Wednesday, April 19, 2017

ကျောက်မီးသွေးကို မီးတိုက်လျှင်


**********************************
ကျောက်မီးသွေးကို မီးတိုက်လျှင် ဓါတ်ငွေ့(၃) မျိုး ပါသည့် မီခိုးများ ကိုထုတ်လွှတ်ပါတယ်။
(၁)ကာဘွန်ဒိုင်အောက်ဆိုက်
(၂)ဆာလဖါဒိုအောက်ဆိုက်
(၃)နိုက်ထရိုဂျင်အောက်ဆိုက်
၎င်းဓါတ်ငွေ့များဟာ သဘာဝပါတ်ဝန်းကျင် နှင့် လူကို ဒုက္ခကောင်းကောင်းပေးကြပါတယ်။
အကြမ်းအားဖြင့် အဆင့်မှီ ကျောက်မီးသွေး တန်တဝက်ကို မီးတိုက်လျင် လျပ်စစ်ဓါတ်အား 1MW ကို ၁ နာရီ ကြာ ရနိုင်ပါတယ်။ တနှစ်မှာ နာရီပေါင်း ၈၇၆၀ ရှိတဲ့အတွက် 1MW ရရန် ကျောက်မီးသွေးတန်ချိန် ငါးထောင်ခန့်ကို မီးတိုက်ရမှာဖြစ်ပါတယ်။
1MW..........................1Hr.................0.5 ton
1MW..........1year...8760Hr............5000.0 ton
တနှစ်ပါတ်လုံး 1MW လျပ်စစ်ဓါတ် ထုတ်လွှတ်ပေးသည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတစ်ရုံဟာ နာရီတိုင်းမှာ ကျောက်မီးသွေးပေါင်(၁၀၀၀)ခန့်ကို မီးတိုက်နေမှာ ဖြစ်ပြီး၎င်းမှ အောက်ပါ ပမာဏရှိ ဓါတ်ငွေ့များကို နာရီတိုင်း ထုတ်လွှတ်ပေးနေတော့မှာဖြစ်ပါတယ်။
(1)ကာဘွန်ဒိုင်အောက်ဆိုက် ပေါင်ချိန် ၃၇၀၀ ပေါင်
(2)ဆာလဖါအောက်ဆိုက် တန်ချိန် ၁၅ ပေါင်
(3)နိုက်ထရိုဂျင်အောက်ဆိုက် တန်ချိန် ၆ ပေါင်
ဆာလဖါအောက်ဆိုက် နှင့်နိုက်ထရိုဂျင်အောက်ဆိုက် တို့သည် မိုးရေနှင့် တွေ့လျင် ပျော်ဝင်ပေါင်းစပ်ကာ အက်စစ်မိုး (acid rain)ကို ဖြစ်စေပါတယ်။အက်စစ်မိုးသည် သစ်တောသစ်ပင်တို့ကို ဖျက်၏။ ကောက်ပဲသီးနှံကိုဖျက်၏။ရေထဲက ငါးနှင့်ငါးဥ ကိုဖျက်၏။ သန္တာကျောက်တန်း ကျောက်ခက်ကို တိုက်စား ဖျက်စီး၏။ အက်စစ်မိုးသည် အပျော့စား အက်စစ်ဖြစ်သော်လည်း ထိုအပျော့စား၏ သတ္တိကပင် စွမ်းအား ကြီးကြီးနှင့် ဖျက်နိုင်၏။
ကာဘွန်ဒိုင်အောက်ဆိုက်သည် ဤကမ္ဘာကြီးပူနွေးလါစေခြင်း၏ အဓိက လက်သည်ဖြစ်တယ်လို့ ဆိုတယ်။ဆလဖါဒိုင်အောက်ဆိုက် နှင့် နိုက်ထရိုဂျင်အောက်ဆိုက် တို့သည် အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သည့် ရောဂါအပေါင်း ( ပန်းနာရင်ကြပ် မှ အဆုတ်ကင်ဆာထိ) ကို ဖြစ်စေပါတယ်။
ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ တို့သည် အက်စစ်ဓါတ်ငွေ့များအပြင် ပြာ(ash) နှစ်မျိုးကိုလည်း ထုတ်လွှတ်သေးတယ်။ အကြမ်းအားဖြင့် နေ့စဉ်နေ့တိုင်း
၅၀၀မဂ္ဂါဝပ် စက်ရုံတခုမှ.....Bottom Ash ၃၀၀တန်
.........................................Fly Ash.......၃တန်
....၅မဂ္ဂါဝပ် စက်ရုံတခုမှ......Bottom Ash .....၃တန်
..........................................Fly Ash...............၅၀ပေါင်
Fly Ash ဟာ မီးခိုးခေါင်းတိုင်ထိပ်မှာ အက်စစ်ဓါတ်ငွေ့များနှင့် အတူထွက်လာတာပါ။ အဲဒီ Fly Ash ပြာမှုန်များမှာ ပြဒါး၊ အာစင်းနစ်၊ ခဲ၊ ကက်ဒမီယံ နှင့် အခြား Heavy Metalများ အနည်းငယ်စီ ပါဝင်လေ့ရှိပါတယ်Fly Ash သည် စက်ရုံခေါင်းတိုင်ထိပ်မှ အက်စစ်မီးခိုးငွေ့များ နှင့် အတူလိုက်ပါကာ လေ ခေါ်ဆောင်ရာ အရပ်ရှစ်မျက်နှာသို့ ပျံဝဲပြီး မြေပေါ်သို့ကျတော့တာပါဘဲ။ မြစ်ချောင်းအင်းအိုင် ရေတွင်းရေကန်များ ထဲသို့ကျပါတယ်။ မြစ်ချောင်းအင်းအိုင် ရေတွင်းရေကန် တို့ကို ကြီးစွာ အဆိပ်သင့်စေပါတယ်။ မြစ်ချောင်းအင်းအိုင် အတွင်းမှ ရေသတ္တဝါ တို့ကိုအဆိပ်သင့်စေပါတယ်။
အဆိပ်သင့်သော ရေသတ္တဝါကို စားသူကိုလည်း အဆိပ်သင့်စေပြန်ပါတယ်။မြေပေါ်သို့ကျရောက်ခဲ့သည့် ပြာများကိုတော့ မိုးရေက ဖျော်ယူပြီး မြေကြီးအတွင်းသို့စိမ့် ဝင်ကာ မြေအောက်ရေ ကို ညစ်ညမ်းစေပါတယ်။
မြေကြီးအတွင်း သို့ မစိမ့်ဝင်ဖြစ်သော မိုးရေတို့သည် ဆည်မြောင်း ချောင်းကန်များအတွင်းသို့ စီးဝင်ခြင်းဖြင့် မြေပေါ်ရေကို အဆိပ်သင့်စေပါတယ်။ အဆိပ်သင့် နေသော ရေတွင်းရေကန် ချောင်း မြစ် အတွင်း မှ ရေကို သောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်ကို တဖြည်းဖြည်းခြင်း အဆိပ်သင့်စေကာ ရောဂါဘယများ ထူပြောစေမှာ ဖြစ်ပါတယ်။
လက်ဒ် ( ခဲ) အဆိပ်သည် ကလေးသူငယ်အား ဖွံ့ဖြိုးမှု နှေးကွေးစေပြီး ဥာဏ်ပညာ ထုံထိုင်းစေ၏။ အရွယ်ရောက်ပြီးသူများကို ကျောက်ကပ်နှင့်သွေးတိုး ရောဂါများ ဖြစ်စေနိုင်၏
အာဆင်းနစ် ( စိန်)သည် အရေးပြားနာ များဖြစ်စေခြင်း၊ ကင်ဆာဖြစ်စေခြင်း
မာကြူရီ( ပြဒါး)သည် ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကင်ဆာဖြစ်စေနိုင်၏
ကက်ဒမီယံ သည် ကျောက်ကပ်ကို ပျက်စီးစေနိုင်၏
ကျောက်မီးသွေးဓါတ်အားပေး စက်ရုံအချို့ဟာ အက်စစ်ငွေ့ များ နှင့် ပြာများ လွှင့်ထုတ်မှု လျော့ပါးစေရန် Smog Scrubber စံနစ် များတတ်ဆင်ကြပါတယ်။
ဂျပန်နိုင်ငံ၏ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံများ၏ Smog Scrubber စံနစ်မှာ အတော်ကောင်းသည်ဟု ဆိုနိုင်ပါတယ်။
အမေရိကန် နှင့် ကနေဒါနိုင်ငံများတွင် ဆလဖါ နှင့် နိုက်ထရိုဂျင် အက်စစ်ငွေ့များကို 1kWh လျှပ်စစ် အားထုတ်လိုက်တိုင်း 3.3 gm နှုံး လွှတ်ထုတ် နေစဉ်တွင်
ဂျပန်သည် 0.2 gm နှုံး သာလွှတ်ထုတ်လွှတ်တယ် လို့ ဆိုပါတယ်။
အကယ်၍ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ တခုသည် Smog Scrubber စံနစ် တတ်ဆင်ထားခြင်းမရှိလျင် အဆိပ်ဓါတ်ငွေ့များနှင့် အဆိပ်ပြာများကို အချိန်နှင့် အမျှ တသွင်သွင် လွှတ်ထုပ် နေမည်မှာ သေချာပေါက်ပင်ဖြစ်ပါတယ်။

လူကိုဒုက္ခ လှလှပေးမည့် အဆိပ်ဓါတ်ငွေ့များကို ထိန်းချုပ်ရန် Smog Scrubber နှင့် Bag House များလိုပါတယ်။
Smog Scrubber ကို သုံးလျင် ထုံး lime အများအပြားလိုပါမယ်။
သမရိုးကျ မဂ္ဂါဝပ် ၅၀၀စက်ရုံတရုံ အတွက် တနှစ်လျှင် ထုံး တန် ၂သိန်းနီးပါး လိုပါလိမ့်မယ်။
ဆာလဖါ ဓါတ်ငွေ့များ ပါသော မီးခိုးများ ခေါင်းတိုင်မှ မထွက်မှီ ထုံးရည်အတွင်းသို့ ဖြတ်သန်း ဓါတ်ပြုစေခြင်းဖြင့် ဆာလဖါ ဓါတ်ငွေ့ လွှင့်ထုတ်ခြင်းကို ၉၀%ထိ ထိန်းချုပ်နိုင်ပါတယ်။
နိုက်ထရိုဂျင် ဓါတ်ငွေ့ကိုမူ အာမိုးနီးယား နှင့် ထိန်းချုပ်ယူကြပါတယ်။
တဖန် Fly Ash တွင် ပါသော အာဆင်းနစ်(စိန်) နှင့် ခဲတို့ကို Bag houses များသုံးကာ စစ်ထုတ်ခြင်းဖြင့် လျော့ပါးစေနိုင်သည်။
ပြဒါးကို Activated carbon injection နည်းဖြင့် စစ်ထုတ်တတ်ကြပါသေးတယ်။
အဆိပ်ငွေ့ အဆိပ်ပြာများကို နည်းပညာများသုံးကာ လျော့ပါးစေရန် ကြိုးစားဆောင်ရွက်ကြသည့်အခါ ကုန်ကြစရိတ် မြင့်တက်လာမှုမှာ
ကြောက်ခမန်းလိလိပင်ဖြစ်ပါတယ်။
သမရိုးကျ စက်ရုံတရုံ တည်ဆောက်ရန် ဒေါ်လာ သန်းပေါင်း X လိုအပ်သည်ဆိုပါစို့။ အဆိပ်ငွေ့ အဆိပ်ပြာများကို ထိန်ချုပ်သည့် စံနစ်များ တတ်ဆင်လိုက်သည်နှင့် ကုန်ကျစရိတ်မှာ
ဒေါ်လာ သန်းပေါင်း 2X နီးပါးသို့မြင့်တက်သွားမည်ဖြစ်ပါတယ်။
သို့နှင့်မပြီးပြတ်သေးပါ။
နေ့စဉ် ထွက်လာသည့် Bottom Ash ပြာ၊ ကန့်+ထုံး နှစ်ရည် တန်ချိန် မြောက်မြားစွာနှင့် Bag House များတွင် စစ်ထုတ်သိမ်းယူထားသော Fly Ash များကို ဘယ်ပုံဘယ်နည်း စွန့်ပစ်မည်လဲ။
၅၀၀မဂ္ဂါဝပ် စက်ရုံတခု ဟုဆိုပါစို့။ နေ့စဉ် Bottom Ash ၃၀၀တန်၊ ကန့်+ထုံးနှစ်ရည် ၄၀၀တန် နီးပါး ရပါမည်။ ဒါတွေကို အနီးအနားက မြစ်ထဲ၊ ပင်လယ်ထဲ၊ ထိုးချရအောင်ကလည်း တနေ့ကိစ္စ မဟုတ်။ ချောက်ကမ်းပါးထဲ ရောက်ချင်ရာရောက် သွန်ချလို့လဲမဖြစ်။ ကန်တူး၊ ပလပ်စတစ်ခင်းပြီး စွန့်ပစ်ရင်တော့ အဲဒီဒေသတဝိုက်က မြေအောက်ရေ Ground Water ကိုစောင့်ကြည့်ပေတော့။ တဖြည်းဖြည်းစိမ့်ဝင်မှာ သေချာပေါက်ပါဘဲ။ အဲဒီစက်ရုံ အိုလို့ ပိတ်လိုက် ရင်တောင်မှ၊ ကျောက်မီးသွေး စွန့် အညစ်အကြေးတွေက ကမ္ဘာတည်သရွေ့ အဲဒီ နေရာမှာဘဲတည်နေပါတော့မယ်။
ကျောက်မီးသွေးသည် လေါင်စာစွမ်းအင်ရှိသမျှထဲတွင်ဈေးအချိုဆုံးဖြစ်ပြီး သယ်ယူပို့ဆောင်ရ အလွယ်ကူဆုံးဖြစ်ပါတယ်။
သို့သော် သူသည် အညစ်ပတ်ဆုံးဖြစ်၏။
သူ့အထဲတွင် ရှိသမျှ ဒြပ်အားလုံးသည် ဘာတခုမျှမကောင်းပေ။
ကန့်၊ ပြဒါး၊ စိန်၊ ခဲ။
ကျောက်မီးသွေးကို မီးတိုက်၍ရသည့် အပူဓါတ်ဖြင့် ဘွိုင်လါတွင်းမှ ရေကို ပူစေဆူစေပါတယ်။
ထိုမှရရှိသည့် အပူရှိန်ပြင်း ရေနွေးငွေ့အားဖြင့် တာဘိုင်ကိုလည်ပတ်စေကာ လျှပ်စစ်ကို ထုတ်ယူခြင်းဖြစ်ပါတယ်။
ဆူရှိန်ပြင်း ပူရှိန်ပြင်း ရေနွေးငွေ့သည် တာဘိုင်ကို လည်ပတ်ပြီးသည့်တိုင် အလွန်အမင်း ပူဆဲဖြစ်ရာ
ရေအလုံးအရင်းကို စုပ်ယူ၍ ရေနွေးငွေ့ကို အအေးခံစေရ၏။ သို့သော်ငြား အအေးခံ၍ရသည့် ရေသည် ပူလောင် နေဆဲပင်ဖြစ်သည်။ ထိုရေပူသည်နဂိုရ် မြစ်ရေ၏အပူချိန်ထက် ၁၀ စင်တီဂရိတ်ခန့် အမြဲမြင့်နေလေ့ရှိပါတယ်။
၎င်းပူလောင်နေသောရေကို မြစ်အတွင်းသို့ ပြန်လည်စွန့်ပြစ်ရာ မြစ်ရေ၏ မူလအေးမြသော သဘာဝကို စတင် ထိခိုက်စေပါတော့တယ်။ ဒါကို (Thermal pollution) ဖြစ်တယ်လို့ ပြောကြပါတယ်။ ပူနေတဲ့ ရေမှာ အောက်စီဂျင်မရှိတော့ပါ။ ရေသတ္တဝါများ အသက်ရှင်ဘို့ ရေထဲမှာ အောက်စီဂျင်ပျော်ဝင်နေဘို့လိုပါတယ်။
ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတွေဟာ ရေအမြောက်အများလိုအပ်ပါတယ်။
ရေများများရနိုင်သော မြစ်၊ ပင်လယ်ကမ်းစပ် တို့တွင် ကျောက်မီးသွေးဓါတ်အားပေး စက်ရုံကို တည်ဆောက်လေ့ရှိကြပါတယ်။
လျှပ်စစ် 1MW ကို တနာရီ ထုတ်နိုင်ရန် ရေဂါလံ ၂၀၀၀၀ အနည်းဆုံး လိုပါတယ်။
မဂ္ဂါဝပ်များများထုတ်လေ၊ ရေများများစုပ်ရလေ၊ မြစ်အတွင်းမှ ငါးဥများ ငါးပေါက်ကလေးများ များများ စုပ်ယူခံရလေ၊ ဖြစ်ရသည်သာမက
ရေပူများကိုပြန်လက်ခံရသည့် မြစ်ရေပူတွင် ငါးဥမချ၊ ချပြန်သော်လည်း သားမပေါက်။
ဤသို့ဖြင့် မြစ်သဘာဝ၊ ချောင်းသဘာဝ၊ ပင်လယ်ကမ်းခြေသဘာဝ တို့ကို ပျက်စီးစေပါတယ်။
သမရိုးကျ မဂ္ဂါဝပ် ၅၀၀ ထုတ်စက်ရုံတရုံသည် တနှစ်လျင်ရေဂါလံပေါင်း ဘီလီယံ ၇၀ မှ ၁၈၀ ကိုစုပ်ယူမည်ဖြစ်ပြီး၊ ၁ ဘီလီယံခန့်ကိုသာ သုံးစွဲမည်ဖြစ်သည်။
ကျန်ပမာဏကို မူလကရယူခဲ့သော မြစ်ထဲ ပင်လယ်ထဲသို့ ပြန်လည်သွန်ချမည်ဖြစ်သည်။
အေးမြသော ရေကို စုပ်တင်ခဲ့သော်လည်း ပူလောင်နေသော ရေကို ပြန်လည်သွန်ချ ပေးပါတယ်။
တာဘိုင်မှ ထွက်လာခဲ့သော ရေနွေးငွေ့ကို အအေးခံ၍ ပြန်လည်သုံးသည့် နည်းစံနစ်သည်
ရေသုံးစွဲမှုကို လျော့ပါးစေနိုင်သော်လည်း နည်းစံနစ် ပိုမိုရှုတ်ထွေးပြီး စရိတ်စက ကြီးသဖြင့် လုပ်ငန်းရှင်များက မနှစ်သက်ကြပါဘူး။
အလွန်ညစ်ပတ်သော ကျေက်မီးသွေးကိုမီးမတိုက်မှီ ရေဆေးကြောပေးကြပါတယ်။
သူ့ကို မီးတိုက်တဲ့အခါမှာထွက်လာမဲ့ အဆိပ်များကို သက်သာလျှော့နည်းအောင် လုပ်ဆောင်ကြခြင်းဖြစ်ပါတယ်။
ရေပမာဏ အမြောက်အများသုံးစွဲပြီး ရေဆေးကြောသည့် တိုင်အောင် ကန့် (ဆာလဖါ) ကို၃၀%မျှသာ လျှော့ပါးစေနိုင်ပါသတဲ့။ဆေးကြောရေများတွင် ကျောက်မီးသွေး အဖြုံးများ နှင့် ကန့်များ ပါဝင်နေပြီး ၄င်းရေဆိုးအမြောက်အများကို စက်ရုံအနီးတဝိုက် အနိမ့်ပိုင်းသို့ မြောင်းများချောင်းများသို့စွန့်ပစ်ကြပါတယ်။ ထိုမှတဆင့် ရေဆိုးများမြစ်ထဲသို့ တဖြေးဖြေးစီးဝင်ကာ Surface Water ကို ညစ်ညမ်းစေပါတော့တယ်။
ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများဟာ မြစ်ရေချို များကို အမြောက်အများ စုပ်တင်ခဲ့ပြီး ရေပူများ ရေဆိုးများကိုသာ ပြန်လည်သွန်ချပေးတာပါ။အင်းနားမွန်ဂိုလီယားရှိ မြစ်များအတွင်းသို့ တရုပ်ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများမှ ရေပူ ရေဆိုးများ တသွင်သွင်စွန့်ခဲ့မှုကြောင့် မြစ်ကမ်းများရှိ မြက်ခင်းလွင်ပြင်များ ပျက်စီးဆုံးပါးသွားပြီး ကန္တာရ အဖြစ်သို့ ပြောင်းလဲသွားခဲ့တာ အထင်အရှားဖြစ်နေပါပြီ။
အိန္ဒိယတွင်မှု တောင်သူများသုံးစွဲရမည့် ရေအမြောက်အမြားကို ကျောက်မီးသွေးဓါတ်အားပေးစက်ရုံသို့ လွှဲပြောင်းရယူသွားသဖြင့် ထောင်းပေါင်းများစွာသော တောင်သူများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး၊
အချို့က ကိုယ့်ကိုကိုယ် အဆုံးစီရင်ကန့်ကွက်ခဲ့ကြသည် အထိ ဖြစ်ပွားခဲ့ပါတယ်။ တရုပ်နိုင်ငံ၏ ကျောက်မီးသွေးစက်ရုံများ၏ ရေသုံးစွဲမှုမှာ နိုင်ဂါရာ ရေတခွန်ကြီး၏ တနှစ်တာအတွင်း သွန်ချခဲ့သော ရေပမာဏ နှင့် အတူတူပါဘဲ ဟုဆိုလျင် ယုံကြည် နိုင်စရာမရှိ သော်လည်း ပညာရှင်များက တွက်ချက် ထောက်ပြခဲ့ပြီးဖြစ်ပါတယ်။
တရုပ်နိုင်ငံမှာ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများကြောင့် ၁၉၉၀ခုနှစ်များကစလို့ မြစ်ငယ်ပေါင်း၂၈,၀၀၀ ပျက်စီးကွယ်ပျောက်သွားပါပြီ။အဲဒီနိုင်ငံရဲ့ Ground Water မြေအောက်ရေ အတော်များများလည်း ပျက်စီးသွားပါပြီ။ မြောက်ပိုင်းလွင်ပြင်ရဲ့ လေးပုံ ပုံ တပုံမျှသာ အကောင်းကျန်တော့တယ်လို့ သူ့နိုင်ငံရဲ့ ရေအရင်းအမြစ်ဌာနကြီးက ထုပ်ဖေါ်ပြောဆိုနေပါပြီ။တောင်ပိုင်းမှရေကို မြောက်ပိုင်းသို့ လွှဲယူမဲ့ ဧရာမစီမံကိန်းကြီးတောင်စတင်နေရပါပြီ။
ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများကြောင့် အလုပ်ဖြစ် ချောင်လည်ချမ်းသာလါပေမဲ့ တဖက်မှာ ကျမ္မာရေး နုံချာကျဆင်းသွားတာ သဘာဝမြစ်ချောင်းများပျက်စီးဆုံးရှုံးသွားတာ မြေပေါ်တွင်မက မြေကြီးအောက်ရှိ ရေအရင်းအမြစ်တွေ ပျက်စီးသွားပြီး သောက်စရာရေ ရှားပါးလာတာဟာ ချောင်လည်ချမ်းသာလါတာနဲ့ ကာမိပါရဲ့လား ဆိုတာ နဖူးပေါ်လက်တင် ကြာကြာစဉ်းစားစရာမလိုပါ။ ဒါဖြင့် လျှပ်စစ်အားချို့တဲ့စွာနဲ့ နေသွားရမှာလားဆိုရင်တော့။အဲဒီလိုတော့ မဟုတ်ပါ။ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်စက်ရုံကြီးများကိုကြို တင်တည်ဆောက်ထားကြပါ။ မြန်မာ့ ကမ်းလွန်က သဘာဝဓါတ်ငွေ့တွေ တကွက်ပြီး တကွက် ပေါ်လာတော့မှာပါ။
ခပ်ကြွားကြွားလေးပြောရရင် မြန်မာ့ကမ်းရိုးတန်း မိုင်၁၀၀၀ကျော်မှာ ဘယ်နေရာတူးတူး Gas က ပြေးမလွတ်ပါဘူး။
၂၀၀၈ခုနှစ်က အမေရိကန်နိုင်ငံ တန်နင်ဆီပြည်နယ် ရှိ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ ၏ Fly Ash များပါဝင်သော ရွှံနုံးနှစ်များ လှောင်သည့်ကန်ကြီး ကျိုးပေါက်ခဲ့ရာ ၁ဘီလီယံ ဂါလံခန့် သော ရွှံနုံးနှစ်ရည်များ အံကျလာပြီး အနီးဝန်းကျင်တဝှိုက် ဧက ၄၀၀ကျယ် အမြင့်၎ပေမှ ၆ပေရှိ ရွှံပြင်ကျယ် ကြီး ဖုံးလွှမ်းသွားခါ၊ အနီးအနားရှိ မြစ်ချောင်းများ အတွင်းသို့ စီးဆင်းခြင်းဖြင့် မြစ်ရေကို အကြီးအကျယ်ညစ်ညမ်းစေခဲ့သည်။ သြဂုတ်လ ၁၂ရက် အလဲဗင်း အွန်လိုင်းသတင်းတွင် ကလေးဝ အဆင့်မြင့် ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ ကို ချင်းတွင်းမြစ်ကမ်းနှင့် ၁မိုင်မျှအကွာတွင် တည်ဆောက်မည်ဟု ဖတ်ရသည်။ သာမန် ကျောက်မီးသွေးဓါတ်အားပေး စက်ရုံသည် အဆိပ်ပြာများကို မီးခိုးခေါင်းတိုင်မှ မီးခိုးများနှင့် အတူ ကျဲချမည် ဖြစ်သည်။ အဆင့်မြင့် လိုက်သည်နှင့် အဆိပ်ပြာများခေါင်းတိုင်မှမထွက်လာတော့။ အဆိပ်ပြာများကို ရေ သို့မဟုတ် ထုံးရေထဲသို့ ဖြတ်သန်းစေခြင်းဖြင့် ”ထိန်းထား” ပါလိမ့်မည်။ အဆိပ်များပါသော ထိုပြာရည်ပြစ် ကို ဘယ်မှာစွန့် ပစ်မည်လဲ။ ကျင်းများ ချိုင့်များ အတွင်းသို့ ပစ်ဖို့ ကြမည်လား။မြေကန်ကြီးများတူးဖေါ်၍ သိမ်းဆည်းသိုလ်လှောင်ထားမည်လော။ ဘယ်နေရာမှာဘယ်လိုပင် သိမ်းဆည်းသိမ်းဆည်း ပြာရည်များမြေအောက်သို့ စိမ့်ဝင်ပါမည်။ ချင်းတွင်းမြစ်အတွင်း သို့လည်းစိမ့်ဝင်ပါမည်။ မြစ်ရေကို နေ့စဉ်အဆိပ်ခပ်ပေးနေ ပါလိမ့်မည်။၎င်းဓါတ်အားပေးစက်ရုံသည် အချိန်ပြည့် မြစ်ရေများကို အလုံးအရင်းဖြင့် စုပ်တင်အသုံးပြုပါလိမ့်မည်။နွေရာသီမှာ ချင်းတွင်းမြစ်အတွင်း ရေယာဉ်စီးသူတွေ ရေယာဉ် သောင်နဲ့ ငြိနေလို့ ဆင်း ဆင်း တွန်းနေ ရတာ တကယ်ဘဲမို့၊ ကျောက်မီးသွေးစက်ရုံက ရေတွေ ယူလိုက်ပြီ ဆိုရင် ဆင်းပြီး တွန်းရတာလေးတောင် လုပ်ဖို့ အခွင့်အလမ်းလေး ပျောက်သွားပါလိမ့်မည်။ပြီးတော့ ရေပူ ရေဆိုးတွေကို မြစ်ထဲဘဲ သွန်ချမှာပါ။ ရေပူရေဆိုးများ Dissolved Oxygen မရှိတော့ပါ။ ထိုအတွက်ကြောင့်မြစ်သည် Self-purification မလုပ်နိုင်။သဘာဝတခုပျက်လျင်နောက်သဘာဝကထပ်ချပ်လိုက်ပျက်မည်။ ချင်းတွင်း ပျက်မည်။ ချင်းတွင်းပျက်ရင် ဧရာဝတီ ပျက်ပါသည်။ မြေကြီးလက်ခတ်မလွဲပါ။ထားဝယ် ရေနက်ဆိပ် ကမ်းမှာလည်း မကြာသေးခင်က clean coal အသံတွေထွက်နေပါသည်။ဂျပန်ရဲ့အကူအညီကို မျော် ပြီးပြောနေဟန်တူပါတယ်။ ဂျပန်ရဲ့ clean coal ကတော့ အံ့မခန်းပါဘဲ။ သူတို နှစ်ပေါင်းများစွာ ကတည်းက ကျောက်မီးသွေးကို သုံးခဲ့သူတွေပါ။ မကောင်းမှန်းသိတော့ အမြော်အမြင် ကြီးကြီးနဲ့ လူထု ကို ထိခိုက်စေမှု နည်းနိုင်သမျှနည်းအောင် ကြံစည်ကြိုးကုပ်လို့ clean coal ဘဝရာက်လာခဲ့တာပါ။ဂျပန်က clean coal နဲ့ လုပ်ပေးရင်ဟန်ကျတာပေါ့။ ဘုတ်ပြင်းမှာလည်း ခပ်ကြီးကြီး တလုံးတည်မည်။ အဆင့်မြင့်မည်ပြောသည်။ ဘယ်လောက်မြင့်မှာလဲ။ပင်လယ်နဲ့နီး တော့ ပြာနှစ်ရည်တွေ ပင်လယ်ထဲကို ခပ်လွယ်လွယ်သွန်ချလိုက်မှာလား။ မောင်းမကန်ကမ်းခြေ၊ မြိတ်ကျွန်းစုတို့ကို နှစ်ကြာ လါရင် ထိခိုက်လာလိမ့်မည်။ရန်ကုန်တိုင်းမှာ ၂၇၀ မဂ္ဂါဝပ် တလုံး ထန်းတပင်မှာ တည်မယ်လို့ လဲသိရသည်။
လှိုင်မြစ်ထဲ က ရေကိုယူမဲ့သဘောပါ။ လှိုင်မြစ်ဟာ ညောင်တုန်းနားကနေ ဧရာဝတီက ဖြာထွက်လာတဲ့ မြစ်လက်တက်တခု နဲ့ မိုးညိုနားကနေ ဧရာဝတီကနေ စိမ့်ထွက် မြစ်ဖျားခံလာတယ်လို့ယူဆရတဲ့ မြစ်မခမြစ်တို့ဆုံပြီးကြတဲ့နောက် လှိုင်မြစ် ဖြစ်လာတာပါ။ ကျောက်မီးသွေးစက်ရုံ ထန်းတပင်မှာ တည်ရင် သူ့ရဲ့ မြောက်ယွန်းယွန်းမှာ ရှိတဲ့ ရန်ကုန်ကို ရေပေးနေတဲ့ လှော်ကား ဖူးကြီး ဂျိုးဖြူ နဲ့ ငမိုးရိပ်ထဲကို fly ash တွေကြဲချမှာပါ။ မဟာရန်ကုန် နဲ့ ထန်းတပင်ကလဲ အဲဒီ လှိုင်မြစ်လေးဘဲ ခြားတာပါ။ ရန်ကုန် နဲ့ ရန်ကုန်နား တဝိုက် ကို ကျိန်းသေ နေ့စဉ်ကျဲမှာပါ။ တချို့က ငါးမိုင်တဝိုက်လို့ ခပ်ပေါ့ပေါ့ ပြောကြတယ်။ မကပါဘူး။ လေအား နဲ့ လွှင့် မှာဗျာ။ ရောက်ချင်ရာရောက်ကျချင်ရာကျမှာ။ ကျပြီးတော့ မရပ်သေးဘူး။ မိုးရေ က မြေကြီးထဲ က ground water ထဲအထိခေါ် သွားမှာ။ ground water source လဲ နှစ်ကြာလာရင် ပျက်မှာဘဲ။ ခြောက်တာမဟုတ်ပါဘူး။ တရုပ်ပြည်မြောက်ပိုင်းလွင်ပြင်ရဲ့ မြေအောက်ရေလေးပုံတပုံ ပျက်ပြီးပြီ လို့ တရုတ် အာဏာပိုင်တွေ ဝန်ခံနေကြပါပြီ။ ဧရာဝတီတိုင်းမှာလဲ နှစ်လုံးတည်မည်လို့ဆိုပါသည်။အဲဒီ စက်နှစ်လုံးကထုတ် လိုက်မဲ့ Fly ash တွေကို အနောက်တောင် မုတ်သုန်လေ အားကောင်းတဲ့အချိန်မှာတော့ တော်တော်ဝေးဝေးကို သယ်ယူပို့ဆောင်ပေးမှာလဲ သေချာပေါက်ပါဘဲ။ ဧရာဝတီတိုင်းရဲ့ ပေါများလှတဲ့မြစ်ငယ်ချောင်းငယ်တွေရဲ့ ငါးများစွာတို့ ဟာ ကျောက်မီးသွေးစက်ရုံက ကျလာမဲ့ပြာမှုန် တွေကို စားစရာအမှတ်နဲ့ စားသုံးကြမှာပါ။ ဒီငါးများကို လူတွေက စားကြမည်။ ပြဒါး ခဲ နှင့် စိန် တို့ သည် ခန္ဓာကိုယ်ထဲ ရောက်သွားပြီးလျင် အညစ်အကြေးအဖြစ်ပြန်မထွက်ဘဲ အမြဲခိုအောင်းနေတော့သည်။ အဆင့်မြင့်စက်ရုံဖြစ်ဦးတော့ ပြာနှစ်ရည်များကို သိမ်းဆည်းဘို့ ဘယ်လိုစီစဉ်မှာလဲ။
မိုးတွင်းရေကြီးလာလျင် ပြာနှစ်ရည် လှောင်ကန်များ မကျိုးပေါက်ဘဲနေမည်လား။ နိုင်ငံတချို့မှာ ကျောက်မီးသွေးကို လျှော့ပြီး နေ နဲ့ လေ အားတွေကနေ လျှပ်စစ်ကို ယူဘို့ ဆိုင်းပြင်းအားထုတ် နေကြပါပြီ။ (ဂျပန်မှာ ၂၀၁၃နှစ် ပထမ ၃လ ပါတ်မှာတင် နေစွမ်းအားကနေ မိဂ္ဂါဝပ် ၃၀၀၀ ထုတ်ဖို့ ဆောင်ရွက်ပြီးစီးပါပြီတဲ့။ နည်းပညာရော ငွေကြေးပါ ကြွယ်ဝကြလေတော့ ပေါက်မြောက်အောင်မြင် ပြီးမြောက်ကြသပေါ့။)အခြားသူတွေ ကျောက်မီးသွေးကို လျော့ချနေချိန်မှာ ကျောက်မီးသွေးအိမ်မက် မက်မနေဘဲ နှစ်များမကြာမှီ ပေါ်လာတော့မဲ့ Gas ကို ဘဲ အာရုံထားကြဘို့ တိုက်တွန်းလိုပါတယ်။
ဦးလှိုင်ဦး (အတိတ်မေ့ဘ၀မေ့)
 Image may contain: text























No automatic alt text available.No automatic alt text available.

No comments: