Wednesday, March 8, 2017

Understanding Aung San Suu Kyi's silence

အချို့ ကိစ္စ အရေးအရာတွေမှာ ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် နှုတ်ဆိတ်နေရသလဲ ”။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ မှာ ကျင်းပခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက်အောက်မေ့ဖွယ် အခမ်းအနား မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “မိမိတို့လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်ရဲ သေး သည့် အချိန်မှာ၊ မလုပ်သင့် မလုပ် ထိုက်တာကို ကြောက်လို့ မလွန်ဆန်ရဲသည့် အချိန်” ဆိုတဲ့ စကားရပ်ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်ပါ ပြောဆိုချက်ကို ဖေဖါဝါရီ (၂၁)ရက်နေ့ထုတ် Darwin Peng ကရေးသားခဲ့တဲ့ Harvard Political Review ဆိုတဲ့ ဟာဘတ်တက္ကသိုလ်က ကျောင်းသားတွေ ထုတ်ဝေတဲ့ ဂျာနယ်မှာပါ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အလွန် သိမ်မွေ့ ခက်ခဲ နက်နဲတဲ့ စိန်ခေါ်မှုတွေကို အသေအချာ သတိပြုပြီး၊ ဒေါ်စု ကိုနားလည် ပေးဖို့ တိုက်တွန်းရေးသားထားတဲ့ Understanding Aung San Suu Kyi's silence “ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် နှုတ်ဆိတ်နေရသလဲ ဆိုတာကို နားလည်ခြင်း”ဆိုတဲ့ ဆောင်းပါးထဲက အချက်တချို့ကို ရွေးနုတ် ထည့်သွင်းပြီး သုံးသပ်တင်ပြ လိုက်ပါတယ်။
အချို့ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ် နေတာ ဘာ့ကြောင့်လဲ ဆိုတာကို သိဖို့ “စစ်တပ်”နှင့် “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေ” ( The military and Buddhist nationalists) ဆိုတဲ့ မြန်မာနိုင်ငံရဲ့ သြဇာ အကြီးဆုံးနှင့် အားအကောင်းဆုံး နိုင်ငံရေး အင်အားစု (၂)ရပ် အကြောင်း သိရှိနားလည် သိရှိထားဖို့ လိုပါမယ်လို့ ဆောင်းပါးက ဆိုပါတယ်။
“ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ” တွေဟာ မြန်မာနိုင်ငံမှာ လူဦးရေ အများဆုံး ဖြစ်တဲ့ ဗမာလူမျိုး ဗုဒ္ဓဘာသာ ဝင် တွေ အကြားမှာ တနေ့တခြား ထောက်ခံမှု တွေ ပိုပိုပြီးရလာနေသလို၊ တခြား တဘက် မှာ လည်း (၂၀၁၅) ရွေး ကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို အာဏာလွှဲ ပြောင်းပေးခဲ့ ပေမယ့် မတန်တဆ အာဏာ တွေ ဆုပ်ကိုင်ထားဆဲ ဖြစ်တဲ့ စစ်တပ်ကလည်း သူရယူထားတဲ အာဏာတွေကို ဆက်လက် ဆုပ်ကိုင် ထားဖို့ တချို့ ဝိဝါဒ ကွဲပြားနိုင်တဲ့ ကိစ္စတွေမှာ ဖြစ်နိုင်သမျှ နည်းတွေကို သုံးနေဆဲ ဖြစ်ပါတယ်လို့ ဆောင်းပါးမှာ ဖေါ်ပြပါတယ်။
အချို့ ထိထိရောက်ရောက် ပြတ်ပြတ်သားသား လုပ်ရမယ့် ကိစ္စတွေမှာ အောင်မြင်အောင် မလုပ်နိုင်ခဲ့ တာတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝေဖန်ခံထိုက်တာမှန်ပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်ရတာက ဒေါ်အောင် ဆန်းစုကြည်ဟာ “စစ်တပ်” နှင့် “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ”ဆိုတဲ့ အလွန်အားကောင်းတဲ့ အင်အားစုကြီး (၂)ခုနှင့် ထိပ်တိုက်တိုး အားပြိုင်မှုတွေကို သတိကြီးကြီး ထားပြီး ဆင်နွှဲနေရတာကြောင့်ပဲ ဖြစ်ပါတယ်တဲ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိနည်း မိုက်မဲတဲ့ အပြု အမူ ကြောင့် မဟုတ်ဘူး ဆိုတာကိုတော့ အသေအချာ သိထားရမှာ ဖြစ်ပါတယ်လို့ ဆောင်းပါးက သတိပေးသွားပါတယ်။
“ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ”။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အပါအဝင် နိုင်ငံလူဦးရေရဲ့ (၉၀%)နီးပါးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေ တော့ “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ”ကို ပြစ်တင် ရှုတ်ချမယ်ဆိုရင်၊ သူမက အရွယ်အစားအတော်ကြီးကို ကြီး မားတဲ့ လူထု ကြီးကို ကျောခိုင်းရာ ကျသွားမယ့် အန္တရာယ်ကြီး ရှိနေပါတယ်တဲ့။
အချို့ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေမှာ ပြတ်ပြတ်သားသား၊ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိဖြစ်နေရမှု ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံတွေရဲ့ ပြစ်တင်မှု တွေကိုသာခံနေရတာ မဟုတ်ပဲ၊ (၉၆၉) လှုပ်ရှားမှု အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်သူ အရှင် ဝီရသူရဲ့ ပြစ်တင် ရှုတ်ချမှုတွေကိုပါ ခံနေရတာ ဖြစ်ပါတယ်တဲ့။
အရှင် ဝီရသူက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမရဲ့ အစိုးရသစ်က ကျုပ်( အရှင် ဝီရသူ)ကို ရန်သူ နံပါတ်(၁) အဖြစ် သတ်မှတ်ဖို့ ရှေ့တိုးလုပ်ဆောင်လာနေပါတယ်လို့ စွပ်စွဲပြောဆိုနေပါတယ်။ ဒါတင်မက၊ လူမျိုးရေး လူနည်းစုတွေကို ပစ်မှတ်အဖြစ်ထားရှိတဲ့ ကိုးကွယ်ရာ ဘာသာပြောင်းခြင်းနှင့် ဘာသာ မတူသူတွေ အကြားလက်ထပ် ထိမ်းမြားကဲ့သို့သော မျိုးစောင့် ဥပဒေ (၄)ရပ်ကို ဥပဒေ အဖြစ် ပြဌာန်းပေးခဲ့ ရုံမက အရှင် ဝိရသူ က ဘာသာရေး အကြမ်းဖက်မှုတွေကို ပြုလုပ်နေတာ မဖြစ်နိုင်ဘူးလို့ ကြေညာနေသူ သမ္မတ (ဟောင်း) ဦးသိန်းစိန် အပါအဝင်၊ အစိုးရ အရာရှိ အမြောက်အများကလည်း (၉၆၉) လှုပ်ရှားမှုကို ထောက်ခံသူတွေ ဖြစ်ကြပါတယ်တဲ့။
ကိုယ်တိုင်က “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ” မဟုတ်သော်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနှင့် သူမ အစိုးရ အဖွဲ့ထဲက အရာရှိတွေကို စိတ်ဆိုး ဒေါသ ဖြစ်စေမှာကို ရှောင်ရှားနိုင်ဖို့ “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ”နှင့် ပတ်သက်ပြီး သူမက ပြောဆို ဝေဖန်မှု မပြုပဲ၊ ရေငုံနှုတ်ပိတ် နေနေရပါတယ်တဲ့။
စစ်တပ်။
လက်ရှိ (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ဒေါ်အောင်ဆန်းစုကြည်ကို (အစိုးရ အဖွဲ့ အကြီးအကဲ အနေနှင့်) သူမ ရည်မှန်းထားချက်တွေကို လုပ်ဆောင်လို့ မရအောင် ထိထိမိမိ တားဆီး၊ ပိတ်ပင်ထားပါတယ်တဲ့။
ဒီ ဖွဲ့စည်းပုံက စစ်တပ်ကို လွှတ်တော်ရဲ့ (၂၅%) ခွဲဝေ ပေးထားတဲ့ အပြင်၊ စစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာခွင့် ကိုလည်း ပေးအပ်ထားပါသေးတယ်တဲ့။
တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်က သူတို့ စစ်တပ် အပေါ် ရန်လိုတဲ့ အပြုအမှုတွေကို လုပ်တယ်လို့ စစ်တပ်က ထင်မြင်လာခဲ့ရင်၊ စစ်တပ်ရဲ့ ပုန်ကန်မှုနှင့် သူမ ကြုံတွေ့ရနိုင်ပါတယ်။ အမှန်မှာတော့ ဒေါ်အောင် ဆန်းစုကြည်က “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ”လှုပ်ရှားမှုတွေရဲ့ အင်အားကို ကျော်လွှားနိုင်ဖို့ စစ်တပ်ရဲ့ အကူအညီလိုပါတယ်တဲ့။
အရင် စစ်အစိုးရဲ့ အရေးပါတဲ့ စစ်ခေါင်းဆောင် အများအပြားက အခုချိန်ထိ အာဏာရှိတဲ့ ရာထူးတွေကို ချုပ် ကိုင် ထားဆဲပါ။ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ဒေသရေးရာ ဝန်ကြီးတွေကို စစ်တပ်က တိုက်ရိုက် ထိမ်းချုပ်ထားပြီး၊ စစ်ဗိုလ်ချုပ် အများအပြားက အခြား ဝန်ကြီးဌာန တွေကို ကိုင်တွယ်နေပါတယ်။ ဒါ့ကြောင့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်တဲ့။
ဒါ့အပြင်၊ အခုအခါ “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ” အရေးပါ အရာရောက်လာခဲ့ရတာကလည်း အရင် စစ်အစိုးရ က သူ့အာဏာ လက်လွတ် မသွားရေး ၊ အာဏာသက်ရှည်ရေး အတွက် လုပ်ဆောင်ခဲ့တဲ့ အားထုတ်မှုရဲ့ ရလာဒ်ပါတဲ့။
(၂၀၁၀)ရွေးကောက်ပွဲ မတိုင်မီက စစ်အစိုးရဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ရွှေဝါရောင် တော်လှန်ရေး လို့ နာမယ်တွင်ခဲ့တဲ့ ဆန့်ကျင်စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ ဒီတော်လှန်ရေးဟာ စစ်အစိုးရရဲ့ တရားဝင်မှုကို ထူးခြား ပြောင်မြောက်စွာ စိန်ခေါ်လိုက်တဲ့ အကြမ်းဖက်မှု လုံးဝ ကင်းတဲ့ တော်လှန်ရေး တရပ်ပါတဲ့။
စစ်အစိုးရက သူ့ရဲ့ အစိုးရ ဖြစ်ခြင်းကို စိန်ခေါ်ခံနေခဲ့ရတာကို ရပ်တန့် ပစ်ဖို့နှင့် သူတို့ အပေါ် ပြည်သူထူထုရဲ့ ထောက်ခံမှု အခြေခိုင်လာရအောင် (ဗမာလူများစုကြီးက) လူမျိုးရေးနှင့် ဘာသာရေး လူနည်းစုတွေ အပေါ် ရှေးယခင် ကတည်းက ရှိနေခဲ့တဲ့ မနှစ်မျို့မှုကို အသုံးချပြီး၊ “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ”စတင် ထောက်ခံ အားပေးလာခဲ့ပါတယ်တဲ့။
စစ်အစိုးရက ဒီနည်းလမ်းကိုသုံးပြီး သူတို့ စစ်အာဏာရှင်ကို ရှည်အောင် မဆွဲဆန့်နိုင်ခဲ့ပေမယ့်၊ သူတို့ရဲ့ အားပေး အားမြောက် လုပ်မှုကြောင့် ဗမာ လူမျိုးတွေအကြားမှာ “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ”ရေပန်းစား လာခဲ့ပါတယ်တဲ့။
ဒီလို အခြေအေနေတွေကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်အဖို့ ဒီမိုကရေစီ လမ်းခရီး ရှေ့ဆက်နိုင်ရေးဟာ စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ရေး အပေါ် တည်မှီလာရပါတယ်။ ဒါ့ကြောင့်ပဲ ဒေါ်အောင်ဆန်း စုကြည်ဟာ “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ”တွေနှင့် ထိပ်တိုက်တိုးမဲ့ အရေး ကိစ္စတွေမှာ နှုတ်ဆိတ်နေ နေရ ခြင်း ဖြစ်ပါတယ်တဲ့။
ကံ မကောင်း အကြောင်းမလှ ဖြစ်နေရတဲ့ အခြေအနေ တရပ်။
ဒေါ်အောင်ဆန်းစုကြည်က ကိစ္စ တချို့မှာ တွန့်ဆုတ်နေရတာ၊ အရေးတယူ လုပ်ဆောင်ခြင်း မရှိတာတွေဟာ အာဏာ အများအပြားကို ဆက်လက်ချုပ်ကိုင်ထားဆဲ ဖြစ်တဲ့ စစ်တပ်နှင့် မဲဆန္ဒရှင် အများစုကြီး အပေါ် သြဇာရှိနေတဲ့ “ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ” ကို စိတ်ဆိုး၊ ဒေါသထွက်အောင် မလုပ်မိစေဖို့ သတိပြု ရှောင်ရှားနေရလို့ ဖြစ်ပါတယ်တဲ့။
စစ်တပ်ရဲ့ ကြီးစိုးမှု အမွေအနှစ်တွေ အောက်က မလွတ်မြောက်သေးတဲ့ နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တချို့ အရေးအရာတွေမှာ လုပ်ကိုင်နိုင်တဲ့ အာဏာ မရှိ ဖြစ်နေပါတယ်။ စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိပဲ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရဲ့ ပြသာနာ အများအပြားကို ဖြေရှင်းနိုင် မှာ မဟုတ်ပါဘူး။ဒါက အလွန် ကံမကောင်း အကြောင်းမလှတဲ့ အရှိတရားတခုပါတဲ့။
ဒီ အခြေအနေတွေကို သတိ မမူပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက် တိုက်ခိုက်နေကြမယ် ဆိုရင် ကျွန်တော် တို့ရဲ့ အဓိက မျှော်မှန်းချက် ဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ထရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးဟာ အလှမ်းဝေးနေဦးမှာပဲ ဖြစ်ပါတယ်။
Tin WinAkbar
via - မေမေ

No comments: