးက လူငယ်တွေဆောက်လုပ်ပေးထားတဲ့ မဏ္ဍပ်ကြီးကတော့ အဲဒီနေ့မှာ တင့်တင့်တယ်တယ် ကြွားကြွားဝံ့ဝံ့၊



ပထမဦးဆုံး ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားဆိုလည်း မှန်ပါတယ်။ ကျနော်တို့အားလုံး တတ်နိုင်သလောက် တာဝန်ကျေပွန်စွာ ဖိတ်ခေါ်ခဲ့ပါတယ်။ ပထမဦးဆုံးကျင်းပမယ့် အခမ်းအနားဆိုတော့ နည်းနည်းတော့ ရင်ခုန်ပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအခမ်းအနားကို အောင်အောင်မြင်မြင် ဖြစ်စေချင်တာ အမှန်ပါ၊ အဲဒီကာလက အခြေနေကလည်း သိပ်အကောင်းချည်းမဟုတ်သေးတော့ ...ရန်စွယ် အန္တရာယ်တွေကိုလည်း စိုးရိမ်ရပါတယ်။

အန်တြီ့ခံဝန်းထဲမှာ ကျင်းပမယ့် ပထမဆုံးအခမ်းအနားကို မပျက်ပျက်အောင် လာဖျက်နိုင်မယ့် အရာတွေကိုလည်း ကြိုတွေးပြီး ကြိုစီစဉ်နိုင်အောင် ဖန်တီးထားရပါတယ်။ လုံခြုံရေးကို ပါတီလူငယ်တွေနဲ့ ကျနော်တို့ကျောင်းသားတွေပဲ ယူခဲ့ပါတယ်။ အန်တီစု ခြံဝန်း တံခါးပေါက်ကြီးကို ဒိုးယိုပေါက် ဖွင့်လိုက်ပါတယ်။ အန်တီစု လုံခြုံရေးကို တာဝန်ယူပေးနေတဲ့ ထောက်လှမ်းရေးတွေကို အဲဒီနေ့မှာပဲ မေတ္တာရပ်ခံပြီး "တနေ့တာ အတွက် ကျနော်တို့ တာဝန်ယူပေးမယ့် အကြောင်း " ကို သဘောတူညီချက်ရအောင် ဆွေးနွေးခဲ့တာ အဆင်ပြေခဲ့ပါတယ်။ (အန်တီက ထောက်ခံပြောဆိုတာလည်း ပါတာပေါ့လေ၊)

အခမ်းအနား ကျင်းပမယ့် ခန်းမရဲ့ရှေ့ဘက်မှာတော့ ကြိုဆိုရေးနဲ့ မှတ်တမ်းဌာန ဖွင့်ထားပါတယ်။ မှတ်မှတ်ရရ ကျနော့်ရင်ထဲမှာ မမေ့နိုင်တဲ့ မှတ်တမ်းလေးတစ်ခုကတော့ ...ဆရာမောင်လင်းယုန် ( ရှမ်းပြည်) ရေးပေးသွားတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးပါ---။



" ဒေါင်းပျိုထိုးဆွတ် ၊ ဘယ်ညာခွပ်၍
လွတ်လပ်ရလေ၊တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား။"
.....တဲ့၊
-----------------------------------------------------------------------------
တက်ရောက်လာကြတဲ့ လူကြီးတော်တော်များများ မှတ်တမ်းတွေ ရေးပေးကြပါတယ်။ (အန်တီစု အပါအ၀င်ပေါ့လေ၊) တက်ရောက်လာကြတဲ့ လူကြီးတွေ တော်တော်များများရှိပါတယ်။ မှတ်မိသလောက်ဆို အယောက်( ၆၀ ) နီးပါးတော့ ရှိမယ်ထင်ပါတယ်။ ထူးခြားတာက ထင်ရှားတဲ့စာရေးဆရာကြီး နန်းညွန့်ဆွေ ၊ မြသန်းတင့်နဲ့ ဆရာအောင်သင်းကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဆရာကြီးတွေကလည်း တက်ရောက်ပေးပါတယ်။ အမျိုးသမီးထဲကတော့ လူကြီးပိုင်းက ဆရာမကြီး ဒေါ်ကြည်ဦး(ကိုဇာဂနာ့ အမေ) နဲ့ ဒေါ်ကြည်ကြည် ရယ်။နောက်နှစ်ယောက်ကတော့ အန်တီစု နဲ့ ဒေါ်ချိုချိုကျော်ငြိမ်း= ပေါင်း လေးဦးပဲ ရှိပါတယ်။

ရာသီဥတုကလည်း အဲဒီနေ့က တော်တော့်ကို သာသာယာယာ ရှိခဲ့တာ ဆုတောင်းပြည့်ခဲ့သလား ထင်ရလောက်အောင်ပါ၊ ကုက္ကိုင်း လမ်းမကြီးပေါ်က အန်တီစုရဲ့ ခြံဝန်းရှေ့မှာရော ၊ ခြံတွင်းမှာရော ပရိသတ်တွေအပြည့် ။ ကားတွေ အစီအရီ ၊ပြန်စဉ်းစားကြည့်မိတိုင်း အောက်မေ့ သတိရစရာတွေ ...ရင်ထဲဝင်ရောက်လာပါတယ်။ အခုချိန်မှာ အဲဒီလူကြီးတွေထဲက တချို့ဆို ကွယ်လွန်သွားကြပါလေပြီ၊

စိတ်မကောင်းစရာမြင်ကွင်းတခုကလည်း ရှိသေးသဗျ ။ အန်တီ့ ခြံဝန်းထိပ်နားက အဆောက်အဦငယ်လေးမှာ အမြဲနေရာယူထားတဲ့ ထောက်လှမ်းရေးတွေက သူတို့ထိုင်နေကျ နေရာလေးမှာ ငုတ်တုတ်ကလေးတွေ ထိုင်နေကြတော့ ..၀င်လာကြတဲ့ ပရိသတ်တိုင်းက သူတို့ကို ကြည့်သွားကြလေတော့.. ပရိသတ်ရဲ့အကြည့်ကို သူတို့ အကြည့်မခံနိုင်လောက်အောင် ထိတ်လန့်သွားခဲ့ပုံရပါတယ်။နောက်ဆုံး ဘယ်လိုမှ နေလို့မရလောက်အောင်ကို ဖြစ်လာကြလို့ ထင်တယ်။ထောက်လှမ်းရေးတွေဟာ သူတို့အိမ်ငယ်လေးထဲ ပြေးဝင်သွားရလောက်အောင်ပါပဲ။ (တူသောအကျိုးပေးဆိုတာ ဒါမျိုးများလား။)



ဦးခွန်ထွန်းဦးကတော့ သူတို့ရဲ့ရိုးရာ တိုင်းရင်းသားဝတ်စုံအပြည့်နဲ့ လာတာကို တွေ့လိုက်ရတယ်။ တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေလည်း အသီးသီး ၊ ဗိုလ်ချုပ်ရဲ့အပါးတော်မြဲ (ဗိုလ်ထွန်းလှ ( တက္ကသိုလ်နေ၀င်း ) ရယ် ...ဗိုလ်မင်းလွင် ရယ်၊) ၂ ဦးလုံး ရောက်လာတယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေနဲ့လူငယ်တွေကလည်းအပြည့် ၊ သူတို့ကတော့ပျော်နေကြတယ်။ နောင်ဆို အခမ်းအနားတွေ ၊ နိုင်ငံရေးပွဲတွေကို လုပ်မယ်ဆို ပူစရာမလိုတော့ဘူးလေ ၊ အန်တီ့ ခြံဝန်းအတွင်းမှာ အဆင်ပြေသွားပြီ၊ နိုင်ငံရေးလောကမှာ အတန်ငယ်ပျောက်နေတဲ့ သူတွေကိုလည်း ပြန်တွေ့ရတယ်။



အခမ်းအနား စတော့ လူကြီးတွေက စင်မြင့်ပေါ်မှာ နေရာယူပေးတယ်။ အန်တီရယ်၊ ဒေါ်ချိုချိုကျော်ငြိမ်းရယ် နှစ်ယောက်ကတော့ ကျနော်တို့ကျောင်းသား၊လူငယ်တွေနဲ့အတူပဲ နေရာယူပြီး လူကြီးတွေကို ကန်တော့တယ်၊ ပြီးမှ ကျောင်းသားတွေ ၊ လူငယ်တွေက သူတို့နှစ်ဦးကို ကန်တော့ကြတယ်။ စိတ်ချမ်းမြေ့စရာ အကောင်းဆုံးနဲ့ ပျော်စရာအကောင်းဆုံးမြင်ကွင်းတခုက.. ကျနော်က လူကြီးတွေ တစ်ယောက်ချင်းစီကို နာမည်ခေါ် မိတ်ဆက်ပေးတော့ တစ်ယောက်ခေါ်လိုက်တိုင်း... မတ်တပ်ရပ်ပြတဲ့လူကြီးက မတ်တပ်ရပ်ပြ၊ ထိုင်ရာက လက်ထောင်ပြတဲ့လူကြီးက လက်ထောင်ပြပေါ့ ၊



ဆရာကြီးမင်းသုဝဏ်ကို နာမည်ခေါ် မိတ်ဆက်ပေးတော့ ဆရာကြီးက သိဟန် မတူဘူး။ အဲဒါ ဘေးမှာရှိတဲ့ ဗိုလ်မှုးအောင်က လက်တို့လိုက်မှ လက်ညှိုးလေးထောင်ပြတယ် ။( အတန်းထဲမှာဆရာမက နာမည်ခေါ်လို့ လက်ညှိုးထောင်ပြတဲ့ ပုံသဏ္ဍာန်မျိုးလေး။) လူထုက သဘောကျလွန်းလို့ ရီလိုက်ကြတာ၊ တခါ ဗိုလ်မှုးအောင်ကို မိတ်ဆက်ပေးပြန်တော့ ဗိုလ်မှုးအောင်က မသိလိုက်ပြန်ဘူး။ ဘေးကလူက လှမ်းပြောမှ လက်ထောင်ပြတယ်။ လူကြီးတွေအားလုံးလည်း ပျော်ရွှင်နေပုံရတယ်။ သခင်ချစ်မောင်က ဆုတောင်းစကားကို ပြန်လည်ပြောကြားပေးတယ်။



မှတ်မှတ်ရရ ဖြစ်သွားတာလေး တခုလည်းရှိသေးတယ်.. ။ ဒါက ဆရာအောင်သင်းကို ကျနော်တို့က စကားပြောပေးဖို့  မေတ္တာရပ်ခံလို့ ဆရာက စကားပြောပေးတယ်..။ စစချင်း ဘာပြောသလဲ ဆိုတော့……

" ငါ လူငယ်တွေ၊ကျောင်းသားတွေကို သနားတယ်ကွာ ..။ တကယ်တော့ မင်းတို့တတွေဟာ.. စာသင်ရမယ့် အချိန်မှာ စာမသင်နိုင်..။ တိုင်းပြည်တာဝန်တွေကို မနိုင့်တနိုင်ထမ်းပိုး .. ထောင်တွေတန်းတွေကျကြ၊ အနှိပ်စက်တွေခံရ .. ငါ့ရင်ထဲ မချိဘူး …။ အဲဒါဘာဖြစ်လို့ .. ဒီလိုဖြစ်ရတာလည်း.. သိလား.. မှတ်ထားကွ.. ငါ အပါဝင် ( စင်မြင့်ပေါ်ကလူကြီးတွေကို လက်ညှိုးထိုးပြပြီး ) ဒီလူကြီးတွေ မကောင်းခဲ့လို့ ....ညံ့ခဲ့ကြလို့ ...ဒီလိုဖြစ်တာကွ " ဆိုတော့ စင်မြင့်ပေါ်မှာရှိနေတဲ့လူကြီးတွေ ရိုးတိုးရွတ... လှုပ်စိလှုပ်စိတွေဖြစ်ကုန်တယ်။ နောက်ဆက်ပြောသေးတယ်…။

" ရှင်ဘုရင်ဆိုတာလည်း.. ရှင်ဘုရင်အလုပ်ကို လုပ်ရတယ်… တနေ့ သက်ဦးဆံပိုင်ဘုရင်တပါးက တိုင်းခန်းလှည့်လာတော့ အမျိုးသမီးတယောက်က မန်ကျည်းပင်ပေါ်မှာ အရွက်နုလေးတွေ တက်ခူးနေတယ်လေ.. ။အဲဒါကို တယောက်လှမ်းပြောတယ်..။" ဟဲ့.. ရှင်ဘုရင်ကြွလာပြီ.. သစ်ပင်ပေါ်က ဆင်း " ဆိုတော့ .. သူကပြောတယ်.." ရှင်ဘုရင်..ရှင်ဘုရင် အလုပ်လုပ်..မကျည်းရွက်သည်က မကျည်းရွက်သည်အလုပ် လုပ်မယ် ..." တဲ့ ။

နားထောင်နေကြတဲ့ ပရိသတ် လက်ခုပ်သံတွေ ညံသွားတယ်။ ( နောင်အခါမှတော့ ဆရာအောင်သင်းက ကျနော်နဲ့တွေ့တဲ့အခါ ပြောပါတယ်.. ။ "ငါ့ကို ဒီလိုအခမ်းအနားတွေမှာ စကားပြော မခိုင်းပါနဲ့ကွာ..."တဲ့။ .."ငါကလည်း မှန်တာတွေပြောမိရင် .. ငါ့ကို အတော်အမြင်ကပ်ကြမှာကွ..."တဲ့ …။ )
တကယ်လည်း အမြင်ကပ်ခံခဲ့ရပါတယ်..။ ကျနော်လူကြီးအချို့နဲ့တွေ့တဲ့အခါမှတော့ "နောက်တခါ ဆရာအောင်သင်းလို လူမျိုးတွေကို အခမ်းအနားဖိတ်ခေါ်မယ်ဆို သူတို့မလာနိုင်ဘူး.."ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်ပါတော့တယ်….။




အန်တီကတော့ လူငယ်တွေရဲ့အခန်းကဏ္ဍကိုပဲ ရှေ့တန်းတင် ပြောဆိုသွားပါတယ်။ " လူငယ်တွေဟာ တိုင်းပြည်မှာအရေးကြီးတဲ့အကြောင်း၊ သူ့အနေနဲ့ လူငယ်တွေကို အားကိုးတဲ့အကြောင်း " ပြောသွားတယ်။

အခမ်းအနားပြီးတဲ့ အချိန်မှာတော့ ဆရာအောင်သင်းက ကျနော့်ကိုပြောတယ်..။
" ဟေ့ကောင်.. ငါ မစုနဲ့တွေ့ချင်တယ်ကွာ " ဆိုလို့ ကျနော် အန်တီစု ရှိရာကို ဆရာ့ကို ခေါ်သွားပြီး တွေ့ဆုံပေးတော့…

" မစု.. ကျနော့်ကိုသိလား "

ဆရာအောင်သင်းက သူ့ရဲ့မျက်မှန်ကိုင်းလေးကို မ တင်ရင်း မေးလိုက်တယ်။

" ဆရာ့လို လူမျိုးကို ကျမ မသိလို့ ဘယ်ဖြစ်မလဲ ဆရာ.. သိပ်သိတာပေါ့…ဆရာက နာမည်ကျော်ပဲ " ဆိုတော့ ဆရာအောင်သင်းရဲ့မျက်နှာပြင် ၀င်းလက်သွားတာကို တွေ့လိုက်ရတယ်။

" ကျမ မိတ်ဆွေတဦးက မြန်မာစာသင်ပေးမယ့် ဆရာတယောက်လို လို့ ဆို ပြောတုန်းက ကျမ ဆရာ့ကိုတောင် ပြေးသတိရမိသေးတယ် "

ဆရာအောင်သင်းနဲ့ အန်တီစု ရယ်ရယ်မောမောနဲ့ အိမ်ရှေ့က ဆင်ဝင်အောက်နားလေးမှာရပ်ပြီး စကားတွေ ဖောင်ဖွဲ့ကြတော့တယ်။ ကျနော်လည်း ကျန်တဲ့ကိစ္စရပ်တွေကလည်းရှိနေသေးတာမို့ အနားကခွာလာတော့ ဘာတွေဆက်ပြောကြလဲ မသိတော့ဘူး။

နောက်ရက်များ မကြာခင်မှာတော့ ဆရာအောင်သင်းရော.. ဆရာကြီး မြသန်းတင့်ရော နှစ်ယောက်လုံးကို စာပေရေးသားခွင့်၊စာပေဟောပြောပွဲတွေမှာ ဟောပြောခွင့်ပိတ်လိုက်တယ်လို့ကြားရတော့တာပါပဲ။ တကယ်တော့ ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပရခြင်းရဲ့အဓိကရည်ရွှယ်ချက်ကိုက သင့်မြတ်စေချင်တဲ့ရည်ရွှယ်ချက်ပါ၊ ဒါပေမယ့်လည်း အတိုက်အခံအင်အားစုဘက်မှာတော့ အတိုင်းတာတခုထိ သင့်မြတ်မှု့၊ညီညွတ်မှု့၊ လက်တွဲလုပ်ဆောင်မှု့ဆိုတဲ့ အကျိုးရလာဒ်ကောင်းတွေကို ပေါ်ထွက်လာစေခဲ့ပါတယ်။



နအဖ ဘက်ကတော့ သင့်မြတ်ဖို့ နေနေသာသာ။ နှိပ်ကွပ်မှု့တွေရဲ့ အရှိန်က လျှော့ကျ မသွားခဲ့ပါဘူး။ ဒါ အတော့်ကို ရုပ်ဆိုးအကျည်းတန်လှတဲ့ ကိစ္စပါ ။
ဆရာအောင်သင်း ကျနော့်ကို ပြောခဲ့တဲ့ စကားလေးရှိပါတယ်……….။

" တိုင်းပြည်ကိုချစ်တယ်ဆိုတာ..လူတွေကို ချစ်တာကိုပြောတာ..။ လူတွေကို ချစ်တာ တိုင်းပြည်ကို ချစ်တာပဲ။ တိုင်းပြည်ကိုချစ်တယ်ဆိုပြီး … နိုင်ငံရဲ့မြေကြီးကို ကုန်းနမ်းနေလို့ မရဘူး.. ။ တခြားတဖက်က စဉ်းစားမယ်ဆိုရင်.. လူတွေကို မုန်းတာဟာ..တိုင်းပြည်ကို မုန်းတာပဲ ...."တဲ့။

ကျနော်တို့အားလုံး ကျေနပ်ပါတယ်။ ဒီအခမ်းအနား ကျင်းပပေးခဲ့ရခြင်းအပေါ် ပီတိတွေဖြစ်ခဲ့တယ်။ ဘာပဲပြောပြော ......ဒီမိုကရေစီအင်အားစုတွေဘက်မှာတော့ အတိုင်းတာတခုမှာ ညီညွတ်ရေးဖြစ်စေခဲ့ပြီ မဟုတ်ပါလား။

တရုတ်ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန်ပြောခဲ့တဲ့စကားတခွန်းရှိတယ်…။

"ကြောင်ဖြူ ၊ကြောင်နီ၊ ကြောင်ဝါ ခွဲဖို့မလိုဘူး…ကြွက်ခုတ်တတ်ဖို့ ပဲ လိုတယ် ....." တဲ့။
အပိုင်း ( ၈ ) ဆက်ပါဦးမည်။

ရသ


"ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း(၈)-နိဂုံးပိုင်း"(မောင်မောင်ဝမ်း) nov 22,2010

"ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ၊ လုပ်ရဲမှ ၊ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်''
(ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ်ချက်တခုမှ-)


တခါက ကျနော့်မြို့မှာပါ..။
ကျနော်တို့ အပေါင်းသင်းတွေ ၀ိုင်းဖွဲ့ပြီး စကားပြောနေတဲ့အချိန်မှာ မြို့ပေါ်က နည်းနည်းပိုက်ဆံချမ်းသာတယ်လို့ ပြောလို့ရတဲ့ သူတယောက် ၀င်လာတယ်။ပြီးတော့ အဆက်မပြတ် ဆိုသလို .."သူ့စီးပွားရေးကို ဘယ်အာဏာပိုင်တွေက ဘယ်လိုနှိပ်စက်လို့ ဘယ်လို ဒုက္ခရောက်တဲ့အကြောင်း ၊ စီးပွားရေး လုပ်ပိုင်ခွင့်များကိုလည်း ဘယ်လို ကန့်သတ်ပိတ်ပင်တဲ့အကြောင်း" တွေကို ခိုသံပါအောင်ညည်းရင်း ပြောနေလိုက်တာ၊ ကျနော်တို့တောင် ပိုက်ဆံစုပြီး သူ့ကို ၀ိုင်းကူပေးရမယ့်ပုံ…။

ဒါနဲ့ တယောက်က စလာတယ်…။

" ဒါ..စံနစ်ကြောင့်ပေါ့.. စံနစ်ကို ပြုပြင်ရမယ် " လို့ ပြောတော့ အဲဒီလူက ထိုင်ရာကနေ ထသွား မယောင်တောင် ဖြစ်သွားတယ်။

" ခင်ဗျားတို့ နိုင်ငံရေးကြောင်းပြောမယ်ဆို.. ကျနော် နားမထောင်ချင်ဘူးဗျာ.. နိုင်ငံရေးကို ကျနော် စိတ်မ၀င်စားဘူး " လို့ဆိုလာတော့ ၊ ကျနော်က…
" အခုခင်ဗျား ညည်းနေတာတွေဟာ နိုင်ငံရေး မဟုတ်ဘူးလား .. အဲဒါ ခင်ဗျား နိုင်ငံရေးအကြောင်း ပြောနေတာပဲ "

" ဟာ.. မလုပ်ပါနဲ့ဗျာ.. ကျနော်က ကိုယ့်စီးပွားက လွဲပြီး ဘာမှစိတ်မ၀င်စားဘူးဗျ.. ပိုက်ဆံရဖို့ပဲ သိတယ်.. ကိုယ်လုပ်မှ ကိုယ်စားရတာပါဗျာ "
ခေါင်းကိုတွင်တွင်ကုတ်ရင်း ကျနော်တို့စကားတွေကို ဇွတ် ငြင်းချက်ထုတ်တော့တယ်..။ ဒီလူနဲ့တော့ ခက်ပြီ…။

" နေပါဦး.. ခင်ဗျား စောစောက ပြောသွားတဲ့.. ကိုယ်လုပ်မှ.. ကိုယ်စားရတယ်ဆိုတာ..တကယ်လား "

ကျနော်က ဒီလိုမေးလိုက်တော့ သူက ပေစောင်းစောင်းကြည့်ပြီး.. မကျေနပ်တဲ့လေသံနဲ့…

" ခလေး သွားမေးတောင်.. သိပါတယ်ဗျာ "

" ကိုယ်လုပ်မှ.. ကိုယ်စားရတယ်ဆိုရင်.. ခင်ဗျား စောစောက ဘာလို့ညည်းတာလဲ.. ကိုယ်လုပ်တိုင်း .. ကိုယ် တကယ်စားရလို့လား "
သူ့စိတ်ထဲမှာ တော်တော်ရှုပ်ထွေးသွားဟန်ရှိတယ်။

" မသိဘူးဗျာ .. ကျနော်က ပိုက်ဆံချမ်းသာဖို့ပဲ သိတယ် ..။ ကျန်တာ ကျနော်မသိဘူး..။ ခင်ဗျားတို့လို နိုင်ငံရေးလုပ်လို့ ပိုက်ဆံရလာမှာမှ မဟုတ်တာ "

ဒါနဲ့ကျနော်တို့ထဲက တယောက်က ကြားဖြတ်ပြီး...
" ဒါဆို.. ခင်ဗျား ဘယ်လောက်ချမ်းသာနေပြီလဲ။ နိုင်ငံရေးကလွဲလို့ ဘာမှမလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လောက် ချမ်းသာလား …။ အခု ဒေါ်အောင်ဆန်းစုကြည်မှာ နိုဘယ်လ်ဆုနဲ့တင် ဒေါ်လာသန်းချီရနေပြီ..။ ခင်ဗျား သူ့လောက်ချမ်းသာနေပြီလား " ...ဆိုတော့ ဒီလူ တော်တော် တွေဝေသွားတယ် ။



" ကျနော် အမှန်ပြောရရင်.. ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လေးလည်းလေးစားတယ်.. ချစ်လည်းချစ်တယ်..။ ဒါပေမယ့် ကျနော် နိုင်ငံရေးမလုပ်ရဲဘူးဗျ ..။ ကြောက်တယ်..။ ကျနော်ဒီလိုပြောတာ ဘယ်သူ့မှ လျှောက်မပြောနဲ့နော်.. "
(မျက်လုံးက ဘေးဘီ ၀ဲယာ ကျီးကန်းတောင်းမှောက်ကြည့်ရင်း စိုးရိမ်နေပုံ…)
" တကယ်ပါဗျာ.. ကျုပ်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်စေချင်တာ အမှန်ပဲ.. ကျနော်ကတော့ မလုပ်ရဲဘူးဗျ .. ကြောက်တယ်"

" ခင်ဗျား နိုင်ငံရေးမလုပ်ချင်ဘူးဆိုလည်း နေလို့ရပါတယ်...။ ဒါပေမယ့် နိုင်ငံရေးကိုတော့ မသိလို့ မဖြစ်ဘူးဗျ… နိုင်ငံရေး မသိဘူးဆိုရင် .. အုပ်ချုပ်တဲ့သူတွေက..လုပ်ချင်ရာ လုပ်သွားမှာပဲ…….."




ကျနော့်ရင်ထဲမှာ တခါက အန်တီစု ထပ်ခါထပ်ခါပြောခဲ့တဲ့ စကားကို သွားသတိရမိတယ်။ အမြဲတမ်းလည်း ပြောတယ်…..။

" ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ ၊ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ "

"လိုချင်တာကို မျှော်လင့်ရုံပဲ မျှော်လင့်ပြီး၊ ရအောင်လုပ်ယူဖို့ ခက်ခဲနေတဲ့ သူတွေကိုလည်း တွေ့ကြုံခဲ့ဖူးပါတယ်။"


ဒီလိုပြောခဲ့တဲ့ အန်တီ့ရဲ့ စကားတွေဟာ ကျနော့် ရင်ထဲမှာ စွဲနေတယ်။
ကျနော် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ယုံတယ် ။ တနေ့မှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်က အခုထိ ဖျက်လို့မရနိုင်ပါဘူး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိဘဲနဲ့ ၊ တိုင်းပြည်ထူထောင်ဖို့ ဆိုတာ သမင်မွေးရင်း ကျားစားရင်း ဖြစ်မှာ အမှန်ပဲ။

အကောင်းဆုံးပါဆိုတဲ့ စံနစ်နဲ့သွားလည်း မအောင်မြင်နိုင်ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်တို့ နိုင်ငံရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးက ပြိုကွဲနေတာ မဟုတ်လား၊

ကျနော်တို့ ကျောင်းသားလူငယ်တွေ အစွမ်းရှိသလောက် ကြိုးစားအားထုတ်ခဲ့တာ အတိုင်းတာ တခုထိတော့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အားရလောက်အောင် အဆင့်ထိတော့ မရောက်ခဲ့ပါဘူး၊ ဒီလို အတိုင်းတာ တခုထိ ရောက်ဖို့ဆိုတာတောင် ..တကယ်တော့ ...အန်တီစုအပါဝင် လူကြီးတွေရဲ့ ကျောထောက်နောက်ခံပေးလို့ဆိုတာ အမှန်ပါပဲ။ ကျနော်တို့ချည်း ဒီလောက်ခရီးမပေါက်နိုင်ပါဘူး။ ဒါ့အတွက် အန်တီစုကို အထူး ကျေးဇူးတင်မိပါတယ်။



အန်တီစုဟာ ကျနော်တို့ရဲ့မိဘဆိုလည်း မမှားလောက်ပါဘူး၊ ကျနော်တို့ အပေါ် မိဘမေတ္တာလို မေတ္တာတွေ ပေးခဲ့ပါတယ်။ သားသမီးတွေလို သဘောထားခဲ့ပါတယ်…။ ကျနော်တို့နဲ့ ဆက်ဆံရင်တောင်မှ ဘယ်တော့မှ "မင်းတို့ ...ငါတို့..." မသုံးဘူး။ "သားတို့..သမီးတို့..." ဆိုပြီး သုံးတယ်။ သူ့ကိုယ်သူကတော့ အန်တီလို့ပဲ သုံးတယ်။


ကျနော်မှတ်မိသေးတယ်..။ အန်တီစုရဲ့"မိဘမေတ္တာ အလင်းစလေး" တချက် ပေါ့…..။

တနေ့ ကျနော်တို့ ကျောင်းသားတွေအပါအ၀င် လူကြီးတွေပါ (စုစုပေါင်း အယောက် ၃၀လောက်တော့ ရှိမယ်ထင်တယ်..။) အန်တီ့ခြံဝန်းထဲက အခမ်းအနားတခု ကျင်းပခဲ့တဲ့ အဆောက်အဦမှာ..အမျိုးသားနေ့ အတွက် အစည်းအဝေးလုပ်နေကြတာ..။(ဒါကလည်း အန်တီက လူကြီးတွေကို မေတ္တာရပ်ခံပြီး ကျနော်တို့ကို အစည်းဝေးတက်ခွင့်ပေးခဲ့တာပါ။)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးကြည်မောင် က ဦးဆောင်ပါဝင်ပြီး တိုင်းရင်းသားအဖွဲ့တွေ ၊ ကျနော်တို့ကျောင်းသားတွေထဲမှာ ကိုမင်းဇေယျာ ( ၈၈-မကသ-ကျောင်းသားခေါင်းဆောင် ) ကလည်း ထောင်ထဲက ပူပူနွေးနွေး လွတ်လာတဲ့အချိန်။ သူလည်း အစည်းဝေးကို ရောက်လာခဲ့တယ်။
နောက် ..ကိုကျော်ဌေးဦး၊ ကိုလေးလွင် (၈၈-မျိုးဆက်-ကျောင်းသားခေါင်းဆောင်များ) ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထဲကဆို မှတ်မှတ်ရရ ဘကြီးမိုး (စာရေးဆရာ မောင်မိုးသူ) ၊ ဦးသိန်းတင် ( ထောင်တွင်း ကွယ်လွန် ) ၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ကိုခွန်မြင့်ထွန်း ( NCGUB ၀န်ကြီး) သူတို့လည်း ပါကြတယ်။

ဒီလိုနဲ့ အစည်းအဝေး ကျင်းပနေစဉ် မထင်မှတ်တဲ့မြင်ကွင်းတခုက ကျနော့်မျက်လုံးထဲ ၀င်ရောက်လာခဲ့တယ်။ ကျနော်တို့နဲ့ ခပ်လှမ်းလှမ်းက မြက်ခင်းပြင်နဲ့ အလှပန်းပင်ခြုံလေးတွေနားမှာ အန်တီစုက.. နိုင်ငံခြားသား ခလေးပေါက်စလေးတဦးနဲ့ ပျော်ရွှင်မြူးထူးနေတဲ့မြင်ကွင်းပါ၊



ခလေးလေးက အရမ်းချစ်ဖို့ ကောင်းတယ်၊ ၂ နှစ်သားလောက်ပဲ ရှိမယ်ထင်တယ်၊ (ပုံကြည့်ရတာတော့...သံတမန်တယောက်ယောက်ရဲ့ ရင်သွေးများလား မသိဘူး၊) ဆံပင်လေးတွေက ရွှေရောင်သန်းပြီး ပျော့စင်းနေတာပဲ ၊ လေလေး တချက်ဝှေ့လိုက်ပြီဆို ..ဖွာကနဲ ..ဖွာကနဲနဲ့၊ သိပ်ကြည့်လှတယ်။ လမ်းလျှောက်ပုံကလည်း ဆတ်တောက်... ဆတ်တောက်နဲ့ ၊ အန်တီစုဆီ ပြေးလာလိုက် ...ပတ်လည်ပြေးသွားလိုက်နဲ့ လုပ်နေတယ်၊
နောက်တော့ ခလေးလေးက အန်တီစုဆီ တခါပြေးလာတော့ အန်တီစုက ရှေ့ကနေ မနှေးမမြန်လေး ပြေးတယ်၊ ခလေးလေးက ဆတ်တောက် ဆတ်တောက်နဲ့ လိုက်တယ် ၊


ကျနော် အစည်းဝေးကို စိတ် မ၀င်စားတော့ဘူး ၊ ဘေးနားမှာရှိတဲ့ ကျောင်းသားခေါင်းဆောင် ကိုလေးလွင်ကို လက်တို့ပြီး ပြလိုက်တယ်..။ အားလုံးကလည်း သတိပြုမိ သွားသလား မသိဘူး။ လှမ်းကြည့်လိုက်မိတယ် ထင်တယ်…။

အန်တီစုက ရှေ့တည့်တည့်ကနေ လက်ခုပ်တီးပြီး ခေါ်နေတော့ ..ခလေးလေးကလည်း ပြေးလာတယ်..။
နောက်တော့ အန်တီ သတိ ပြန်ဝင်လာလား မသိဘူး။ ခလေးလေးကို မ ချီပြီး အိမ်ထဲ ပြေးဝင်သွားတယ်..။

ကျနော်ထင်ပါတယ်..။ အဲဒီအချိန်မှာ အန်တီဟာ လူထုခေါင်းဆောင်၊ ပါတီခေါင်းဆောင်ဆိုတဲ့ အတွေးထက် … မိခင်တယောက်ရဲ့စိတ်တွေ ကိန်းဝပ်သွားပုံရတယ်..။ အင်မတန်မှ ချစ်စရာကောင်းတဲ့ မြင်ကွင်းပါ..။ ကျနော့်တသက်မှာ ဒီမြင်ကွင်းဟာ ဘယ်တော့မှ မမေ့နိုင်ပါဘူး။ နောင်လည်း ဒီလိုဟာမျိုး တွေ့မြင်နိုင်ဖို့ အလွန်မှ ခက်သွားလောက်ပါပြီ။


ဒီလိုနဲ့ အမျိုးသားနေ့အခမ်းအနားကို အန်တီ့ခြံဝန်းထဲမှာ ကျင်းပတော့ တက်ရောက်လာကြတဲ့သူတွေ အတော့်ကို များပါတယ်။ ဒီအခမ်းအနားက ဒုတိယမြောက် အခမ်းအနားပေါ့..။ တိုင်းရင်းသားအစစ်တွေက သူတို့ရဲ့ ရိုးရာ အကတွေနဲ့ ဖျော်ဖြေကြတယ်။ နောက် သီချင်းတွေဆိုနဲ့ အတော်မှ စည်ကားလှပါတယ်၊ အမျိုးသားအောင်ပွဲနေ့ကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။



အန်တီ့အိမ်ရှေ့က တရားပွဲကတော့ စနေ၊တနင်္ဂနွေဆို ထုံးစံအတိုင်း စည်ကားလျှက်ပါပဲ။
ဒါပေမယ့် တနေ့မှာတော့ လုပ်ကြံစာ တစောင် တက်လာတယ်..။(ဒါ သေချာတယ်.. တမင်သက်သက် လုပ်ကြံလိုက်တာ .. ဒီစာက..)

"လှိုင်သာယာမြို့နယ်မှာ ထမင်းရည်ပုလင်းတွေတောင် ၀ယ်သောက်နေရပါတယ်..." တဲ့..။ "ထမင်းရည်ပုလင်းတွေရောင်းလို့ မလောက်ဘူးဖြစ်နေပါတယ်.." တဲ့။

အဲဒီစာကို အန်တီက ပြန်ဖြေလိုက်တယ် ..။ ဒါပေမယ့် စကားလုံးတွေ ကျနော် မမှတ်မိတော့ဘူး.. ။စိတ်မကောင်းဖြစ်ပြီး ကရုဏာသက်စွာ ပြန်ဖြေလိုက်တာတော့ သိလိုက်တယ်…………။
ဒါဟာ ထောင်ချောက်ဆင်ထားတဲ့စာလို့ပဲ အများက ယုံကြည်ကြတယ်…။

နောက် များမကြာခင်ရက်ပိုင်းမှာတော့ သတင်းစာထဲမှာ အကြီးအကျယ် ရေးလာတော့တာပဲ..။
"ထမင်းရည်ဆိုတာ.. တကယ်တော့ စားစရာမရှိလို့ ၀ယ်သောက်ကြတာ မဟုတ်ဘူး.."တဲ့..။ "မီးသွေးအမှုန့်တွေဖျှော်ပြီး မီးသွေးအလုံးတွေလုပ်ဖို့ ရောင်းကြ၊၀ယ်ကြတာ.."တဲ့ ..။
ဒါကို မသိဘဲနဲ့ အစိုးရကို တမင်နစ်နာအောင် ...အန်တီစုက... အပုတ်ချသလိုလို... ဘာလိုလိုနဲ့ တုန့်ပြန်ရေးသားလာတာကို တော်တော်များများ မှတ်မိကြဦးမှာပါ၊
တကယ်တော့လည်း .. အန်တီစု က အဲဒီနေရာ ရောက်ဖူးတာမှ မဟုတ်တာ..။ စာကို တင်ပေးတဲ့သူကလည်း တင်ပေးလိုက်တော့ … ရင်ထဲမှာ သူသူကိုကို ခံစားသွားမှာပေါ့..။ " လူတွေ စားစရာ ချို့တဲ့ကုန်လို့ ...ထမင်းရည်ပဲ ၀ယ်သောက်နိုင်တော့တယ်.. "ဆိုတော့ ၊( ကျနော်ထင်ပါတယ်..) သိသိကြီးနဲ့ လုပ်ကြံလိုက်တဲ့စာပါ၊ ဒီလို အလုပ်မျိုးတွေကိုလည်း မသမာသူများက အန်တီစုအပေါ် အထင်မှား အမြင်မှားဖြစ်အောင် လုပ်ကြံတတ်ပါတယ်။
( ဘာမဟုတ်တဲ့ကိစ္စကို နအဖက ရေးကြီးခွင်ကျယ်လုပ်တာကိုလည်း နောက်ပိုင်း တင်ပြပေးပါဦးမယ်။)

သိပ်မကြာခင်မှာတော့ ကျနော်တို့ ပညာဆည်းပူးရာ ရန်ကုန်တက္တသိုလ်ရဲ့ ( ၇၅ ) နှစ်မြောက် စိန်ရတုသဘင် အခမ်းအနားကလည်း နီးကပ်လာတယ်။ကျနော်တို့ကျောင်းသားများလည်း စိန်ရတုသဘင်ပွဲ အခမ်းအနားကို နွှဲဖို့ စုကာရုံးကြပေါ့ ၊



အဲဒီအချိန်မှာ ဗိုလ်ချုပ်ခင်ညွန့်က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ အဆောင်တွေမှာ ကျင်းပတဲ့ ပွဲတိုင်းနီးပါးလောက် မလွတ်တမ်း တက်ရောက်နေတဲ့အချိန် ။
(တနည်းအားဖြင့် စည်းရုံးရေး အသွင်သဏ္ဍာန်တွေပါ ပါနေတယ်။)
(ထောက်လှမ်းရေးက ရုပ် ခပ်ဖြောင့်ဖြောင့် စစ်ဗိုလ်တွေနဲ့ ဇာတ်ပျက်ကျောင်းသူတွေကလည်း တရုန်းရုန်းနဲ့ ဓါတ်ပုံတွေ တွဲရိုက်နေကြတဲ့ အချိန်ပေါ့ ၊)


ရန်ကုန်တက္တသိုလ်ဟာ ယာယီအားဖြင့် စစ်ရောင် လွှမ်းသွားခဲ့တယ်။
ဗိုလ်ချုပ်ခင်ညွန့်ဆိုတဲ့ပုဂ္ဂိုလ်က ဆက်ဆံရေး စကားပြော ညက်တယ်လို့ ကြားဖူးထားတယ်။ အဆောင် ဟောပြောပွဲတွေမှာ သွားရောက် စကားပြောပြီဆို ..သူ့ပုံစံက နိုင်ငံရေးသမားတယောက် ဟန်အတိုင်းလို့ ပြောကြတယ်။(စစ်ဗိုလ် အသွင်ပြင် လက္ခဏာမျိုး မဟုတ်ဘူးလို့တောင် ပြောကြတယ်။)

ကျနော်နေခဲ့တဲ့ အင်းဝဆောင်မှာ သူရောက်လာတဲ့အခါ ကျောင်းသားတွေက မကြားတကြား လှမ်းပြီးတော့ .." ယောက္ခမကြီး… ယောက္ခမကြီး " လို့  အော်တော့ ..သူ အခမ်းအနားမှာ စကားပြောတဲ့အခါ ထည့်ပြောသွားတယ် ။ " အင်းဝဆောင်က ကျောင်းသားတွေက တော်တော်လက်နှေးတဲ့ ကျောင်းသားတွေ …။ အန်ကယ့်သမီးက ယောက်ျား ရသွားပြီ "...တဲ့ ။
.........စသဖြင့်ပေါ့ ။ အဲသလို ကျောင်းသားတွေနဲ့ဝင်ရောတာ။ ကျောင်းသားတွေနဲ့ တ၀ါးဝါး တဟားဟား လက်ဆုံကြလို့၊


ဒါပေမယ့် တဖက်မှာတော့ နိုင်ငံရေးအခြေအနေဟာ တင်းမာမှု့ဆီကို ဦးတည်သွားစေတဲ့ ကိစ္စတခုကလည်း ပေါ်ပေါက်လာခဲ့တယ်လေ၊
၁၉၉၅ နိုဝင်ဘာ ၂၂...အင်န်အယ်လ်ဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်စုက .." အမျိုးသားညီလာခံကနေပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး အဖြေရှာနိုင်ဖို့ မလွယ်ဘူး၊ လွတ်လပ် ပွင့်လင်းမှုတွေ မရှိဘူး.." လို့ ဝေဖန်ထောက်ပြတယ်။
"ထွက်မယ် "လို့ မပြောခဲ့ဘူး။၊ နိုဝင်ဘာ ၂၇ မှာ အမျိုးသားညီလာခံ ပြန်စတယ် ထင်တယ်။ အဲသည်မှာ ဦးအောင်ရွှေတို့က အမျိုးသားညီလာခံကနေ နိုဝင်ဘာ ၂၉ မှာ နှုတ်ထွက်လိုက်တယ်။



ဒါက အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပြင်မှာ ရှိသလောက် တွေ့ဆုံဆွေးနွေးပြီးမှ ထွက်လာတဲ့ ရလဒ်လို့ မြင်ပါတယ်။
(ဒီ ညီလာခံက နှုတ်ထွက်တာက သဘောထား တင်းမာတာကို ပြတာလည်း မဟုတ်ဘူး၊ ရန်လိုတာလည်း မဟုတ်ဘူးလို့ ပြောချင်ပါတယ်။) ညီလာခံက ၂၇ မှာ စပါတယ်။ ပါတီကနေပြီး ညီလာခံကော်မရှင်ကို တင်ပြထားတာတွေ၊ တောင်းဆိုထားတာတွေ ရှိတယ်လို့ သိရတယ်။ စစ်အစိုးရက ညီလာခံမှာ ဒါတွေကို ပြန်လည် အကြောင်းပြန်ခြင်း မရှိဘူး။ ဒါတွေကို စစ်အစိုးရ မီဒီယာတွေက မပြောခဲ့ဘူး။ ပြည်တွင်းက မြန်မာပြည်သူတွေမှာလည်း သေသေချာချာနားလည်နိုင်ဖို့ အခြေအနေ မရခဲ့ဘူး။ လူတွေက တဖက်သတ်ပြောနေတာတွေကိုပဲ ကြားနေရတာကိုး။ အဲဒီအခြေနေပေါ်မှာ နအဖက လက်ခံနိုင်စွမ်း မရှိတော့ဘူး၊ အခိုက်အတန့်ပြေလျှော့နေတဲ့ သဘောထားတွေဟာ ( အကြောင်းတခုကြောင့် ပြေချင်ယောင်ဆောင်တာလဲ ဖြစ်နိုင်ပါတယ်။) ချက်ခြင်းဆိုသလို နအဖဘက်က ပြောင်းလဲ တင်းမာလာတော့တယ်။ အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုများကို နှိပ်ကွပ်ရေးတွေ တဖန် ပြန်ဦးမော့လာပြန်တယ်။


တနေ့မှာတော့ ကျနော့်တစ်ယောက်တည်းကို ထောက်လှမ်းရေးက လာခေါ်သွားတယ်၊ ဒီတခါမှာတော့ ထောက်လှမ်းရေး ၁၆ မှာပါ၊ အဲဒီမှာ ဗိုလ်မှုးကြီးသန်းထွန်းနဲ့တခါ ထပ်ဆုံပါတယ်။

ကျနော်နဲ့တွေ့ဆုံတော့ အရင်တခါတုန်းကလို ပုံသဏ္ဍန်မဟုတ်တော့ဘူး၊ သူ့ကိုကြည့်ရတာ တခုခုကို အစာမကြေတဲ့ပုံမျိုး။

" ကျနော်.. ခင်ဗျားတို့ကို အရင်တခေါက် တွေ့ခဲ့တုန်းက ပြောခဲ့တာတွေ မှတ်မိဦးမှာပါ "

" ဟုတ်ကဲ့.. မှတ်မိပါတယ်"
ကျနော်ကလည်း အေးအေးသက်သာပဲ ပြန်ဖြေလိုက်တယ်။

" ကျနော်တို့ စောင့်ကြည့်ဦးမယ်ပြောတာ.. မမှားလောက်ပါဘူး..။ ခုပဲ အခြေနေတွေက တမျိုးပြောင်းလဲ လာတယ် .. ဒါတောင် ကာလက ဘယ်လောက်မှ ကြာသေးတာ မဟုတ်ဘူး "

ပြောနေတဲ့စကားသံတွေထဲမှာ မကျေနပ်သံတွေ ပါနေတယ်ဆိုတာကို ကျနော်သတိထားမိတယ်။ ကျနော် ဆက်နားထောင်တော့…..

" ခင်ဗျားတို့ကိုလည်း.. ကျနော်တခုပြောမယ်.. ဖြစ်နိုင်ရင် ကျောင်းသားကိစ္စပဲလုပ်ပါ.. ကျောင်းသားကိစ္စပဲ လုပ်မယ်ဆို.. ကျနော်တို့ ကူညီနိုင်တယ်.. နိုင်ငံရေး ရောစွက်လာတယ်ဆိုရင်တော့ မကောင်းဘူး.. ကျောင်းသားအရေးပဲ လုပ်မယ့် ...ကျနော်တို့ကို မဆန့်ကျင်မယ့် ကျောင်းသားသမဂ္ဂဆို ကျနော်တို့ကူညီမယ်….။"

" ဒါတော့ အာမ မခံနိုင်ဘူး …။ ကျနော်တို့ လက်ခံထားတာ ကျောင်းသားအရေးဟာ နိုင်ငံရေးပဲ..။ ကျနော်တို့ဟာ ထာဝရ ဆန့်ကျင်ရေးသမားတွေ မဟုတ်ဘူး..။ လက်ခံနိုင်တာရှိရင်.. ထောက်ခံမှာဖြစ်သလို.. လက်မခံနိုင်တာရှိရင်.. ပြောရမှာပဲ..။ ဒါဟာ ဆန့်ကျင်တဲ့ ပုံသဏ္ဍာန်ဖြစ်သွားခဲ့ရင်..ကျနော်တို့ မတတ်နိုင်ဘူး "

ကျနော် အေးအေးဆေးဆေးပဲ ပြောလိုက်တယ်….။

" ခင်ဗျားတို့ကို အချိန်မရွေး အရေးယူ အပြစ်ပေးလို့ရတယ်ဆိုတာ သိတယ် မဟုတ်လား "
သူရဲ့စကားလုံးတွေမှာ ဒေါသသံတွေ ရောနှောပါလာတယ်။

" သိပါတယ်.. ဒါက ဗိုလ်မှုးကြီးတို့ အပိုင်းပါ .. ကျနော်တို့ အကြမ်းဖက် လုပ်ရပ် လုပ်နေတာ မဟုတ်ပါဘူး.. "

" ဒါပေမယ့် .. ဥပဒေဘောင်ကို ကျော်လွန်နေတယ်ဆိုတာကိုတော့ .. သတိထားဖို့ လိုလိမ့်မယ်..။ နောက်ပြီး ခင်ဗျားတို့ အန်တီကလည်း .. တလောက .. လှိုင်သာယာမှာ ထမင်းရည်ပုလင်းတွေ ၀ယ်သောက်ရလောက်အောင်ကို ပြည်သူတွေငတ်နေပြီ ...ဆိုတာ လူထုရှေ့မှာ ပြောတာ မကောင်းဘူး။
(တကယ်မှာတော့ အန်တီက ပြည်သူတွေငတ်နေပြီ..လို့ မသုံးနှုန်းခဲ့ပါဘူး။)..
အကြောင်းဇစ်မြစ်မှန်ကို မသိဘဲ.. အဲသလိုပြောတာ မကောင်းဘူး..။ ကျနော်တို့ အစိုးရကို အပုတ်ချသလိုဖြစ်နေတယ်"

" အဲဒါကတော့.. အန်တီနဲ့ပြောပါ..ကျနော်တို့နဲ့ မဆိုင်ပါဘူး..။ဒါပြောပါ..။ ဒါမပြောပါနဲ့..လို့ ကျနော်တို့ လုပ်နိုင်တဲ့သူတွေ မဟုတ်ပါဘူး..။ အဓိက ကျနော့်ကို ခေါ်ရတဲ့ အကြောင်းရင်းကို သိချင်ပါတယ်"

ထိုင်နေတဲ့ ကုလားထိုင် နောက်မှီကို အားပါးတရ မှီထိုင်လိုက်ရင်း.. စားပွဲပေါ်ကို လက်နှစ်ဘက် ဆန့်တင်ထားရင်းက..
" ခင်ဗျားတို့.. ဒေါ်အောင်ဆန်းစုကြည်ကို မ၀န်းရံပါနဲ့..။ ကျောင်းသားတွေဟာ..ကျောင်းသားကိစ္စပဲ လုပ်ပါ..။ နောက်ပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ပွဲကို မနှောက်ယှက်ပါနဲ့ "

ခရားရေလွှတ် တောက်လျှောက် မနားတမ်းပြောလိုက်တယ်….။

" ဗိုလ်မှုးကြီးကို ကျနော်ပြောနိုင်တာကတော့.. စိန်ရတုသဘင်ပွဲကို နှောက်ယှက်မယ်ဆိုတဲ့ အရာ စဉ်းတောင် မစဉ်းစားမိဘူး..။ ဒါဟာ ကျနော်တို့နဲ့လည်း သက်ဆိုင်နေတော့.. ကျနော်တို့လည်း ဆင်နွှဲချင်တယ်..။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို မ၀န်းရံပါနဲ့...ဆိုတဲ့ကိစ္စကတော့.. ဗိုလ်မှုးကြီးတို့ နဲ့ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်"

အခြေအနေကတော့ တင်းမာလာတဲ့သဘောရှိတယ်။

" ဟုတ်ပြီလေ… ကျနော်တို့ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ်.. အိုကေနော် "
ဆိုပြီး ထောက်လှမ်းရေး ၁၆ တပ်မှုးကို လှည့်ပြီးပြောတယ်။

" သူ့ကို ပြန်လိုက်ပို့လိုက်ပါ "

ကျနော့်ကိုပြန်လိုက်ပို့တယ်။ နောက်ရက်မှာတော့ အကျိုးအကြောင်းတွေကို အားလုံးကို တင်ပြခဲ့တယ်။
နောက် ထူးခြားတာတခုက ကျနော်တို့ ၀ိုင်းစဉ်းစားကြတယ်။ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်အခမ်းအနားမှာ ဗိုလ်ချုပ်ခင်ညွန့် စကားပြောမယ့် စင်မြင့်ကို တက္ကသိုလ်စာတိုက်ဝင်းအတွင်းမှာ ခမ်းခမ်းနားနား ပြင်ဆင်ထားတယ် ။ အဲဒါကို ကျနော်တို့ကျောင်းသားတွေက စင်မြင့်ပေါ်တက်ပြီး ကျောင်းသားသမဂ္ဂက ကျင်းပတဲ့ .. စိန်ရတုသဘင်ပွဲလုပ်ဖို့ လျှို့ဝှက်စီစဉ်ခဲ့တယ်။

ဒီသတင်း ပေါက်ကြားသွားပုံရတယ်။ နောက်ရက်မှာတော့ အဲဒီစင်မြင့်ကို သံဆူးကြိုးတွေ ပတ်လည် ကာရံထားပြီး စစ်သားအစောင့်တွေပါ ချထားလိုက်တယ်။အဲဒီတော့ အစီအစဉ်တွေကို ကျနော်တို့ပြောင်းလဲ စီစဉ်ရတော့တယ်။

ကျနော်တို့ နေရာတခုမှာ စီစဉ်ခဲ့တယ်။ ပထမ အင်းယားကန်စောင်းဘေးက ဘုန်းတော်ကြီးကျောင်းမှာ ( အန်တီ့အိမ်နဲ့ သိပ်မဝေးဘူး။) ဆွမ်းကပ်မယ်၊ ပြီးမှ စီစဉ်ထားတဲ့နေရာကို စုသွားပြီး အခမ်းအနားကျင်းပကြမယ်၊ ...ဆိုပြီး လုပ်ကြတော့ ၊ အန်တီ့အိမ်နဲ့ သိပ်မဝေးတဲ့ Joy စားသောက်ဆိုင်မှာ အခမ်းအနားတခုလုပ်ဖို့ ဆုံးဖြတ် ...အစီစဉ်တွေ ဆွဲခဲ့ကြတယ်၊

ကျနော်တို့ မူလဆုံးဖြတ်ချက်က အင်းယားကန်စောင်းဘေးက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ဖို့ သက်သက်ပါပဲ၊ အဲဒီနေ့က ဘုန်းကြီးကျောင်းမှာ အဖွဲ့အစည်းတော်တော်များများက လူတွေတော်တော်များများ လာကြတယ်၊ သတင်းမီဒီယာက လူတွေလည်း လာကြတယ်၊

ကျနော်တို့ရဲ့အစီအစဉ်ထဲမှာ အထူးအစီအစဉ်တခုက.. ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ပွဲ အခမ်းအနားကနေ ဗိုလ်ချုပ်အောင်ဆန်းကို " ဂုဏ်ထူးဆောင်ကျောင်းသား " အဖြစ်အပ်နှင်းဖို့ အစီအစဉ်ပါတယ်။

(ကျနော်တို့ ဆိုလိုချက်က ဗိုလ်ချုပ်ဟာ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ရဲ့ဂုဏ်ကို ထူးခြားပြောင်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သူ ကျောင်းသားတယောက်ဖြစ်နေလို့ ..ဒီလို အပ်နှင်းဂုဏ်ပြုချင်တာပါ၊) ဒါကိုလည်း အန်တီ့ကို ဖွင့်ပြောပြထားခဲ့တယ်၊

ကျနော်တို့ ဆွမ်းကပ်ပွဲ အခမ်းအနား မစတင်မှီမှာပဲ ဘုန်းကြီးကျောင်းပြင်ပ လမ်းမပေါ်က စစ်ကားတွေပေါ်မှာ စစ်သားတွေအပြည့်နဲ့ ကားသုံးစီး ရပ်ထားတယ်၊ ထောက်လှမ်းရေးတွေဆိုတာကလည်း ခြေချင်းလိမ်နေတာပဲ။

ဒါတွေကို ဂရုမထားပါဘူး။ ကျနော်တို့လုပ်စရာရှိတာ ဆက်လုပ်ကြတယ်..။ နောက် ကျောင်းသားတစုကို အခမ်းအနား အဓိကကျင်းပမယ့် နေရာဆီကို လွှတ်လိုက်တော့ ပြဿနာက စတက်တော့တာပဲ ၊

ဖြစ်ပုံက ဒီလိုပါ။ အစက ကျနော်တို့ အခမ်းအနားကြီး ဘယ်မှာကျင်းပမယ်ဆိုတာ ထောက်လှမ်းရေးက မသိဘူး။ ဖိတ်ကြားထားတဲ့ လူကြီးတွေလောက်ကိုပဲ လျှို့ဝှက်ပြောပြထားတယ်။
အခမ်းအနားမလုပ်ခင်မှာ ကျနော်တို့ထဲက တယောက်က ဖိတ်စာကို မှတ်တမ်းတင် ဗွီဒီယိုရိုက်ဖို့ အခန်းတွင်းမှာလုပ်နေတုန်း သတင်းပေးတယောက်က ၀င်လာပြီး၊ ဖိတ်စာကို ကိုင်ပေးသလို ဘာလိုလို လုပ်ရင်းက ပေါက်ကြားသွားပြီး ထောက်လှမ်းရေးဆီကို ချက်ချင်း သတင်းသွားပို့တယ်၊ အဲဒါနဲ့ နေရာကို သိသွားတော့ အဲဒီမှာ စစ်သားတွေအပြည့်နဲ့ ပိတ်ထားလိုက်တယ်။ ကျနော်လွှတ်လိုက်တဲ့ကျောင်းသားအုပ်စုလည်း လာရော စီးဖမ်းတော့တာပဲ ..

ကျောင်းသားတွေက ကိုယ်လွတ်ရုန်း ထွက်ပြေးကြတယ်.. ။ ကျနော်တို့ဆွမ်းကပ်မယ့် ဘုန်းကြီးကျောင်းဆီ အမောတကော ပြေးလာပြီး ပြောတော့..အစီအစဉ်တွေကို ပြောင်းလိုက်ရတော့တယ်၊ ဘုန်းကြီးကျောင်းပေါ်မှာပဲ တဆက်တည်း အခမ်းအနားကျင်းပလိုက်ကြတယ်၊

ဘုန်းကြီးကို ပထမ လျှောက်ထားတာ ဆွမ်းကျွေးဖို့ သက်သက်ပါပဲ။ အခြေအနေအရ အခန်းအနားကျင်းပကြတော့.. ဆရာတော်ဘုန်းကြီးကလည်း တော်တော်ကြောက်လန့်သွားတယ်..။ကျနော်တို့ အခမ်းအနားကျင်းပနေစဉ်မှာပဲ.. ဆရာတော်က ကျောင်းအောက်လမ်းမပေါ်မှာ ရပ်ထားတဲ့ စစ်ကားတွေ သွားကြည့်လိုက်.. အခမ်းအနား ကျင်းပနေတဲ့ နေရာပြန်လာလိုက်..။ အခမ်းအနားမှုးလုပ်နေတဲ့ ကိုထက်ရာဇာကို လာပြောလိုက်နဲ့ပေါ့…။

" ဒကာကြီးတို့ မပြီးသေးဘူးလား..။ကျောင်းအောက်မှာ စစ်ကားတွေရောက်နေပြီ..။ ဘုန်းကြီးစိုးရိမ်တယ် "ဆိုတော့ ရာဇာက....

" ပြီးတော့မှာပါ..ဘုန်းဘုန်း။ တပည့်တော်တို့ ခဏပါပဲ "
ဒီလိုနဲ့ လူးလာခေါက်တုန့်ပြန် လုပ်နေတဲ့ ဆရာတော်ကိုကြည့်ပြီး ကျနော်တို့လည်း အားနာကြတယ်.. ။ တခါတလေကျတော့လည်း.. ငိုအားထက် ရီ(ရယ်)အားသန် အဖြစ်လိုပဲ။

အခမ်းအနားကျင်းပနေစဉ်မှာပဲ အင်မတန်ထူးခြားတဲ့ သမိုင်းဖြစ်ရပ်လေးတခုက ပေါ်ပေါက်လာခဲ့တယ်။
ကိုမြင့်ဆွေ ( ယခု -ဖော့ဝန်းမြို့-အင်ဒီရားနားပြည်နယ်၊အမေရိကား)ကနေ စာအိတ်ရှည်ကြီးတစောင်ကို ကိုင်ပြီး ကျောင်းပေါ်အပြေးတက်လာတယ်။ ကျနော့်ကိုလာပေးရင်းက…

" ဒီမှာ ကျောင်းသားတွေ ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် အခမ်းအနားအတွက် .. အန်တီစု ပေးပို့လိုက်တဲ့ သ၀ဏ်လွှာ..။ အန်တီက အားချင်း စီစဉ်ပေးလိုက်တာ "
ဆိုလို့ဖွင့်ကြည့်လိုက်တော့ အန်တီကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ သ၀ဏ်လွှာ..။ အဲဒါကို ကျနော်က ဖတ်ပြလိုက်တယ်..။ လူထုက သဘောတွေကျ ၊အားရကျေနပ်ခြင်းတွေနဲ့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့….။




ပေးပို့လိုက်တဲ့ သ၀ဏ်လွှာမှာ အန်တီ ရေးပေးထားတာကတော့ ရိုးရိုးလေးပါပဲ..။ မှတ်မိရသလောက်.. " ကျောင်းသားလူငယ်တွေ အခုလို စည်းလုံးညီညွတ်စွာနဲ့ အစဉ်လာကြီးမားတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ စိန်ရတုသဘင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာကို ၀မ်းမြောက်ဝမ်းသာစွာ ဂုဏ်ယူကြောင်း၊သမိုင်းအဆက်ဆက်မှာ ရှေ့ဆောင်တိုက်ပွဲဝင်ခဲ့သော၊ ၀င်နေသော ကျောင်းသားအပေါင်းတို့ကိုလည်း လေးစားယုံကြည်သောအားဖြင့် ဤသ၀ဏ်လွှာကို ပေးပို့အပ်ပါကြောင်း..." ပါရှိပါတယ်။

အန်တီအနေနဲ့ အခမ်းအနားကိုတော့ တက်ရောက်နိုင်ခြင်းမရှိပါဘူး၊ တက်ရောက်နိုင်ဖို့ အခွင့်အရေး မပေးခဲ့တာလည်း ပါတာပေါ့လေ၊ အန်တီပေးပို့တဲ့ သ၀ဏ်လွှာကြောင့်လည်း ခပ်မှိန်မှိန် ကျင်းပပြုလုပ်ခဲ့ရတဲ့ စိန်ရတုသဘင်အခမ်းအနားဟာ ကမ္ဘာသိ၊တိုင်းသိပြည်သိ ဖြစ်သွားခဲ့တာအမှန်ပါ၊ ( အဲဒီ သ၀ဏ်လွှာစာရွက်ကို ကျနော့်ကိုဖမ်းတော့ သိမ်းပြီး သက်သေခံအဖြစ် တင်သွင်းခံခဲ့ရပါတယ်)။



ကျနော်တို့ရဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် အခမ်းအနား ကျင်းပပြုလုပ်အပြီးမှာတော့ ကျောင်းသားများက ဗိုလ်ချုပ်အောင်ဆန်းကို " တက္ကသိုလ် ဂုဏ်ထူးဆောင်ကျောင်းသား " အဖြစ် ဂုဏ်ပြုချီးမြှင့်တဲ့မှတ်တမ်းကို အန်တီ့ဆီ သွားပို့ပေးလိုက်ပါတယ်။


နောက်တရက်မှာပဲ ကျနော့်ကို သတင်းတပ်ဖွဲ့ ( SB ) က လာရောက်ခေါ်ဆောင်သွားတယ် ။ဖမ်းဆီးတာတော့ မဟုတ်သေးပါဘူး ။သူတို့ရုံးချုပ်မှာ သတင်းတပ်ဖွဲ့မှုး ဗိုလ်မှုးကြီးဗဟိန်းနဲ့တွေ့ဆုံပါတယ်။ သူက ကျနော့်ကို စာရွက်တရွက်ထုတ်ပြီးဖတ်ပြပါတယ်။ ကျနော်ဟာ ဘယ်လို အမှု့တွေနဲ့ငြိစွန်းနေကြောင်း။ ပြစ်ဒဏ်ချမယ်ဆိုရင် ထောင်ဒဏ်ဘယ်လောက်ကျနိုင်ကြောင်း....စသဖြင့်ပြောကြားခဲ့ပါတယ်။ တခြားထူးထူးထွေထွေတော့ဘာမှမရှိပါဘူး ၊ ပြန်လှန်မေးခွန်းထုတ်၊ပြောဆိုခွင့်လည်းမရှိခဲ့ပါဘူး၊

ဒီလိုနဲ့ ကျနော် အန်တီ့ကို ကန်တော့ပြီး...ဇာတိမြို့ကို ခဏဆို ပြန်သွားပါတယ်။
ဇာတိမြို့ (ရေနံချောင်းမှာ) ပဲ ကျနော့်ကို လာဖမ်းပါတယ်။ အဲဒီကနေ ချက်ခြင်း ရန်ကုန်အင်းစိန်ထောင်ကို ပို့ပါတယ်။



ရန်ကုန် အင်းစိန်ထောင်ရောက်တော့ ရှေ့မှာကြိုဖမ်းထားတဲ့ ဦးဝင်းထိန် ( အန်တီစု လက်ထောက် ) ၊ ဦးအေးဝင်း ( အန်တီ့ အကိုဝမ်းကွဲ - အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း၏ အကို - အာဇာနည်ခေါင်းဆောင် ဦးဘ၀င်းသား )၊ စာရေးဆရာ မောင်မိုးသူ၊ မောင်ဝံသ၊ ဗိသုကာ ဦးကျော်မင်း ၊ ဦးသိန်းတင် ( ထောင်တွင်း ကွယ်လွန် )၊ ကိုခွန်မြင့်ထွန်း (ယခု NCGUB ၀န်ကြီး)၊ ဒေါက်တာလှိုင်မြင့် ၊ဦးကျော်ခင် ( တောင်ကြီးမြို့ လွှတ်တော်ကိုယ်စားလှယ်) ၊နောက် NLD က လူငယ်တွေနဲ့တွေ့ဆုံပါတယ်။

ကျနော့်ကို မကြာခင်မှာပဲ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ အရေးပေါ် နိုင်ငံရေးပုဒ်မ ၅ ည အပါဝင် တရားမ၀င် သင်းပင်းဖွဲ့စည်းမှု့ ၊ တရားမ၀င် ဗွီဒီယိုခွေများ (အန်တီစု ဟောပြောပွဲ အခွေတွေပါ။) ဖြန့်ချီမှု့တွေနဲ့ ထောင်နှစ်ရှည်ချမှတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီကစလို့ ကျနော် အန်တီစုနဲ့ဝေးသွားခဲ့တာ ယခုအချိန်ထိပါပဲ။
ကျနော်ထောင်ကပြန်လွတ်လာတော့ အန်တီစုက နေအိမ်အကျယ်ချုပ် ပြန်ခံလိုက်ရပါပြီ၊

"နိဂုံး"

ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးသက်သက် ကိုးကွယ်မှု့ဖြင့် ဆည်းကပ်ယုံကြည်မှု့ မလုပ်ခဲ့တာ ပြောရဲပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း သမီးမို့..ဆိုတဲ့ အကြောင်းပြချက်နဲ့ပြောလာမယ်ဆိုလည်း ...ဘာ့ကြောင့် ဦးအောင်ဆန်းဦးကိုကျတော့ မချဉ်းကပ်ကြတာလဲ၊မလေးစားကြတာလဲ..လို့ မေးခွန်းထုတ်စရာပါ………..။

နှလုံးသားပုံရိပ်တွေ ကွာပါတယ်… သိပ်ကိုကွာပါတယ်။
အန်တီစု တော်ခြင်း-မတော်ခြင်း... အထူးအထွေ ဘာမှ မပြောလိုပေမယ့် ၊ ပြောနိုင်တာကတော့ ..

တိုင်းပြည်တိုးတက်ချမ်းသာလိုတဲ့ စိတ်ခွန်အား ပြင်းပြပြီး၊ ထားတဲ့စေတနာမှန်တယ်၊ ရိုးသားမှု့အပြည့်ရှိတယ်ဆိုတာကတော့ အသေအချာပြောနိုင်ပါတယ်။ နောက် ရှည်လျှားလာတဲ့ တော်လှန်ရေးရဲ့ဖြစ်စဉ်အောက်မှာ စွန့်လွှတ်အနစ်နာခံမှု့တွေကပါ ရောပြွမ်းလာခဲ့ပါတယ်။

ကျနော်သိသလောက် ရာစုနှစ်အတွင်းမှာ မြန်မာလူထုရဲ့ထောက်ခံမှု့၊လေးစားမှု့၊ ကြည်ညိုမှု့တွေ ကြောက်ခမန်းလိလိရရှိသူနှစ်ဦးကို ထောက်ပြပါဆိုရင် ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်က လွဲလို့ ဘယ်သူရှိနိုင်မှာလည်း၊ သမိုင်းဆိုတာ ဖန်တီးယူလို့မရပါ ။ လုပ်ယူလို့မရပါ၊ လုပ်ရပ်နဲ့ဖြစ်စဉ်တွေက ပြဌာန်းခြင်းဖြင့်သာ တိုင်းတာနိုင်ပါလိမ့်မယ်။

အမှောင်ထု ရှည်လျှားလှသော မြန်မာပြည်ကို သူကလွဲလို့ ဘယ်သူဦးဆောင်နိုင်မှာလဲ။ ဦးဆောင်နိုင်မယ်ဆိုရင်တောင်မှ သူ့လို လူထုထောက်ခံမှု့ရနိုင်ပါမယ်လို့ အာမခံနိုင်ပါသလား။ မေးခွန်းထုတ်စရာပါ၊



ကျနော် ဒီ "ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ "ဆိုတဲ့ ရသဆောင်းပါးတွေ ရေးနေဆဲ အချိန်မှာပဲ အန်တီစု နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာတာနဲ့တိုက်ဆိုင်နေပါတယ်။ သိပ်ဝမ်းသာမိပါတယ်၊ ပီတိဖြစ်မိပါတယ်။ ပြောမပြတတ်လောက်အောင်ပါပဲ ၊

ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲကတော့မပြီးသေးပါဘူး။ကြမ်းလွန်းတဲ့ခရီးကို ဆက်ရဦးမှာပါ ။………… အန်တီစုစိတ်ရော၊ကိုယ်ပါ ကျန်းမာ ချမ်းသာစွာဖြင့် ကျနော်တို့ အမိမြန်မာနိုင်ငံ ဒီမိုကရေစီနဲ့လူ့အခွင့်ကို ပြည့်ဝစွာရရှိသည်အထိ ဆက်လက်လုပ်ဆောင်နိုင်ပါစေ...လို့ ဆန္ဒပြုရင်း၊

ကဗျာဆရာ မောင်တင်သစ်ရေးသားတဲ့ " ဒီနေ့ဟာ အစဖြစ်တယ် " ဆိုတဲ့ကဗျာလေးနဲ့ ဂုဏ်ပြုလိုက် ပါရစေ၊

" ဒီနေ့ဟာ အစဖြစ်တယ်။"(ကဗျာဆရာ မောင်တင်သစ်)


ပင်လယ်ကိုဖြတ်လာတဲ့ မိုးနံ့ပါတဲ့လေလို
မြို့ကြီးထဲ ငါတို့ဝင်ရောက်ကြပါစို့
နေရောင်ဟာ အုန်းလက်ကိုင်းများနဲ့ အိမ်မိုးစွန်းကိုဖြန်းပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို အစိမ်းရောင်ပွပွ လှလှကြီးဖြစ်နေတယ်။
အိမ်ရှေ့လမ်းမပေါ်က မော်တော်ကားတွေဟာ ကြိုတင်တိုင်ပင်ထားကြသလိုပဲ
ဝး၀၀ နာရီမှာ ဟွန်းတွေ တပြိုင်နက်ထဲ တီးလိုက်ကြကုန်
ဒါဟာ အစပဲ……
အရာအားလုံး အစက ပြန်စမယ့်
အစပဲ……။

လေညှင်းဟာ အရပ်မျက်နှာအသီးသီးက တလှည့်ပြီးတလှည့်တိုက်နေတယ်..
ငါတို့ဟာ လေညှင်းနဲ့အတူပါလာတဲ့ အရပ်မျက်နှာအသီးသီးက ပန်းရနံ့တွေလို
ဒီနေရာကိုစုဝေးရောက်ရှိလာကြတယ်……

သမိုင်းဝင် ဓါတ်ပုံထဲက
မျက်နှာတွေနဲ့ အားလုံးဟာ တည်ငြိမ်ခန့်ငြားလို့ပေါ့
မြို့အနှံ့ကခေါင်းလောင်းတွေဟာ
အနှစ်နှစ်အလလက ထစ်အသွားခဲ့တဲ့
သူတို့အသံ သူတို့ပြန်ရလို့ ၀မ်းသာမဆုံးဖြစ်လို့

အပြုံးမျက်နှာတွေဟာ ပြန်ပြီး တည်လို့မရတော့သလိုမျိုး
ကန်ရေပြင်ဟာ သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်

လက်ခုပ်သံတွေက တိကျတယ် ။
အပိုအလိုမရှိဘူး
ရုပ်ရှင်မရိုက်ဘူး
ဇာတ်တိုက်မထားဘူး

တာထွက်တော့မယ့် အားမာန်တွေဟာ အချက်ပေးသံကို စောင့်နေကြပြီ

ကျားတွေအတွက် တောထဲမှာလမ်းခင်းမထားဘူး

ချောင်းတွေ့ရင် ခုန်ကျော်သွားဘို့ပဲ
ချောင်းကျယ်ရင် ဖောင်ဖွဲ့မယ်….
အရာအားလုံးအစကပြန်စမဲ့ အစဖြစ်တယ်……
ဒီနေ့ဟာ ကမ္ဘာပေါ်က အလှဆုံးနေ့တွေထဲက တနေ့ဖြစ်တယ်.
ဒီနေ့ဟာ စစ်ပွဲစတင်တဲ့နေ့မဟုတ်ဘူး၊
ဒီနေ့ဟာ စစ်ပွဲအောင်နိုင်တဲ့နေ့မဟုတ်ဘူး…
ဒီနေ့မှာ စစ်ရှုံးသူမရှိဘူး စစ်နိုင်သူမရှိဘူး၊
ဒီနေ့ဟာ ငြိမ်းချမ်းမှု့စတင်တဲ့နေ့
ငြိမ်းချမ်းမှု့အောင်နိုင်တဲ့နေ့ဖြစ်ရဲ့…..

ဒီနေ့ဟာ မေတ္တာစတင်တဲ့နေ့….
မေတ္တာအောင်နိုင်တဲ့နေ့ဖြစ်ရဲ့…
ဒီနေ့အကြောင်း ကဗျာတပုဒ်ရေးရပေလိမ့်မယ်……
ဒီနေ့အကြောင်း ကဗျာတပုဒ်မရေးခဲ့ဘူးဆိုရင် .. ငါဟာ
ဘာမှမရေးခဲ့တဲ့လူတယောက်နဲ့ ဘာထူးဦးတော့မှာလဲ…။

( ကဗျာဆရာ- မောင်တင်သစ် )

---------------------------------------------------------------------------
(
အန်တီစု ၁၃.၁၁.၂၀၁၀ တွင် လွတ်မြောက်လာခြင်းအတွက် ဂုဏ်ပြုစပ်ဆိုသောကဗျာအား ကောင်းကင် ၀က်ဆိုဒ်မှ ကူးယူဖော်ပြထားပါသည်။)

အားလုံးကို လေးစားစွာဖြင့်-

မောင်မောင်ဝမ်း

maungmaungone@gmail.com
--------------------------------------


"ဟစ်တိုင်မီဒီယာ မူပိုင်ခွင့် သိစေရန်"
"ဆောင်းပါးရှင် မောင်မောင်ဝမ်း၏ " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ" အခန်းဆက်ရသ ဆောင်းပါးများ(အပိုင်း ၁ မှ ၈ အထိ)သည် ဟစ်တိုင်၏ မူပိုင်ဖြစ်ပါ၍၊ မိမိတို့မီဒီယာများတွင် ကူးယူဖော်ပြလိုပါက (မူလရင်းမြစ်=www.hittai.net ဟစ်တိုင်မှ) ဟု ဖော်ပြပေးခြင်းဖြင့် -ဟစ်တိုင် မီဒီယာ၏ မူပိုင်ခွင့်ကို လေးစားလိုက်နာကြစေလိုပါသည်။"