Wednesday, April 19, 2017

မချစ်၍ သွားကြခြင်း မဟုတ်ပါ


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲
ခိုင်လေး(ရွှေတောင်)
ကျွန်မတို့ မြန်မာလူမျိုးများသည် မိသားစုနှင့်နေထိုင်ရသည်ကို နှစ်သက်ကြသူများဖြစ်ပါသည်။ မိသားစုနှင့် နေရသည်ကို နှစ်သက်ကြသော်လည်း အခြေအနေအရပ်ရပ်ကြောင့် တိုင်းတစ်ပါးနိုင်ငံများမှာ သွားရောက် အလုပ်လုပ်နေကြရသည့်သူများ တစ်နေ့တခြားများသထက်များလာ၏။ ဤကဲ့သို့သွားရောက် လုပ်ကိုင်ကြရခြင်းမှာ မိမိတိုင်းပြည်နှင့်လူမျိုးကို မချစ်ကြ၍ မဟုတ်ပါ။ မိသားစုစီးပွားရေးအခြေအနေကြောင့် မသွားမဖြစ် မသွားချင်ဘဲ သွားနေကြသူများချည်းပါပဲ။
တိုင်းပြည်ပြန်လာချင်
ကျွန်မတို့နိုင်ငံသည် အကောင်းဘက်ကိုဦးတည်သွားနေပြီဆိုတာ မငြင်းနိုင်သော်လည်း ပြည့်စုံကောင်းမွန်သည့် အနေအထားတစ်ခုသို့ မရောက်နိုင်သေးပါ။ အဲဒီလိုအချိန်မျိုးမှာ အမှန်တကယ် သိသောတတ်သော
အသိပညာရှင် အတတ်ပညာရှင်များစွာ တိုင်းပြည်
အတွက် လိုအပ်နေသည်မှာလည်း အမှန်ပါ။ ပြည်ပ ထွက်၍ အလုပ်လုပ်ကိုင်နေသော အသိပညာရှင် အတတ်
ပညာရှင်များကို မိမိတို့တိုင်းပြည်အတွက် ပြန်လာစေချင်
သူ အများအပြားရှိပါသည်။
ထိုနေရာမှာ ပြန်လာစေချင်သူနှင့် ပြန်လာချင်သူ နှစ်ဦးနှစ်ဖက် သဘောထားချင်းတိုက်ဆိုင်ကြသော် လည်း လက်တွေ့တွင် ပြန်မလာနိုင်ကြပေ။ ဘာကြောင့်ပြန်မလာနိုင်သလဲ။ ထိုအကြောင်းအရာအား ကျွန်မလက်တွေ့ရင်ဆိုင်နေရသူ တစ်ယောက်အနေနှင့် မျှဝေ ချင်ပါသည်။ ကျွန်မနှင့် ကျွန်မအမျိုးသား မလေးရှားနိုင်ငံတွင် အချိန်အတော်ကြာကြာနေထိုင်ခဲ့ကြပါသည်။ အမျိုးသားမှာ မလေးရှားတွင် ဆယ့်တစ်နှစ်ကျော်နေထိုင်ခဲ့ပြီး ကျွန်မ သုံးနှစ်ကျော်လိုက်နေဖြစ်ပါသည်။ မလေးရှားမှာ နေထိုင်သည့်အချိန်၌ အမျိုးသားတစ်ဦးတည်း အလုပ်လုပ်ကိုင်၍ ကျွန်မက မည်သည့်အလုပ်မှ မလုပ်ပါ (ကုမ္ပဏီတစ်ခုတွင် ကွန်ပျူတာစာရင်းကိုင်အဖြစ် ၂၈ ရက် ဝင်လုပ်ဖူး)။ အမျိုးသားတစ်ယောက်တည်းဝင်ငွေဖြင့် နှစ်ဦးစလုံး အခွန်ဆောင်၍ မလေးရှားနိုင်ငံမှာ တရားဝင်နေထိုင်ကြပါသည်။ ဆိုလိုသည်မှာ တစ်ယောက်
တည်းဝင်ငွေဖြင့် မိသားစုကိုလည်း ပြန်ပို့နိုင်ပါသည်။
ကြိုတင်ခန့်မှန်း
၂ဝ၁၅ ခုနှစ် ဧပြီလတွင် ကျွန်မတို့မလေးရှားနိုင်ငံမှ မြန်မာပြည်သို့ အပြီးပြန်လာခဲ့ကြသည်။ ကျွန်မဆန္ဒအရ မပြန်ချင်သေးသော်လည်း တကယ်လက်တွေ့အလုပ်လုပ်ရသော အမျိုးသားဖြစ်သူက အလွန်ပြန်ချင်နေပြီ ဖြစ်တာကြောင့် ပြန်လာခဲ့ရ၏။ မြန်မာပြည်တွင် ရင်ဆိုင်ရဖွယ်ရှိသော အခြေအနေအရပ်ရပ်အား အမျိုးသားကို ကြိုတင်ခန့်မှန်းပြီး ပြောပြဖြစ်ခဲ့သည်။ အလွန်ပြန်ချင်နေသူဖြစ်တာကြောင့် မြန်မာပြည်ပြန်ရောက်လျှင် ဘာပဲလုပ်ရလုပ်ရ လုပ်ပါမည်ဟု တဖွဖွပြော၍ ပြန်လာခဲ့ကြသည်။
ဝင်ငွေ ထွက်ငွေမမျှ
မြန်မာပြည်သို့ ပြန်ရောက်၍ နှစ်လခန့်နားပြီးနောက် ဆိုင်လေးတစ်ဆိုင်ဖွင့်ဖြစ်ပါသည်။ မဆိုးဘူးဆိုသော်လည်း သာရေးနာရေးများပြားလှသော မြန်မာပြည်၏ ထွက်ငွေနှင့်ဝင်ငွေမှာ မမျှခဲ့ပါ။ လင်မယားနှစ်ယောက်စလုံး ဖတ်ဖတ်မောအောင် လုပ်နေသော် လည်း မလေးရှားမှာရခဲ့သော ဝင်ငွေ၏ ငါးပုံတစ်ပုံပင် မရချေ။ လုပ်သလောက်အရာမထင်တော့ နိုင်ငံခြားပြန်ထွက်ချင်စိတ်များ ပြန်၍ဖြစ်လာသည်။ ကျွန်မနှင့်အိမ်ထောင်မကျခင် နာဂစ်ဖြစ်စဉ် ယခုလိုပဲ အပြီးပြန်လာဖူးသည်ဟု အမျိုးသားကပြောပြပါသည်။ ခြောက်လလောက်နေတော့ အကြွေး ၁၅ သိန်းလောက်တင်သွားသည်နှင့် မလေးရှားသို့ပြန်ထွက်ခဲ့ရသည်။ ဤဖြစ်ရပ်မျိုးက နိုင်ငံခြားပြန်လာသူတိုင်း ဖြစ်သလားဟု မေးစရာရှိနိုင်သည်။ လူတိုင်းမဟုတ်သော်လည်း တော်တော်များများ ထိုကဲ့သို့ပင်ဖြစ်နေကြသည်။ ပြန်လာ ကြသည်။ ဘာစလုပ်ရမှန်းမသိ၍ ပြန်ထွက်ကြရသည်။ မြန်မာပြည်မှာ အရင်းနှီးနည်းနည်းနှင့် စလုပ်၍လည်း အဆင်မပြေပေ။ သိန်း၅ဝ ရင်းနှီးထားလျှင် နောက်ထပ် သိန်း ၅ဝ ထပ်ဆောင်နိုင်မှ အဆင်ပြေနိုင်ပါသည်။ နိုင်ငံရပ်ခြားမှာ လုပ်ကိုင်လာသော လုပ်ငန်းများအား မြန်မာပြည်၌ဝင်ရောက် လုပ်ကိုင်သည့်အခါ ရရှိသောလုပ်အားခမှာ ကွာခြားလွန်းနေသည့်အတွက် လုပ်ရသည်မှာ အဆင်မပြေပေ။
မသွားချင်သော်လည်း သွားနေရ
တစ်ကိုယ်ရေတစ်ကာယသမားများအဖို့ အကြောင်းမဟုတ်သော်လည်း မိသားစုအတွက် ဦးဆောင်၍စီးပွားရှာနေသူများအတွက် မခွဲချင်သော်လည်း ခွဲခွာကြရသည်။ မသွားချင်သော်လည်း ထပ်မံထွက်ခွာကြရပြန်သည်။ ဇွတ်မှိတ်နေကြပြန်တော့ အကြွေးတင်ကြသည် ။ နိုင်ငံရပ်ခြားမှာ အနေကြာသွားပြန်တော့လည်း ကိုယ့်တိုင်းပြည်နှင့် အလှမ်းဝေးကွာလွန်းတော့ ဘာလုပ်
ရမှန်းမသိတာတွေလည်း ပါနိုင်သည်။ အဓိက ပြောချင် သည်မှာ နိုင်ငံရပ်ခြားရေမြေခြားကို ရောက်သူများသည် တိုင်းပြည်နှင့်လူမျိုးကို မချစ်ကြလို့မဟုတ်ကြပါ။ မြန်မာပြည်ကြီးတိုးတက်ဖို့ အားလုံးကြိုးပမ်းနေချိန်မှာ တစ်တပ်တစ်အားပါဝင်ချင်ကြမှာ အသေအချာပင်။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတဲ့ စကားအတိုင်းပါ ပဲ။ မိမိတို့မိသားစု မိမိတို့တိုင်းပြည်မှာ မိသားစုနှင့်
အတူ နေချင်ကြသော်လည်း မိသားစု စားဝတ်နေရေးဆိုသည့်အရာအား ဖြေရှင်းပေးနိုင်စေဖို့ မသွားချင်သော်လည်း သွားနေကြရလေတော့သည်။

No comments: