Saturday, February 25, 2017

ဒုတိယအကြိမ် အဝေးရောက်......လွမ်းလဲပြန်ခွင့်မရတဲ့အိမ်..

ဒုတိယအကြိမ် အဝေးရောက်......လွမ်းလဲပြန်ခွင့်မရတဲ့အိမ်..
ကျွန်တော် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က နယူးရောက် မြန်မာမစ်ရှင်မှာ ဗီဇာသွားလျှောက်ပါတယ်....သံရုံးဝက်ဘ်ဆိုဒ်မှာတင်ထားတဲ့လိုအပ်ချက်တွေ အတိုင်းအပြည့်အစုံယူသွားပါတယ်....ရှေ့မှာလဲ မြန်မာလူငယ်တစ်ယောက်လျှောက်နေတာတွေ့ပါတယ်...သူ့ကိုတော့ စာတစောင်ထပ်ရေးခိုင်းတာကြားပါတယ်...ဘယ်နေ့သွားမယ်....ဘယ်မှာနေမယ်....ဒီမှာဘာလုပ်တယ်...အစရှိသဖြင့်ပေါ့...အဲဒီညီလေးက မေးပါတယ်...နိုင်ငံရေးမလုပ်ကြောင်းစာလားဆိုတော့ အဲဒါတွေမလိုပါဘူးတဲ့....အဲဒီတော့ ကိုယ်က စိတ်ထဲမှာထင်လိုက်တယ်...ဟ..ပြောင်းသွားပြီပေါ့....ကျွန်တော်တို့လူမှုဗီဇာလျှောက်တဲ့သူတွေကတော့ ရိုးရိုးလျှောက်လွှာအပြင် အလုပ်ရာဇဝင်ဆိုပြီး ရေးရပါတယ်...ကျွန်တော်လဲ အမှန်အတိုင်းဘဲရေးပါတယ်...
သံရုံးက မြန်မာဝန်ထမ်းအမျိုးသားက လျှောက်လွှာကိုလက်ခံထားလိုက်ပါတယ်....
ဗီဇာကို လုပ်ရတာ ရုံးချိန် ၃ ရက်လိုမယ်ဆိုတဲ့အကြောင်းပြောပါတယ်..ကျွန်တော်ကလဲ ခရီးထွက်တော့မှာမို့ သောကြာနေ့လိုချင်ပါတယ်ဆိုတော့....သူအတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်ဆိုပြီး လိုလိုလားလားပြောပါတယ်.....အဲဒီနေ့ ညနေပိုင်း ရုံးချိန်အကျော် (၅ နာရီ ကျော်ကျေ်လောက်မှာ) အမျိုးသမီးတစ်ယောက်ဖုန်းခေါ်လာပါတယ်......ကျွန်တော့်ရဲ့နောက်ကြောင်းတွေမေးပါတယ်...ကျွန်တော်ကလဲ တောခိုလာခဲ့တဲ့သူဖြစ်ကြောင်း....အမေရိကန်နိုင်ငံသားမဟုတ်ကြောင်း ပြောပြပါတယ်..အခုသွားမှာဘာလုပ်မှာလဲဆိုတော့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တွေ့မယ်...မိသားစုနဲ့တွေ့မယ်..မှတ်ပုံတင်ပြန်လျှောက်ဘို့ကြိုးစားမယ်လို့ပြောပါတယ်...အဲဒီတော့သူက လုပ်ဖေါ်ကိုင်ဖက်ဆိုတာဘယ်သူတွေလဲဆိုတာမေးပါတယ်...အော်..ကျွန်တော်က နိုင်ငံရေးလုပ်လာတာဆိုတော့ လုပ်ဖေါ်ကိုင်ဖက်ဆိုတာ...နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်တွေဘဲပေါ့လို့ ပြန်ရှင်းပြပါတယ်...ဒါနဲ့သူက ဦးနိုင်အောင်ကေ့စ်က complicated ဖြစ်နေတယ်...အထက်ကိုတင်ပြရမယ်...အချိန်ကြာနိုင်တယ်....သောကြာနေ့တော့ မမီနိုင်ဘူး...ဒီမှာကြာသွားမယ်ဆိုရင် ထိုင်းမှာ ဆက်လျောက်ပေါ့....အထက်ကိုတော့ တင်ပြလိုက်ပါမယ်...သောကြာနေ့ရမယ်ဆိုရင် ဖုန်းဆက်ပြန်ပြောပါ့မယ်လို့ မွန်မွန်ရည်ရည် ရှင်းပြပါတယ်...
ကျွန်တော်လဲ ထင်လိုက်ပါပြီ....ရမှာမဟုတ်တော့ဘူးလို့...
နောက်တနေ့ မွန်းလွဲ့ပိုင်းလောက်မှာ အဲဒီအမျိုးသမီးဘဲ ပြန်ဖုန်းဆက်လာပါတယ်...ဦးနိုင်အောင် က black list အထဲမှာ ဝင်နေတဲ့အတွက် ဗီဇာထုတ်ပေးလို့ရမှာ မဟုတ်တော့တဲ့အတွက် သောကြာနေ့မှာ စာအုပ်ပြန်လာယူပါလို့ ပြောပါတယ်...ကျွန်တော်က black list ဝင်တာ ဘယ်တုန်းကလဲ...ဘယ်သူက ထုတ်ထားတာလဲဆိုတော့....ကျွန်တော် ၂၀၁၅ ဇန္နဝါရီလဆန်း ပြန်လာပြီးနောက်ပိုင်းလို့ပြောပါတယ်.....အဲဒါ မန္တလေးမှာ ဒေါ်ခင်ဝင်း နှစ်ပါတ်လည် ဆန္̔ဒပြပွဲမှာ သွေးစည်းညီညွတ်မှုပြတဲ့အနေနဲ့ ပါဝင်ခဲ့ပြီးတဲ့ နောက်ပိုင်းပါ....နောက် အမည်မည်းစာရင်းသွင်းတာက ပြည်ထဲရေးကပါလို့ပြောပါတယ်...
ကျွန်တော်လဲ ဒီနေ့ သောကြာနေ့မှာ စာအုပ်ပြန်ယူခဲ့ပါတယ်....မြန်မာအရာရှိကိုထပ်မံမေးမြန်းဘို့ စုံစမ်းတော့ တစ်ယောက်မှ ရုံးမှာမရှိဘူးလို့ Pilippino receptionist လေးက ပြောပါတယ်...ဒါနဲ့ အပြင်ထွက်လာပြီး ဖုန်းဆက်တော့ မြန်မာလိုပြောတဲ့ဝန်ထမ်းတစ်ယောက်နဲ့ ပြောရပါတယ်..သူကတော့ ဖြေနိုင်မှာမဟုတ်ဘူး...ကောင်စစ်ဝန်ကဘဲ ဖြေနိုင်မှာတဲ့..သူရောရှိလားဆိုတော့...ခရီးသွားတယ်လို့ပြောပါတယ်....
အဲဒီတော့ နိဂုံးချုပ်ရရင် ၂၀၁၅ ကတည်းက ၃ ခါလောက် ဘန်ကောက်မှာ ဗီဇာလျှောက်လွှာကို အကျိုးအကြောင်းမပြောဘဲ ငြင်းတာဟာ ဘလက်လစ် ဝင်လို့ပါဆိုတာကို တိတိကျကျ သိလိုက်ရပါပြီ....ပြည်ထဲရေးက လုပ်တာပါလို့လဲ သိရပါပြီ....လက်ရှိဒီမိုကရေစီအစိုးရက နိုင်ငံရေးအရ ပိတ်ဆို့အရေးယူမှုတွေမလုပ်ပါဘူးလို့ပြောပေမယ့် ကျွန်တော်သိသလောက်...ကျွန်တော်၊ မခင်ဥမ္မာ၊ ကိုမိုးသီး၊ ဇိုရာဖန်း၊ ကိုဘုန်းကျော်တို့ တော့အမည်မည်းစာရင်းအသွင်းခံရပါပြီ...
တိုင်းပြည်နဲ့ပြည်သူတွေကို ဒုက္ခပေးတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်တွေကတော့ အရေးယူမခံရဘဲ...ဒီမိုကရေစီရေးကို ၂၈ နှစ်လုံးလုံး မိသားစု၊ တိုင်းပြည်နဲ့ ဝေးပြီး လုပ်လာတဲ့သူတွေကို အရေးယူခံထားရတာကတော့ တော်တော် ကသိကအောက် နိုင်လွန်းပါတယ်...အသွင်ကူးပြောင်းရေးကာလမှာ ပြန်လည်သင့်မြတ်ရေးကို ယုံကြည်နားလည်ပေမယ့်....စစ်တပ်အလိုကျဘဲ သင့်မြတ်လိုရမယ်ဆိုတာကလည်း စစ်မှန်သောသင့်မြတ်ရေးလို့ မယူဆနိုင်ပါ...
ပြည်သူက ရွေးချယ်ထားတဲ့ ဒီမိုကရေစီအစိုးရအနေနဲ့...
ပြည်ပရောက်များကို ပြန်လာဘို့ဖိတ်ခေါ်ပြီး....ရှင်းလင်းတဲ့လုပ်ထုံးလုပ်နည်းကို သတ်မှတ်ပေးစေချင်ပါတယ်....(အခုပြောနေတဲ့ နီးစပ်ရာသံရုံးမှာလျောက်ပါ..သမတကို အသနားခံပါ....အဆင့်ဆင့်စီစစ်ပြီးမှဆိုတာ နောက်ဆုံး စစ်တပ်ကသာ အဆုံးအဖြတ်လိုဖြစ်နေပါတယ်...အဲဒါကို လက်မခံနိုင်ပါ)
ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေကို အမည်မည်းစာရင်းကနေ အားလုံးဖြုတ်ပေးပါ...
လက်ရှိအမည်မည်းစာရင်းကို ထုတ်ပြန်ကြေညာပေးပါ....
နိုင်ငံရေးကြောင့် တိုင်းပြည်ကဝေးကွာသွားသူတွေဟာ သူတို့ဆန္̔̔ဒရှိရင် နိုင်ငံသားဖြစ်နေဆဲပါဆိုတာကို အသိအမှတ်ပြုပေးပါ.....
အခုလောလောဆယ်တော့ ကျွန်တော် ပြည်နှင်ဒါဏ်ထပ်ခံရပြီး အဝေးရောက်ဘဝကို ဒုတိယအကြိမ်ပြန်ရောက်ပြီဖြစ်ပါတယ်..အိုမင်းလာပြီဖြစ်တဲ့ မိခင်ကြီးကိုတွေ့ချင်ပေမယ့်..စောင့်ရှောက်ချင်ပေမယ့်၊ တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ဝိုင်းကူညီချင်ပေမယ့် ......အခြေအနေမပေးသေးပါ.....
ချစ်သူ၊ မုန်းသူများအားလုံးကို မေတ္တာပို့ပါတယ်


https://www.facebook.com/DNA.FREEBURMA/posts/10154077398526017

No comments: