Monday, March 6, 2017

သားကိုသခင်-လင်ကိုဘုရား

သားကိုသခင်-လင်ကိုဘုရားတဲ့
အဲသလိုမိန်းမမျိုးကိုမင်းတို့ရှာယူကြ
ဒို့အဖိုးအဖွားတွေရဲ့လေးနက်တဲ့စကားကို
အပေါ်ရံလောက်ခပ်ပေါ့ပေါ့တွေးပြီးပျက်ရယ်မပြုကြနဲ့
ဦးနှောက်လေးနည်းနည်းသုံးကြကွာ
သားကိုသခင်ဆိုတာ-
သခင်လိုပြုစုဆက်ဆံဖို့ပြောတာမဟုတ်ဘူးကွ
သခင်ဖြစ်အောင်ပြုစုပျိုးထောင်ပေးဖို့ပြောတာ
သူတပါးအခိုင်းခံကျွန်ဘဝမရောက်အောင်
ပညာတွေသင်ပေးရမှာ-အတွေးအခေါ်တွေဖြည့်ပေးရမှာ
ကိုမင်းနောင်ဆိုထားတဲ့သီချင်းရှိတယ်မို့လား
မည်သူမဆို ကူညီသည်ဖြစ်စေ
မည်သူမဆို မကူညီသည်ဖြစ်စေ
ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝအခြေအနေ
ကိုယ့်အားကိုကိုးမှ
ကိုယ်သာသခင်ဖြစ်ပေ ဆိုတာလေ
သားသမီးကကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်
ပြုစုပျိုးထောင်ပေးနိုင်တဲ့ဇနီးကောင်းကိုပြောတာကွ
လင်ကိုဘုရားတဲ့
လင်ကိုဘုရားလိုကိုးကွယ်နေဖို့မဟုတ်ဘူးကွ
မကောင်းမှုတွေရှောင်ကြင်အောင်-ကောင်းမှုတွေပြုအောင်
လင်ယောင်္ကျားကိုပံ့ပိုးပေးရမှာကွ
အနည်းဆုံးတော့ငါးပါးသီလလုံစေရမယ်ပေါ့ကွာ
ဟိုကောင်မယောင်္ကျားတော့တော်လိုက်တာ
သူ့မိန်းမကိုစိန်နားကပ်ကြီးဝယ်ပေးသတော့
ရှင်ကတော့အလိုက်နလိုက်တာဆိုရင်
ယောင်္ကျားကခိုးတော့မယ် ဝှက်တော့မယ် အဂတိလိုက်စားတော့မယ်
ငွေကြေးချမ်းသာတောင်နောင်ဘဝမင်းပဲအပါယ်ကျမှာကွ
ဒီ့ထက်တစ်ဆင့်တက်ရင်
ဘုရားအလောင်တော်များဖြည့်ကျင့်ကြတဲ့
ပါရမီဆယ်ပါးကွာ
ဒါနတို့ သီလတို့ ဝိရိယတို့ပေါ့
မေတ္တာတို့ ဥပေက္ခာ ခန္တီတို့စသည်ပေါ့
ရတနာသုံးပါးကိုနေ့ညမပြတ်ယုံကြည်ဆည်းကပ်ကျင့်ကြံကြဖို့ပေါ့
မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတာအဲဒါတွေလဲပါတယ်
စီးပွားရှာတာချည်းပြောတာမဟုတ်ဘူး
ရှင်ကဘာလဲ ကျုပ်ကဘာလဲ
ရှင်စီးပွားရှာတာထက်ကျုပ်ကပိုရှာနိုင်တယ် တွေ့လား
ဆိုတဲ့မိန်းမမျိုး အတ္တသိတ်ကြီးတဲ့မိန်းမမျိုးကိုရှောင်ဟ
အဲသည်မိန်းမမျိုးကသူ့အတွက်ပဲသူကြည့်တတ်တာ
သူကြီးပွားကောင်းစားဖို့ဆိုလင်ကိုလဲပစ်နိုင်တယ်
သားသမီးကိုလဲစွန့်နိုင်တယ်
သူ့ဘဝသာလျှမ်းလျှမ်းတောက်အောင်မြင်မယ်
သာယာချမ်းမြေ့တဲ့မိသားစုဘဝဘယ်တော့မှမရဘူးကွ
ဒါ့ကြောင့်
သာယာချမ်းမြေ့တဲ့မိသားစုဘဝရချင်တယ်ဆိုရင်တော့
သားကိုသခင် လင်ကိုဘုရား အရာထားမယ့်
ဇနီးကောင်းဇနီးမြတ်ကိုသာလက်ထပ်ကြကွာ
(သားလူပျိုနှစ်ယောက်ကိုဆုံးမနေတာပါနော်
မကြိုက်ရင်ကျော်သွားကြပါ)

No comments: