Thursday, March 23, 2017

ခွင့်လွှတ်ပါ မဟတ္တမဂန္ဓီ

Nge Naing
ခွင့်လွှတ်ပါ မဟတ္တမဂန္ဓီ
ကျွန်မဟာ ပုထုဇဉ်လူသားမို့ မနာလိုခြင်း အလျဉ်းမရှိသူလို့ မပြောလိုပေမဲ့ ဗြဟ္မ၀ိဟာရတရား လေးပါးထဲမှာ ကျွန်မ အချမ်းသာဆုံးဟာ မုဒိတာလို့ ပြောလို့ရပါတယ်။ လူတွေကို ရှုမြင်တဲ့နေရာမှာ စိတ်ဓာတ်၊ အကျင့်သီလ ကောင်းမကောင်းကို ကြည့်ပြီး အထင်ကြီးခြင်း၊ လေးစားခြင်း၊ အားကျခြင်းအပေါ် မူတည်ကာ ချစ်ခြင်း၊ မုန်းခြင်း နှစ်သက်ခြင်း၊ သဘောကျခြင်းတွေနဲ့ ခွဲခြားတတ်သူဖြစ်ပြီး တပြေးညီသဘောမထားနိုင်လို့ ကျွန်မမှာ မေတ္တာမှာ ဆင်းရဲပါတယ်။ ဆင်းရဲတာကို ချမ်းသာလာအောင် ဘုရားအဆုံးအမတွေနဲ့ ဖြည့်ဆည်းရင်းနဲ့ အခုတော့ နဂိုမူရင်း ချမ်းသာနေတဲ့မုဒိတာက ပုဂ္ဂိုလ်တဦးအပေါ်မှာ ယုတ်လျှော့လာတာကို တွေ့ရတယ်။ မြန်မာပြည်မှာ အခုလက်ရှိ ဆက်တိုက် ဖြစ်လာနေတဲ့ အကြောင်းအရင်းတွေက ကျွန်မရဲ့ အတွင်းအဇ္ဈတ္တအထိ ထိခိုက်တဲ့အထိ ဖြစ်လာပါတယ်။
၁၉၉၈ ခုနှစ်၊ အောက်တိုဘာတုန်းက အိန္ဒိယနိုင်ငံ၊ ကရလယ်ပြည်နယ်က ကိုချင် (Cochin) ဆိုတဲ့မြို့လေးမှာ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ကိုယ်စားလှယ်တဦးအနေနဲ့ အကြမ်းမဖက်နည်းလမ်းနဲ့ ပတ်သက်တဲ့ နှီးနှောဖလှယ်ပွဲတခုကို သွားတက်ခဲ့ဖူးပါတယ်။ အဲဒီအစည်းအဝေးက ပြန်တော့ အိန္ဒိယနဲ့ ပတ်သက်ပြီး ကျွန်မအသိအမြင်သစ်တွေ အများကြီး ရခဲ့ပါတယ်။ အခက်အခဲအမျိုးမျိုးကြားက အိန္ဒိယဗီဇာရသွားတာနဲ့ နှီးနှောဖလှယ်ပွဲဆိုတာထက် ကျွန်မစိတ်ထဲမှာတော့ ဘုရားပွင့်တဲ့ နိုင်ငံကို ရောက်ဖူးတော့မယ်ဆိုပြီး တော်တော်လေး ပျော်သွားတယ်။ အိန္ဒိယနိုင်ငံလို့ ပြောလိုက်တာနဲ့ ကျွန်မအသိထဲမှာ ဘုရားပွင့်တဲ့နိုင်ငံ ဖြစ်သလို မျက်စိထဲမှာ မြင်မိတဲ့ အမှတ်အသားကလည်း မြတ်စွာဘုရားပုံပါပဲ။
ဒီလိုနဲ့ ထိုင်းကနေ ခရီးထွက်လာလိုက်တာ အစည်းအဝေး ကျင်းပရာ ကိုချင် (Cochin) ဆိုတဲ့ မြို့လေးကို ရောက်ဖို့အတွက် ဘန်ကောက်ကနေ ကလကတ္တားနဲ့ ဘုံဘေမှာ လေယာဉ်ပြောင်းစီးရပါတယ်။ Transit မဟုတ်ပါ Transfer ပါ။ မနက်အစောကြီး Cochin ကိုရောက်ပါတယ်။ အစည်းအဝေးကျင်းပတဲ့ အဖွဲ့က အမျိုးသမီးတဦးက ကျွန်မကို လေဆိပ်မှာ လာကြိုပါတယ်။ (နာမည်မမှတ်မိ) တွေ့တာနဲ့ အချင်းချင်း မိတ်ဆက် သာလားမာလားစတဲ့ လောက၀တ် စကားတွေ ပြောပြီးကားပေါ်တက်ချိန်ကနေ အဲဒီအမျိုးသမီး ရေပက်မ၀င်နဲ့ ပြောလိုက်တဲ့စကား တခွန်းမှ အမျိုးသမီးရေးရာကိစ္စလည်း မပါဘူး၊ ကျွန်မ မျှော်လင့်ထားတဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာလည်း တခွန်းမှ မပါဘူး။ သူပြောလိုက်တာ လေဆိပ်ကနေ ဟော်တယ်အရောက် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ မဟတ္တမဂန္ဓီရဲ့ ကြီးမြတ်တဲ့သမိုင်း သက်သက်ပဲ။
ကားပေါ်စထိုင်ကတည်းက ကျွန်မကလည်း ခရီးပန်းလာလို့ တော်တော် အိပ်ငိုက်နေပြီ သူပြောတာ ကြားတချက် မကြားတချက်ပဲ အာရုံသိပ်မလာဘူး။ တနေရာရောက်တော့ "တွေ့လား အဲဒါ မဟတ္တမဂန္ဓီပန်းခြံပေါ့" လို့ ကားမှောင်းရင်း သူမေးငေါ့ပြလိုက်တဲ့ လမ်းတဘက်ကို ကြည့်လိုက်တော့ မျက်ခင်းစိမ်းစိမ်းကွင်းထဲမှာ ကုကိုလ်ပင်လို သစ်ပင်အကြီးနဲ့ တခြားအပင်အသေးတွေ သွယ်တန်း စိုက်ထားသလို ကွင်းရဲ့ တနေရာမှာ လှပသေသပ်တဲ့ ရောင်စုံ အလှပင်ငယ်မျိုးစုံနဲ့ တန်ဆာဆင်ထားပြီး မဟတ္တမဂန္ဓီရဲ့ ရုပ်ထုကို ခန့်ခန့်ညားညား တွေ့လိုက်ရလို့ စိတ်ရော မျက်စိပါအနည်းငယ် ပြန်ကြည်သွားပါတယ်။
ကျွန်မက "တော်တော်သားနားတာပဲနော့် ငါတို့မြန်မာပြည်မှာလည်း အဲလိုပဲ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့ ပန်းခြံ ရှိတယ်, သိလား ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေလေ" လို့ ဗိုလ်ချူပ်ပန်းခြံကို အပြင်မှာ မြင်ဖူးပေမဲ့ စိတ်မှန်းနဲ့ မြင်ယောင်ပြီး ပြောပြလိုက်တယ်။ ဒီတော့ သူက ဟုတ်လား ဘယ်နှစ်ခုရှိလဲလို့ မေးတော့ ကျွန်မဘာဖြေရမှန်း မသိတာနဲ့ ရန်ကုန်မှာရှိတယ်၊ တခြားမြို့ကြီးတွေမှာလည်း ရှနိုင်တယ် ဒါပေမဲ့ ဘယ်နှစ်ခုမြို့မှာ ရှိတယ်ဆိုတာတော့ ကျွန်မ မသေချာဘူးလို့ပဲ ပြန်ဖြေလိုက်ရတယ်။ ဒါနဲ့ သူက ငါတို့အိန္ဒိယမှာ မဟတ္တမဂန္ဓီပန်ခြံ၊ မဟတ္တမဂန္ဓီ ကျောက်တိုင်၊ မဟတ္တမဂန္ဓီ ရုပ်ထု၊ မဟတ္တမဂန္ဓီလမ်း ဆိုတာ မြို့တိုင်းမြို့တိုင်းမှာ တမြို့မကျန် ဂုဏ်ပြုထားတယ် ဆိုတဲ့အကြောင်း၊ ကျောင်းတွေမှာ မဟတ္တမဂန္ဓီကို နေ့တိုင်းအလေးပြု သစ္စာအဓိဋ္ဌာန်ဆိုရတဲ့အကြောင်း သူကထပ်ပြောပြန်တယ်။
ဒါနဲ့ ကျွန်မလည်း အားကျမခံ ငါတို့မြန်မာပြည်မှာလည်း အတူတူပဲလို့ သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းမှာ နေ့တိုင်း ဗိုလ်ချူပ်အောင်ဆန်းနဲ့ ကျဆုံးခဲ့တဲ့ အာဏာနည်တွေကို နေ့တိုင်း အလေးပြုရတာကို သတိရပြီး ပြောလိုက်ပါတယ်။ ဒီမိုကရေစီ ရပြီးရင်တော့ ငါတို့နိုင်ငံမှာလည်း နင်တို့ အိန္ဒိယမှာ မဟတ္တမဂန္ဓီ ဂုဏ်ပြုသလိုမျိုး ဖြစ်အောင် မြို့တိုင်းမှာတော့ ဗိုလ်ချူပ်အောင်ဆန်း ပန်းခြံတွေ ကျောက်တိုင်တွေ၊ ရုပ်ထုတွေ လမ်းတွေလုပ်ပြီး ဂုဏ်ပြုရအောင် ကြိုးစားရမယ်လို့ပဲ အထူးဂုဏ်ယူ အားကျတဲ့အသံနဲ့ ကျွန်မ ပြန်ပြောခဲ့တယ်။ ဒီလိုနဲ့ ဟော်တယ်ကို ရောက်လာတယ်။
အစည်းအဝေး ပြီးတော့ ဖြစ်ပုံက ကျွန်မက ဗီဇာရ နောက်ကျတော့ ကျွန်မရဲ့ လေယာဉ်လက်မှတ်က အရေးပေါ် ရတာကို ၀ယ်လာပြီး လာရတယ်။ သူများ Cancel လုပ်တာကို သူတို့က ပြန်ချပေးတာ ဖြစ်တော့ ဈေးလည်း လျှော့ဈေးနဲ့ ရပေမဲ့ တပတ်ကြာမှ ကျွန်မက Cochin ကနေ ပြန်ထွက်ရမယ်၊ ပြောင်းလို့လည်းမရဘူး။ အစည်းအဝေးပြီးတော့ ကျွန်မ Cochin က အစည်းအဝေးကျင်းပတဲ့ အမျိုးသမီး အဖွဲ့ကခေါင်းဆောင်အိမ်မှာ တပတ်တိတိ နေခဲ့ရတယ်။ အဲဒီတပတ်အတွင်းမှာ ကျွန်မ အိန္ဒိယနဲ့ ပတ်သက်ပြီး မှတ်သားစရာ တော်တော််လေး ရလိုက်ပါတယ်။ တခြားအကြောင်းအရာတွေကိုတော့ ထားလိုက်မယ်၊ မဟတ္တဂန္ဓိအကြောင်းကိုပဲ ဆက်ပြောချင်ပါတယ်။
အဲဒီအိမ်မှာ ၁၂ နှစ်အရွယ် သမီးမိန်းကလေးနဲ့ ၇ နှစ်အရွယ် သားလေးတယောက် ကလေးနှစ်ယောက် ရှိပါတယ်။ တပတ်ကြာတယ်ဆိုတော့ အဲဒီကလေးနှစ်ယောက်နဲ့လည်း ကျွန်မနဲ့ တော်တော်လေး ရင်းနှီးသွားတယ်။ သူတို့ကြည့်တဲ့ ကာတွန်းကားက အင်္ဂလိပ်လို သူတို့အချင်းချင်း စကားပြောရင် သူတို့ပြည်နယ်လို သူတို့သင်တဲ့စာက ပြည်နယ်က သူတို့ဘာသာစကား၊ နိုင်ငံတော်ဘာသာအဖြစ် ဟင်ဒီစာ၊ ရုံးသုံးဘာသာအဖြစ် အင်္ဂလိပ်လို ဘာသာစကား အနည်းဆုံး သုံးခုသင်ရတယ်တဲ့။ အဲဒီကလေးတွေကလည်း မဟတ္တမဂန္ဓီအကြောင်းပဲ ပြောပြပါတယ်။ မဟတ္တမဂန္ဓီအကြာင်းကို ဘာမေးမေး အကုန်ဖြေနိုင်တာ ကျွန်မမှာ အံ့သြလို့ မဆုံးဖြစ်ပြီး နင့်ကလေးတွေ တော်လိုက်တာလို့ သူ့အမေကို ပြောမိတယ်။ ဒီတော့ သူ့အမေက ပြောတယ် သူ့ကလေးတွေ တော်တာမဟုတ်ဘူး အိန္ဒိယနိုင်ငံသား ဘယ်သူမဆို ဘယ်ပြည်နယ်၊ ဘယ်လူမျိုး ဘယ်ဘာသာပဲ ကိုးကွယ်သူဖြစ်ပါစေ ကလေးလူကြီးမရွေး မဟတ္တမဂန္ဓီအကြောင်း ကြိုက်တာမေး မဖြေနိုင်သူ မရှိစေရဘူးတဲ့။
အဲဒီအိမ်က ဟိန္ဒူ မူစလင် ဘာသာဝင် မဟုတ်ဘူး၊ ခရစ်ယာန် ကက်သလစ်ကိုးကွယ်တဲ့အိမ် ဖြစ်တယ်။ ကျွန်မကို လေဆိပ်မှာ လာကြိုခဲ့တဲ့ အမျိုးသမီးလည်း ကက်သလစ်ကိုးကွယ်သူလို့ သိရတယ်။ အိန္ဒိယမှာ သူတို့ပြည်နယ်က Multi-Culture ပြည်နယ်လို့ ကျွန်မကို ပြောပြါတယ်။ အိန္ဒိယနဲ့ မြန်မာက တော်တော်ဆင်တူတော့ ကျွန်မလည်း သူတို့ဘာပြောပြော ငါတို့ဆီမှာလည်း ဒီလိုပဲ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရှိတယ်၊ ငါတို့သမိုင်းမှာလည်း နင်တို့သမိုင်းမှာ မဟတ္တမဂန္ဓီလို ကြီးမြတ်တဲ့ ပုဂ္ဂို်လ်ဟာ တိုင်းသူပြည်သားတွေရဲ့ နှလုံးသားမှာ နေရာယူထားသလို ငါတို့သမိုင်းမှာလည်း ဗိုလ်ချူပ်အောင်ဆန်းက မြန်မာပြည်သူအားလုံးရဲ့ နှလုံးသားထဲမှာ နေရာယူနေတယ် ဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်မ မပြန်ခင်တနေ့မှာ အိမ်ရှင်က ကျွန်မကို Museum လိုက်ပြတော့ အပြင်မှာ ကျွန်မမတွေ့ရတဲ့ မြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ကို ပြတိုက်ထဲမှာ ကျွန်မ တွေ့ရပါတယ်။ ပြီးတော့ မဟတ္တမဂန္ဓီရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ တအုပ်လက်ဆောင် ပေးလိုက်ပါတယ် (တင်ထားတဲ့ဓာတ်ပုံ)။ အိန္ဒိယ ပြည်သူတွေရင်ထဲမှာ ဗုဒ္ဓမရှိတော့ပေမဲ့ မဟတ္တမဂန္ဓီကတော့ အမြဲနေရာယူနေမှာကို ကျွန်မ တွေးမိတယ်။
အဲဒီ နှီးနှောဖလှယ်ပွဲကလည်း Non Violent အကြောင်းဆိုတော့ အဲဒါကို အကြောင်းပြုပြီး ရောက်တဲ့နေ့ကနေ ပြန်တဲ့နေ့အထိ မဟတ္တမဂန္ဓီက ကျွန်မနှလုံးသားထဲအထိ ၀င်ပြီးနေရာယူခဲ့ပါတယ်။ မဟတ္တမဂန္ဒီကို အလွန့်အလွန် လေးစားအားကျဂုဏ်ယူတဲ့စိတ်နဲ့ ကျွန်မဟာ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ ရပြီူးတဲ့တနေ့ကျရင် အိန္ဒိယမှာ မဟတ္တမဂန္ဓီကို ဂုဏ်ပြုသလိုပဲ မြို့တိုင်းမြို့တိုင်း တမြို့မကျန် ဗိုလ်ချူပ်အောင်ဆန်းနာမည်နဲ့ ပန်းခြံ၊ ရုပ်တု၊ ကျောက်တိုင်၊ လမ်းတွေကို ဖန်တီးရမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ပြန်လာခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း အမြဲတမ်းတွေးပြီး သတိရလျှက် မဟတ္တမ ဂန္ဓီကိုလည်း အမြဲတမ်း အားကျလျှက်ရှိပါတယ်။
မဟတ္တမဂန္ဓီနဲ့ ဗိုလ်ချူပ်အောင်ဆန်း၊ သူတို့ချစ်တဲ့ တိုင်းပြည်အတွက် လွတ်လပ်ရေးရအောင် ဘ၀ပေးပြီး ဦးဆောင်လာခဲ့သူအချင်း အတူတူ မဟတ္တမဂန္ဓီကျတော့ သူ့နိုင်ငံသား ကလေးကနေ လူအိုတွေအဆုံး အားလုံးရဲ့ ရင်ထဲနှလုံးသားထဲမှာ ကိန်းအောင်းနေရာယူနိုင်ပြီး ဗိုလ်ချူပ်အောင်အောင်ဆန်းကိုကျတော့ သူ့နိုင်ငံသားတွေက ဘာဖြစ်လို့ နှလုံးသားထဲမှာ မထားနိုင်ရတာလဲ။ ဗိုလ်ချူပ်အောင်ဆန်း အမည်ပေးလိုက်လို့ အဲဒီအမည်ပေးခံလိုက်ရတဲ့ အရာက ဆိုးဆိုးဝါးဝါး ဂြိုလ်မွှေလိမ့်မယ်လို့ တပေါင်ရှိလို့ အယူသီးပြီး ခါးခါးသီးသီး ဖြစ်ကြတာလား။ ဗိုလ်ချူပ်အောင်ဆန်းဆိုတာ မြန်မာပြည်မှာ လူမျိုးတမျိုး၊ ဘာသာတခု၊ အယူဝါဒတခု၊ အုပ်စုတခုကိုပဲ ကိုယ်စားပြုတဲ့သူလား။ ဘာကြောင့် မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲက ဗိုလ်ချူပ်အောင်ဆန်း အပျောက်ခံသွားရတာလဲ နားမလည်နိုင် ဖြစ်ရပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းက တနိုင်ငံလုံး တမျိုးသားလုံး၊ ပြည်ထောင်စုတခုလုံးရဲ့ ရင်ထဲမှာရှိတဲ့ ဗိုလ်ချူပ်အောင်ဆန်းက ပြည်သူလူထု နှလုံးသားနဲ့ အခုလောက်ထိ ဝေးကွာသွားတာကို ကျွန်မ မယုံကြည်နိုင် ဘယ်လိုမှ မခံစားနိုင်ဘူး ဖြစ်မိတယ်။ ပြည်သူအားလုံး ရင်ထဲမှာ ရှိခဲ့တဲ့ တချိန်က ဗိုလ်ချူပ်အောင်ဆန်းကို ကျွန်မ လွမ်းတယ်။ တမလွန်က ဗိုလ်ချူပ်အောင်ဆန်းကို ကျွန်မတကယ်ပဲ အားနာလွန်း၊ မျက်နှာပူလွန်းလို့ မဟတ္တမဂန္ဓီကို အားကျတဲ့ ကျွန်မ အခုတော့ အားမကျတော့နိုင်တော့ဘူး၊ ဗိုလ်ချူပ်အောင်ဆန်းအတွက် တွေးပြီး သိမ်ငယ်လွန်းလို့ ကျွန်မရဲ့ မုဒိတာကို မထိန်းနိုင်ဖြစ်ပြီး မဟတ္တမဂန္ဓီကို ကျွန်မ မနာလို သ၀န်တို ဖြစ်မိတာ ခွင့်လွှတ်ပါ မဟတ္တမဂန္ဓီ။
အိန္ဒိယနိုင်ငံမျာ တမြို့မကျန် မဟတ္တမဂန္ဒီရဲ့ နာမည်လွှမ်းမိုးသလို မြန်မာတပြည်လုံး တမြို့မကျန် ဗိုလ်ချူပ်အောင်ဆန်းနာမည် လွှမ်းမိုးနိုင်တဲ့ခေတ်ကို ရောက်ပြီး ပြည်သူလူထု နှလုံးသားထဲကို ဗိုလ်ချူပ်အောင်ဆန်း ပြန်ရောက်ပါစေလို့ ဆုတောင်းလျှက်...
ဗိုလ်ချူပ်အောင်ဆန်းအပေါ် ခါးခါးသီးသီး ဖြစ်နေကြတာကို မခံစားနိုင်လွန်းလို့ ရေးတာဖြစ်တယ်။ Nge Naing – 22/03/17

No comments: