Monday, June 26, 2017

ကျွန်တော်ပြောမည့် ကိုသန်းစိုး၏အကြောင်း

ကျွန်တော်ပြောဆိုရမည့် အကြောင်းမှာ ကိုသန်းစိုး၏အကြောင်း ဖြစ်သည်။ ကိုသန်းစိုးအား ညီအစ်ကို ရဲဘော်များက ရဲရင့်ဟု သိထား
ကြသည်။ ရဲရင့်ဟူသောအမည်မှာ မြန်မာလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်အမှတ် ၂၈ ( Fokker 28 )ကို ပြန်ပေးဆွဲခဲ့စဉ် အသုံးပြု ခဲ့သော နာမည်ဖြစ်သည်။ ၄င်းလေယာဉ်သည် မြန်မာနိုင်ငံ မြိတ်လေဆိပ်မှ ရန်ကုန်မြို့သို့ စတင်ပျံသန်းချိန်မှာပင် ကိုရဲရင့်(ရန်ကုန်)နှင့် ကိုရဲသီဟ (သုံးဂွမြို့ ) တို့မှ ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။
ထိုလေယာဉ်အား မိုင်၈၀ အကွာအဝေးရှိ ထိုင်းနိုင်ငံ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းဖြစ်သော
ဥ -Tapao လေယာဉ်ကွင်းသို့ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
၎င်း ကိုရဲရင့်ခေါ် ကိုသန်းစိုးသည် ရန်ကုန်စက်မှု တက္ကသိုလ် ပထမနှစ်ကျောင်းသားဖြစ်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ်သာ ရှိခဲ့ပါသေးသည်။ ၄င်းသည် ၈၈၈၈ ကာလ၌ မြန်မာတစ်နိင်ငံလုံး လူထုအုံကြွမှုကြီး ဖြစ်ပွားရာမှ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံဘက်သို့ ကူးပြောင်းလာသော ကျောင်းသား နိုင်ငံရေးသမားများအတွင်းမှ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှိသော လူငယ်တစ်ဦးသာ ဖြစ်ပါသည်။
အထက်ပါ လေယာဉ်ပြန်ပေးဆွဲမှုနှင့် ပတ်သတ်၍
နံပါတ် (၁) မြန်မာနိုင်ငံအတွင်း၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှင်သန်ခွင့်ရရန် ငြိမ်းချမ်းစွာ
နိုင်ငံရေး လှုပ်ရှားကြိုးပမ်းနေသူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား မြန်မာစစ်အာဏာရှင်တို့မှ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းကို ရပ်တန့်ပြီး ချက်ချင်းလွှတ်ပေးရန် ။
နံပါတ် (၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားပြီး လူ့အခွင့်အရေးကို အာမခံသည့် အစိုးရတစ်ရပ်ကို ပုံဖော်ကြရန်
တို့ အကျူံးဝင်သော တောင်းဆိုချက် ၇ ချက် နှင့်
လေယာဉ်ပြန်ပေးဆွဲမှုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည် ။
ကိုရဲရင့်နှင့် ကိုရဲသီဟ တို့သည် အထက်ပါ လေယာဉ်ပြန်ပေးဆွဲမှု ကိစ္စတွင်
(က) သက်ကြီးရွယ်အိုနှင့် သက်ငယ်အရွယ်များ စုစုပေါင်း ၃၀ဦးကို ဥ-Tapao လေယာဉ်ကွင်းသို့ ဆိုက်ရောက်သည်နှင့် တစ်ပြို င်နက် လွှတ်ပေးခဲ့သည်။
(ခ) လေယာဉ်ပြန်ပေးဆွဲနေစဉ် ကာလအတွင်း
လေယာဉ်ဝန်ထမ်း သုံးဦးနှင့် ခရီးသည်ပေါင်း ၈၀ဦးကို စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမည့် မည်သည့်အမှုကိုမျှ မပြု ခဲ့၊ အန္တရာယ် မပေးခဲ့ ။
ထိုအချက်များကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ကိုယ်တိုင်က သတင်းဌာနများသို့ တရားဝင်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကိုရဲရင့်နှင့် ကိုရဲသီဟတို့၏ လေယာဉ်ပြန်ပေးဆွဲ အချိန်ကာလမှာ ၉ နာရီမျှသာ ကြာမြင့်ခဲ့သည်။ ထိုကာလ၏ နောက်ပိုင်းတွင် မြန်မာစစ်အစိုးရမှ ခရီးသည်များ၊လေယာဉ်ဝန်ထမ်းများ၏ ဘဝနှင့် အသက်ကို လုံးဝ ငဲ့ညှာစဉ်းစားခြင်း မရှိသည်ကို မျက်ဝါးထင်းထင်း တွေ့လာရပြီးနောက်
ကိုရဲရင့်နှင့် ကိုရဲသီဟတို့သည် ခရီးသည်အားလုံးအား ယဉ်ကျေးဖွယ်ရာစွာ နှုတ်ဆက်ပြီး ၄င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံအာဏာပိုင်တို့ထံ၌ ကိုယ်တိုင်အဖမ်းခံခဲ့ကြသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချု ပ် Sirisamphan ကိုယ်တိုင် ကိုရဲရင့်နှင့် ကိုရဲသီဟတို့အတွက် အဆင်ပြေချောမွေ့အောင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
၎င်းတို့ နှစ်ဦးအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Special Detaintion Centre( SDC)တွင် သိက္ခာရှိသော နိုင်ငံရေးအကျဉ်းသားအဖြစ် ထိန်းသိမ်းထားခဲ့သည် ။
ကိုရဲရင့်နှင့်ပတ်သတ်၍ ကျွန်တော်တင်ပြလိုသော အချက်များမှာ
(၁) ကိုရဲရင့်သည် ထိုင်းနိုင်ငံအတွင်း နေထိုင်၍ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၏ ဘဝကို စစ်လက်နက်ဖြင့် ဘိုကျလွှမ်းမိုးမှုအား စဉ်ဆက်မပျက်ဆန့်ကျင် ကန့်ကွက်ခဲ့သည် ။
(၂) ထိုင်းနိုင်ငံအတွင်း၌ လှုပ်ရှားနေကြသော မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် စစ်လက်နက်ကိုင် အကြမ်းဖက်မှသာ အောင်ပွဲခံနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်စပ်ပတ်သတ်မှု မရှိခဲ့ခြင်း ။
(၃) လေယာဉ် ပြန်ပေးဆွဲစဉ်ကာလတွင် ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်း အားလုံးတို့အား (၄င်းတို့၏ လုပ်ရပ်သည် မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုတို့ကိုလည်းကောင်း စစ်အာဏာရှင်များမှ မြန်မာပြည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လိုလားသူတို့အား မတရား ဖိနှိပ်ညှင်းဆဲမှုအားလည်းကောင်း ကမ္ဘာမှ အာရုံစိုက်လာစေရန် ရည်ရွယ်ပါသည်ဟု )ရှင်းပြပြောဆိုခဲ့သည် ။
(၄) လေယဉ် ပြန်ပေးဆွဲနေစဉ်ကာလအတွင်း သေစေနိုင်သော၊ထိခိုက်နာကျင်စေနိုင်သော မည်သည့်လက်နက် ကိရိယာကိုမျှ အသုံးပြုခြင်း မရှိခဲ့ ။
(၅) ကိုသန်းစိုး (ခ) ကိုရဲရင့်သည် ထိုင်းနိုင်ငံအတွင်းရှိ (SDC) ထိန်းသိမ်းရေး စခန်းမှ လွှတ်မြောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်းနေထိုင်စဉ်၊ တတိယနိုင်ငံများတွင် နေထိုင်စဉ် ကာလများအတွင်း၌ မည်သည့် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သတ်ဆက်နွှယ်ခြင်း မရှိဖူးသကဲ့သို့ မည်သည့် အကြမ်းဖက်လှုပ်ရှားမှုကိုမျှ ဆောင်ရွက်ခဲ့ခြင်း မရှိပါ။
ထို့ကြောင့် ကနေဒါနိုင်ငံတော် အစိုးရနှင့် အာဏာပိုင် အဖွဲ့အစည်းများသို့ ကိုသန်းစိုး (ခ)ကိုရဲရင့်၏ နိုင်ငံရေးခိုလှုံခွင့် ပန်ကြားချက်ကို သက်ညှာစွာ လိုက်လျောပေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
( *** အထက်ပါ ပန်ကြားချက်အား စဉ်းစားရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေအား အလေးအနက် ထည့်သွင်းစဉ်းစားသင့်ပါသည်။
~~~ လွှတ်တော်တွင်း၌ စစ်အင်အား ၂၅ ရာခိုင်နှုန်း ရှိနေခြင်းသည် မျက်မှောက်ကာလ စစ်အာဏာတည်ဆဲဖြစ်ကြောင်း ပြယုဂ် ။
~~~ အစိုးရမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ကြိုးပမ်းနေစဉ်တွင် နယ်စပ်ဒေသအတွင်း စစ်မက်ဖြစ်ပွားမှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းများသည် စစ်အာဏာတည်တံ့နေသေးကြောင်း ပြယုဂ်တို့ ဖြစ်ကြပါသည်။
လေးစားစွာဖြင့်
သိန်းထွန်း
ONSOB
( Oversea National Student Organization of Burma )
**** အကြမ်းမဖက် နှလုံးရည်သုံး
တိုက်ပွဲဝင်အဖွဲ့ ***
မှတ်ချက် -
ONSOB သည် ထိုင်းနိုင်ငံဘန်ကောက်မြို့ ၌
ကိုသန်းစိုး (ခ)ကိုရဲရင့်နှင့် ကျွန်ုပ်တို့ အတူရှိနေစဉ်က ဘန်ကောက်အခြေစိုက် အဖွဲ့အစည်း ဖြစ်ပါသည် ။

Sunday, June 25, 2017

ပြန်ချိန်မတန်သေးတဲ့ အိမ်ဆီသို့




ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ပြန်ချိန်မတန်သေးတဲ့ အိမ်ဆီသို့

June 25, 2017
ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ပြန်ချိန်မတန်သေးတဲ့ အိမ်ဆီသို့
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၇

ချစ်သူငယ်ချင်းတို့ရေ

လနဲ့ချီ စာမလာသတင်းမကြားလို့ မျှော်တလင့်လင့် ဖြစ်နေကြလား။ တကယ်ဆို ပြောင်းလဲနေပြီဆိုတဲ့ ဒို့ပြည်ကြီးရဲ့  အခြေအနေကို စောင့်ကြည့်ပြီး ပြောချင်တာတွေ ရင်နဲ့အပြည့်ရှိနေပေမယ့် ဒီနေ့ရေးမယ် ဟိုနေ့ပြောမယ်လို့ စဉ်းစားပြီး နေ့တဓုဝ အရှုပ်အလုပ်တွေနဲ့ ရှုပ်နေလို့ Facebook ကနေပဲ သူငယ်ချင်းတချို့ ကို တို့ကနန်းဆိတ်ကနန်း ဟိုရေးဒီရေး ရေးပြောနိုင်ခဲ့တယ်။ အခုတော့ မပြောမဖြစ်ကိစ္စတခု ပေါ်လာလို့ အချိန်ယူပြီး ဒီစာကို ရေးလိုက်တာပါ။ ဒီစာကိုဖတ်ပြီး၊ ငါ့မေတ္တာရပ်ခံချက်ကို တတ်နိုင်သလောက် အကြံပြု၊ ဝိုင်းဝန်းကူညီစေချင်တယ်။
ငါ့အနေနဲ့ ပြည်ပရောက်နေတဲ့ သူငယ်ချင်းတွေကိုယ်စား ပြည်တွင်းမှာ ရုန်းကန်လှုပ်ရှားနေကြတဲ့ မင်းတို့ (မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်) တွေကို အသိပေး၊ တောင်းဆိုချင်တဲ့ အကူအညီက – ဒီနေ့အထိ ပြည်တွင်းမီဒီယာတွေ ရေးသားဖော်ပြခြင်း မရှိသေးတဲ့၊ မင်းတို့ အများစု သတိမထား၊ ဂရုမပြုမိတဲ့ (သတင်း) – ကနေဒါ (Canada) နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ရရှိဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့တဲ့ ဒို့ ရှစ်ဆယ့်ရှစ် ရဲဘော်တယောက်ကို ကနေဒါ အစိုးရက ခိုလှုံခွင့် လျှောက်ထားမှုကို ငြင်းပယ်လိုက်ပြီး မြန်မာနိုင်ငံကို သူ့ဆန္ဒမပါဘဲ (အတင်းအဓမ္မ) မကြာခင် ပြန်ပို့နိုင်ဖို့ကို စီစဉ်နေတဲ့အကြောင်းပါ။ ကနေဒါနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် နိုင်ငံရေး ခိုလှုံခွင့် အငြင်းပယ်ခံရတဲ့ ဒို့ရဲဘော်ကြီးက ကိုသန်းစိုး (ခေါ်) ရဲရင့် ပါ။ သူကိုတော့ ဒို့ရှစ်ပူးမျိုးဆက်တွေ သိကြပေမယ့်၊ မျိုးဆက်သစ်တွေကတော့ သိကြမှာမဟုတ်ဘူး။
ဒီလို ရုတ်ချည်း သူကို ဆိုင်းမဆင့်ဗုံမဆင့် ပြန်ပို့ဖို့ ဖြစ်လာတဲ့အကြောင်းက လက်ရှိ မြန်မာနိုင်ငံမှာ အာဏာတချို့ တဝက် မျှဝေရယူထားတဲ့ အရပ်သားအစိုးရက အခုဆိုရင် မြန်မာနိုင်ငံဟာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေပြီလို့ မောင်းခတ်ပြီး၊ နိုင်ငံတကာနဲ့ သံတမန်၊ စီးပွားရေး၊ ကုန်သွယ်ရေးတွေ လုပ်လာချိန်မှာ၊ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပျက်ပြယ်ခဲ့တဲ့ ကနေဒါနိုင်ငံနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး ပြန်လည်တည်ဆောက်ဖို့ နှစ်နိုင်ငံ အာဏာပိုင်တွေ တွေ့ဆုံချိန်မှာ ကနေဒါအစိုးရက လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ကနေဒါနိုင်ငံကို အမေရိကန်နိုင်ငံမှတဆင့် နယ်စပ်ကျော်ဖြတ် တရားမဝင် ဝင်ရောက်လာခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းဆိုနေခဲ့တဲ့ ရှစ်ဆယ့်ရှစ် အရေးတော်ပုံကျောင်းသားတယောက်ကို ကနေဒါနိုင်ငံအနေနဲ့ နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ ငြင်းဆိုထားပြီး၊ မြန်မာပြည်ကို ပြန်လည်လွှဲပြောင်းပေးလိုကြောင်း ပြောဆိုတဲ့အခါ မြန်မာအာဏာပိုင်တွေက (ဘယ်သူဘယ်ဝါ အတိအကျမသိ) … ရဲရင့်နဲ့ မည်သူမဆိုကို ပြောင်းလဲပွင့်လင်းလွတ်လပ်လာတဲ့ မြန်မာနိုင်ငံကို ပြန်ပို့နိုင်ကြောင်း ပြောလိုက်လို့ အခုလို ကနေဒါနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရှိရတယ်။
ဒီမှာ မင်းတို့ (စာဖတ်သူတွေ) အနေနဲ့ မေးစရာရှိကောင်းရှိမယ် – သူက ဘယ်သူမို့လို့ ငါတို့တွေက ရှေ့ နေလိုက် သူ မြန်မာပြည် ပြန်မပို့ရေးကို စိုးရိမ်ပူပန်နေကြတာလဲ။ ဘာဖြစ်လို့ သူအနေနဲ့ တိုင်းပြည်ခေါင်းဆောင်ကြီးတွေ ပြောဆိုနေတဲ့ ပွင့်လင်းတိုးတက်ပြောင်းလဲလာပြီဆိုတဲ့ အမိမြန်မာပြည်ကို ပြန်မလာချင်တာလဲ။ မြန်မာပြည်ကို ပြန်ပို့မှာကို ဘာဖြစ်လို့ အကြောက်အကန် ငြင်းနေတာလဲ။ မင်းတို့က ဘာဖြစ်လို့ သူကို ဝိုင်းရံပေးရမှာလဲစတဲ့ မေးစရာတွေ ပြောစရာတွေ ရှိကြမှာပါ။ မင်းတို့ သိချင်၊ သိသင့်တာကို အသေးစိတ် အလုံးစုံ ပြောပြချင်ပေမယ့် (ပေ) စာရှည်မှာကြောင့်လို့ အတတ်နိုင်ဆုံးအကျဉ်းရုံးပဲ ပြောတော့မယ်။
ဦးစွာ မင်းတို့ (မေး) သိချင်တဲ့ … သူက ဘယ်သူမို့လို့ ငါတို့တွေက အခုလို အသဲအသန် စိုးရိမ်တကြီးနဲ့ သူ့ကို မြန်မာပြည် ပြန်မပို့ရေးအတွက် လှုံဆော်နေကြတာလဲဆိုတာကို ဖြေကြားရရင် သူက ရှစ်ဆယ့်ရှစ် အရေးအခင်းတုန်းက RIT ကျောင်းသား တက်ကြွလှုပ်ရှားသူ (ကို)သန်းစိုး။ ၁၉၈၈ စက်တင်ဘာလ (၁၈) ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အာဏာသိမ်း စစ်အစိုးရကို ဒေါင်းလံလွှင့် ထိပ်တိုက်ရင်ဆိုင် ဆက်လက်တိုက်ပွဲဝင်နေခဲ့တဲ့ မင်းတို့တွေကို စစ်ဘီးလူးတွေက ပိုးဆိုးပက်စက် သတ်ဖြတ်ဖမ်းဆီးနေချိန်မှာ ကိုသန်းစိုးအပါအဝင် ထောင်ပေါင်းများစွာသော (တောခို) ကျောင်းသားတွေက မြန်မာပြည်နယ်စပ်တကြောမှာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်ကို တော်လှန်ပုန်ကန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့။ ဒါပေမဲ့ ဒို့တွေရဲ့  လက်နက်ကိုင်လှုပ်ရှားမှုက အကြောင်းအမျိုးမျိုးကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ဘူး။ ဒီလက်နက်ကိုင် တော်လှန်ပုန်ကန်မှုအကြောင်း နောက်ကြုံရင် ပြောတာပေါ့။ အခုတော့ ကိုသန်းစိုးအကြောင်း ဆက်ပြောရရင်…
အဲဒီလို စစ်အာဏာရှင်လက်အောက်မှာ ဒုက္ခပင်လယ်ဝေနေတဲ့ ပြည်တွင်း-နယ်စပ် ဒို့ကျောင်းသားတွေရဲ့  အခြေအနေကို နိုင်ငံတကာနဲ့ ကမ္ဘာကြီးက ဘာဆိုဘာမှ မကြားသိဘူး၊ စိတ်မဝင်စားဘူး။ နှစ်ကာလရှည် အာဏာရှင်ဗိုလ်နေဝင်းက မြန်မာနိုင်ငံကို ကမ္ဘာကြီးနဲ့ ဖြတ်တောက်၊ အမှောင်တိုက်သွင်းခဲ့တာကြောင့် ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီးမှာ သို့လောသို့လောနဲ့ နောက်ဆုံး ၁၉၈၉ ခုနှစ် တရုတ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုအောက်မှာ ပျောက်ကွယ်သွားသလို ဖြစ်နေခဲ့တယ်။ အဲဒီလို နိုင်ငံတကာ အလေးပေး၊ စိတ်ဝင်စားမှု မရှိတာကို အခွင့်ကောင်းယူပြီး စစ်အစိုးရက ပြည်တွင်းလှုပ်ရှားမှုတွေကို ထင်တိုင်းကြဲ ရက်ရက်စက်စက် ဖြိုခွဲခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မင်းတို့အားလုံး ဖမ်းဆီးချုပ်နှောင်းခံရပြီး တနိုင်ငံလုံး ပြားပြားဝပ်နေတာကို ငေးမောလက်ပိုက်ကြည့်နေတဲ့ နိုင်ငံတကာသိအောင်၊ ကမ္ဘာသတင်းမီဒီယာတွေ စိတ်ဝင်စားလာအောင် နယ်စပ်နဲ့ ထိုင်းနိုင်ငံမှာ ခိုလှုံလှုပ်ရှားနေကြတဲ့ ဒို့တတွေ နည်းမျိုးစုံရှာ ကြံဖန်ကြိုးစားခဲ့ကြတယ်။
အဲဒီလို တောင်မင်းကို မြောက်မင်း ကယ်ဖို့ ဒေါင်းဆားချက် ကြိုးစားနေချိန်မှာ ထိုင်းနယ်စပ်ကနေ အခက်အခဲ၊ အတားအဆီး၊ အန္တရာယ်တွေကို ကျော်လွှားပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှာ မြန်မာနိုင်ငံအတွင်းကို လျှို့ ဝှက်ဝင်ရောက်ပြီး၊ ၁၉၈၉ အောက်တိုဘာ (၆) ရက်နေ့မှာ  ရဲရင့်အမည်နဲ့ ရဲသီဟနဲ့အတူ တောင်ပိုင်းမြိတ်မြို့ ကနေ ရန်ကုန်မြို့ ကို ပျံသန်းတဲ့ လေယာဉ်ဝန်ထမ်း နဲ့ ခရီးသည် (၈၅) ဦးပါတဲ့ မြန်မာ့လေကြောင်းပိုင် လေယာဉ်ပျံကို ဗုံးအတု (ဆပ်ပြာဗူးတစ်ဗူးကို ဗုံးဟု လိမ်ညာလျက်) နဲ့ လေယာဉ်မှူးနဲ့ ခရီးသည်များကို မေတ္တာရပ်ခံပြီး ထိုင်းနိုင်ငံကို လေယာဉ်ပြန်ပွဲဆွဲပြီး ကမ္ဘာ့သတင်းမီဒီယာတွေကနေ မြန်မာစစ်အစိုးရရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖွင့်ချဖော်ထုတ်လိုက်တယ်။
လေယာဉ်ပျံ ပြန်ပေးဆွဲတာကို ကြီးလေးတဲ့ အကြမ်းဖက်လှုပ်ရှားမှုလို့ နိုင်ငံတကာက သတ်မှတ်ထားပေမယ့် သူတို့နှစ်ယောက်ရဲ့  လှုပ်ရှားမှုက ဗုံးအတုနဲ့ ခြိမ်းခြောက်ပြီး၊ ခရီးတလျှောက်လုံး လေယာဉ်မှူးများနဲ့ ခရီးသည်များကို သူတို့ ဘယ်သူဘယ်ဝါ၊ ဘာကြောင့် အခုလို လေယာဉ်ပျံပေးဆွဲရသလဲ ဆိုတာကို တလေးတစား ရှင်းလင်းပြောပြပြီး၊ မေတ္တာရပ်ခံ တောင်းပန်စကား ဆိုခဲ့တာကို ခရီးသည်တချို့ က ပြောဆိုကြတယ်။ ရဲရင့် ပြောဆိုခဲ့တဲ့ မှတ်တမ်းအရ ထိုင်းအာဏာပိုင်များ၏ တောင်းဆိုချက်အရ လေယာဉ်ကို ဘန်ကောက်မြို့အစား U-Tapao ထိုင်းရေတပ်စခန်းတွင် ဆင်းသက်ရန် သဘောတူခဲ့ပြီး ရေတပ်စခန်းကို ည​နေ (၅) နာရီ (၄၅) မိနစ်ခန့်မှာ ဆင်းသက်ခဲ့သည်။
လေယာဉ်ဆင်းသက်ပြီး စေ့စပ်သဘောတူညီမှုတွေ လုပ်ဆောင်ပြီးနောက် ထိုင်းအစိုးရ ကိုယ်စားလှယ်တစ်ဦး လေယာဉ်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး မြန်မာစစ်အစိုးရ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးကောင်စီ (SLORC) ထံသို့ အချက် (၇) ချက်ပါသော နိုင်ငံရေး တောင်းဆိုမှု ကြေညာစာတမ်း ထုတ်ပြန်ခဲ့တယ်။ တောင်းဆိုချက်တွေက …
(၁) ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
(၂) နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
(၃) စစ်ဘက်ဆိုင်ရာ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းပေးရန်
(၄) စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး စစ်တန်းလျားပြန်ရန်
(၅) မြန်မာနိုင်ငံတွင် နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေးကြိုးပမ်းမှုများကို တည်ဆောက်ရာ၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အကောင်အထည်ဖော်မှုများကို ခွင့်ပြုရန်။ နိုင်ငံတော်၏ ဆယ်စုနှစ်များတိုင် ရှည်ကြာခဲ့သည့် တိုင်းရင်းသား ပြည်တွင်းစစ်များကို ဟန့်တားရပ်စဲရန်နှင့် တစ်နိုင်ငံလုံးအတွက် ရေရှည်ခံသော ငြိမ်းချမ်းရေးရရှိစေရန်၊
(၆) SLORC နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ အုပ်စုများအကြား နိုင်ငံရေးအရ ကျေအေးမှုကို ကမ္ဘာ့ကုလသမဂ္ဂ မှ စောင့်ကြည့်ကြီးကြပ်ခွင့်ပြုရန်
(၇) လူထုအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ပြုရေး အာမခံ ကတိပြုရန်
တို့ဖြစ်တယ်။ အဲဒီနောက် ထိုင်းအစိုးရနဲ့ အပေးအယူ၊ သဘောတူညီမှုတွေ ရယူပြီး၊ လက်နက်ချ အဖမ်းခံခဲ့တယ်။ ထိုင်းအစိုးရက တရားဥပဒေနဲ့အညီ လနဲ့ချီ စစ်ဆေးမေးမြန်းပြီး၊ ၁၉၉၀ မတ်လ (၂၁) ရက်နေ့မှာ ထိုင်းနိုင်ငံတော်ဝင် တရားရုံးမှ သူတို့နှစ်ဦးကို ထောင်ဒဏ် (၆) နှစ် ပြစ်ဒဏ်ချပြီး ဘန်ကောက်မြို့  အထူးထိန်းသိမ်းစောင့်ရှောက်ရေး စင်တာ (Special Detention Center) မှာ ထိန်းသိမ်းထားရှိခဲ့ပြီး အကျဉ်းကျခံနေစဉ်ကာလမှာ သူတို့ရဲ့  အကျင့်စာရိတ္တ၊ တည်ကြည်ရိုးသားမှုကြောင့် အပြစ်ဒဏ်ကို လျှော့ပေါ့ပြီး၊ ထိုင်းမိဘုရား၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သြဂုတ် ၁၉၉၂ ခုနှစ်မှာ လွှတ်ပေးခဲ့တယ်။ ထောင်ကလွတ်လာပြီးနောက် ဘန်ကောက်မြို့ တဝိုက်မှာ ကုလသမဂ္ဂ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ခဲ့ကြတယ်။
အဲဒီကာလအတွင်းမှာ ကိုသန်းစိုး – ရဲရင့် က စာဖတ်လေ့လာမှုတွေလုပ်ပြီး အမေရိကန်နိုင်ငံကပေးတဲ့ ပညာတော်သင်ဆု စာမေးပွဲကို အောင်မြင်ကာ၊ အမေရိကန်နိုင်ငံ တက္ကသိုလ်များမှာ ပညာသင်ကြားခွင့် အခွင့်အလမ်းကို ရရှိခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ ငါ စာသင်ကြားနေတဲ့ အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း အင်ဒီးရားနားပြည်နယ်မှာရှိတဲ့ အင်ဒီးရားနား တက္ကသိုလ် ဘလူးမင်တန် (Indiana University Bloomington) ကို ရောက်ရှိလာခဲ့တယ်။အသောက်အစား၊ အပျော်အပါးကင်းရှင်း ရည်ရွယ်ချက် ခိုင်ခိုင်မာမာနဲ့ ကျောင်းစာကို တခုတ်တရ ကြိုးစားသင်ယူခဲ့တဲ့ စာတော်စာကြိုးစားတဲ့ ကျောင်းသားတယောက်လို့ သိခဲ့ပြီး၊ တနှစ်လောက် အခန်းဖော် အတူနေချိန်မှာ သူ့ရဲ့  ရိုးသားတည်ကြည်မှု၊ ခိုင်မာတဲ့စိတ်ဓါတ်၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားရှိတဲ့ စေတနာတွေကို ပိုသိရှိခဲ့ရတယ်။ တကယ်ကို စိတ်ထားဖြူစင်ပြီး ချစ်ခင်လေးစားဖို့ကောင်းတဲ့ ရဲဘော်ရဲဖက်တယောက် ဖြစ်တယ်။ ဒီလိုနဲ့ ၁၉၉၇ ပညာသင်နှစ်မှာ ကံဆိုးစွာနဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ကို ပယ်ချခံရပြီး၊ အမေရိကန်အစိုးရက လေယာဉ်ပျံပေးဆွဲတာနဲ့ ပတ်သက်ပြီး သူကို စစ်ဆေးမေးမြန်းဖို့ ပထမအကြိမ် တစ်လနီးပါး ထိန်းသိမ်းခဲ့ရပြီး၊ ၂၀၀၁ စက်တင်ဘာလ (၉) ရက်နေ့ နယူးရော့ခ် နဲ့ ဝါရှင်တန်ဒီစီတို့ကို မူစလင်စစ်သွေးကြွတွေ တိုက်ခိုက်ပြီးနောက်ပိုင်းမှာ ရဲရင့် ကို အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးအဖွဲ့ကြီး (Homeland Security) က ဒုတိယအကြိမ် ဖမ်းဆီးထိန်းသိမ်းပြီး တနှစ်နီးပါးခန့် ထောင်များစွာကို ပြောင်းရွှေ့ ချုပ်ခဲ့ပြီး၊ ပြန်လည်လွှတ်ပြီးတဲ့နောက်ပိုင်းမှာ အကျယ်ချုပ်ပုံစံနဲ့ သွားလာလှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေခဲ့တယ်။
အဲဒီအချိန်ကာလမှာ အလုပ်လုပ်ကိုင်ခွင့်မရ၊ သွားရေးလာရေး၊ နေရေးထိုင်ရေး အစစအရာရာ တင်းကြပ်ခက်ခဲလာကာ ဖမ်းလိုက်လွှတ်လိုက် သံသရာမှ လွတ်ကင်းအောင် တခြားတိုင်းနိုင်ငံကို တရားဝင် ထွက်ခွါသွားဖို့ ကြိုးစားခဲ့ပေမယ့် အမေရိကန်အစိုးရက ခွင့်မပြုခဲ့တာကြောင့် နောက်ဆုံးတော့ အမေရိကန်တဘက်ကမ်း အိမ်နီးချင်းနိုင်ငံ ကနေဒါနိုင်ငံကို ၂၀၀၃ နိုဝင်ဘာ (၂၈) ရက်နေ့မှာ သူငယ်ချင်းအချို့  အကူအညီနဲ့ လျှို့ ဝှက်ဝင်ရောက်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားကာ နိုင်ငံရေး ခိုလှုံခွင့်ကို တောင်းဆိုခဲ့တယ်။ ကနေဒါအစိုးရအနေနဲ့ သူကို နိုင်ငံရေး ခိုလှုံခွင့် မပေးပေမယ့် ယာယီနေထိုင်ခွင့်ပေးခဲ့တယ်။ အဲဒီမှာရှိတဲ့ ကနေဒီယန် နဲ့ မြန်မာမိတ်ဆွေတွေရဲ့  ပြောဆိုချက်အရ အရင်အတိုင်းပဲ မပြောင်းမလဲ လူတိုင်းနဲ့ သဟဇာတဖြစ် ပေါင်းသင်းဆက်ဆံပြီး၊ ရိုးရိုးကုပ်ကုပ်၊ အေးအေးဆေးဆေး နေထိုင်ကြောင်း သိရတယ်။
အခုတော့ ကနေဒါနိုင်ငံက တရားဝင် နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ စီစစ်စဉ်းစားနေချိန်မှာ ဒို့နိုင်ငံရဲ့  ခေါင်းဆောင်ကြီးတွေက ပွင့်လင်းလွတ်လပ်လာတဲ့ ဒီမိုကရေစီနိုင်ငံသစ်ဆီကို ပြည်ပနိုင်ငံများကို တိမ်ရှောင်သွားကြသူတွေ အချိန်မရွေး ပြန်လာနိုင်ကြောင်း။ ကနေဒါနိုင်ငံအနေနဲ့ ရဲရင့် ကို လက်ခံဖို့ မဆုံးဖြတ်နိုင်၊ သူ့မိခင်နိုင်ငံသို့ လက်လွှဲပြန်ပို့ချင်က ပို့နိုင်ကြောင်း ပြောဆိုချက်တွေကြောင့် အခုလို ရဲရင့် ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ ဖြစ်လာခဲ့တယ်။
ခေါင်းဆောင်ကြီးတွေ ပြောနေတဲ့ ပြောင်းလဲတိုးတက်လာတဲ့ အမိမြန်မာပြည်ကို ရဲရင့် ပြန်ဖို့ စိတ်ဆန္ဒမရှိ (အဆင်သင့် မဖြစ်သေး)၊ ဒို့တတွေအနေနဲ့ သူ့ကို ပြန်မပို့စေချင်တဲ့အကြောင်းက ပွင့်လင်းလွတ်လပ်၊ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာတယ်ဆိုတဲ့ မြန်မာပြည်မှာ တွေ့မြင်ရသလောက် တရားဥပဒေ စိုးမိုးရေးက မရေမရာ၊ အာမခံချက်မရှိ – ပြည်ထဲရေးက စစ်တပ်လက်ထဲမှာ ရှိနေသရွေ့  တပ်အနေနဲ့ သူတို့ ရှင်းချင်တဲ့လူ၊ အစာမကြေတဲ့လူဆိုရင် ဖမ်းဆီးအရေးယူ ရှင်းလင်းနေတော့ စစ်အာဏာရှင်တွေရဲ့  နဖူးကို ဖနောင့်နဲ့ပေါက်သွားခဲ့တဲ့ ရဲရင့်တို့ကို တပ်ချုပ်ကြီးအနေနဲ့ စာရင်းဖျက် ခွင့်လွှတ်မှာ မဟုတ်ဘူး။ဒီနေ့အထိ မင်းတို့အမြင် တွေ့နေတဲ့အတိုင်း ဒို့ရဲဘော်တွေဖြစ်ကြတဲ့ အလွတ်သတင်းထောက် ကိုပါကြီး ကို တပ်မတော်လျှို့ ဝှက်ချက်တွေကို ထောက်လှမ်းလို့ဆိုပြီး ရှင်းလင်းပြစ်ပြီး လက်သည်မဖော် (မပေါ်) အစအန ဖျောက်ဖျက်ထားခဲ့တယ်။ ABSDF ကျောင်းသားတပ်မတော် ရဲဘော်ကြီး ကိုမင်းသိန်း ကို တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဆီးချုပ်နှောင်းထားတာ ဘယ်လိုအခြေအနေရှိမှန်း မသိရဘူး။ ဗိုလ်ချုပ်မှူးကြီး ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ခြေဥကို ထိပါးလို့ပြီး လက်မည်းကြီးတွေက ရှေ့ နေကြီး ဦးကိုနီ ကို လုပ်ကြံသတ်ဖြတ်လိုက်တာနဲ့ (ငါတို့ သိသလောက်) စစ်အာဏာရှင်တွေကို ကမ္ဘာ့အလယ် အရှက်ခွဲခဲ့တဲ့ ရဲရင့် နဲ့ ရဲသီဟ ကို အသေရရ၊ အရှင်ရရ ဖမ်းဆီးဖို့ ထိုင်းအစိုးရကို အပေးအယူလုပ်ပြီး၊ မြန်မာစစ်ထောက်လှမ်းရေးတွေ နှစ်ပေါင်းများတွေ ကြိုးပမ်းခဲ့တယ်။ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအနေနဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို ရာနှုန်းပြည့် မစွမ်းဆောင်နိုင်သေးဘူးဆိုတာ လူတိုင်းအသိ။ ဒီနေ့အထိ တိုင်းပြည်နဲ့လူထု အကျိုးစီးပွား မရှေ့ ရှုတဲ့ ဗိုလ်ချုပ်မှူးကြီး ကြိုးဆွဲရာ ကနေရတဲ့ စစ်တပ်အနေနဲ့ ပြည်ထဲရေး၊ ရဲ နဲ့ မြို့ နယ်ရပ်ကျေး ထွေအုပ်တွေကို ခါးပိုက်ထဲထည့်ပြီး ဥပဒေကို လိုရာဆွဲ လုပ်နေကြတာ မောင်းခတ်ပြောစရာ မလိုဘူး .. ပြည်သူတွေအတွက် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးဆိုတာ မရှိသေးဘူး။ ငါတို့ အကြွင်းမဲ့ ယုံကြည်တာက … NLD အစိုးရအနေနဲ့ ရဲရင့် ကို သူ ကျူးလွန်ခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲ ရာဇဝတ်မှုအတွက် တပ် (ပြည်ထဲရေး) က နောက်ကြောင်းပြန် အရေးမယူ၊ ဖမ်းဆီးခြင်း မလုပ်ဘူးလို့ အာမခံ မပေးနိုင်သလို၊ သူ့အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူး။ မင်းတို့ငါတို့အားလုံး အသိ၊ ကြားနေမြင်နေရတဲ့အတိုင်း … ရက်စက်ယုတ်မာခဲ့တဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေကလည်း Mafia ပုံစံနဲ့ လူရှင်းပွဲတွေလုပ်၊ ဒါကို NLD အစိုးရအနေနဲ့ မရှုနိုင်မကယ်နိုင်၊ အမျိုးသားရင်ကြားစေ့ရေးအောက်မှာ ရေငုံနှုတ်ပိတ် လက်မှိုင်ချကာ မူမမှန်၊ စိတ်မချရတဲ့ ခြေဥအထက်က ဗိုလ်ချုပ်မှူးကြီး နဲ့ တပ်ကို အရိပ်တကြည့်ကြည့်နဲ့ ချောမော့ဆက်ဆံနေရတာ ဘယ်လောက် စိုးရိမ်စရာကောင်းလဲ။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရဲရင့်အနေနဲ့ လွန်ခဲ့တဲ့အပတ် VOA သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ် – ဘာကြောင့် လတ်တလော အခြေအနေမှာ မြန်မာပြည်ကို ပြန်အခြေချဖို့ ဝန်လေးတုံ့ဆိုင်းနေရတဲ့အကြောင်း သူ့ပြောပြချက်ကို တချက်ကြည့်ပြီး (မင်းတို့) နားလည်လက်ခံမယ်လို့ မျှော်လင့်ပါတယ်။
“ကျနော် ထောင်ချခံရမှာကို မကြောက်ပါဘူး။ ဒါပေမဲ့ အမှန်တရားတွေ ဆုံးရှုံးသွားမှာကိုတော့ ကြောက်တာပေါ့။ အမှန်တရားအတွက် စွန့်စားသွားတဲ့လူတွေ အများကြီးရှိတယ်။ လက်ရှိမှာလည်း စွန့်စားနေတဲ့သူတွေ အများကြီးရှိသေးတယ်။ အမှန်တရားတွေမပေါ်ဘဲနဲ့ ပျောက်သွားမှာကို ကြောက်လို့ … အရေးကြီးတာက ဘာလဲဆိုတော့ ကျနော် ဖြစ်စေချင်တာက ကျနော့်ကိစ္စမဟုတ်ပါဘူး။ အားလုံးအတွက် လုံခြုံမှုမရှိသေးတာ။ သက်ဆိုင်ရာအစိုးရက ဥပဒေတွေ ပြဌာန်းပြီးတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ တရားဝင် ဂုဏ်သရေရှိစွာနဲ့ ပြန်လာဖို့လုပ်ပေးတာမျိုး မရှိကိုမရှိသေးတာ၊ မရှိသေးတဲ့အကြောင်းကလဲ ဒေါ်စုတို့အစိုးရအနေနဲ့ လုပ်ရကိုင်ရတာ ခက်ခဲမှုတွေ ရှိနေလို့ဖြစ်မှာပါ။”
နောက်ဆုံး ပြောချင်တာက အရပ်သားအစိုးရအနေနဲ့ … xx မနိုင်ဘဲ ပဲကြီးစားလုပ်ရပ်မျိုးနဲ့ သမိုင်းတရားခံ မဖြစ်ဖို့။ ပြောမယ်ဆို … စစ်အာဏာရှင်တွေကြောင့် တောခိုသွားသူတွေ၊ ပြည်ပတိုင်းနိုင်ငံတွေကို ရောက်ရှိသွားကြသူတွေ – ရောက်တဲ့အရပ်ကနေ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်ရေးကို မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့သူတွေအားလုံး ငါတို့ချစ်တဲ့ အမိမြေကို ဂုဏ်သိက္ခာရှိစွာနဲ့ ပြန်ချင်ကြတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းရေး၊ တိုင်းကျိုးပြည်ကျိုးကို ဆက်လက်ထမ်းရွက်ဖို့ အမြဲအဆင်သင့် ရှိကြတယ်။ အတင်းအဓမ္မ ပြန်ပို့စရာမလိုသလို၊ (နှစ်) နိုင်ငံ အကျိုးစီးပွားအတွက် အလှယ်အလှဲလုပ်သလိုမျိုး မလုပ်ဘဲ၊
တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်ပုံစံမျိုးနဲ့ ဖိတ်ခေါ်ကြိုဆိုမယ်ဆိုရင် ရဲရင့်နဲ့အတူ များစွာသော ဒီမိုကရေစီ အရေးတော်ပုံတပ်သားတွေ ဒေါင်းလံလွှင့်ပြီး ပြန်လာကြမှာပါ။
အခုတော့ ပြန်ချိန်မတန်သေးတဲ့အိမ်ကို မပြန်နိုင်သေးတဲ့ ရဲရင့်အတွက် မင်းတို့တွေ တတ်နိုင်သလောက် ဝိုင်းရံပေးကြဖို့ မေတ္တာရပ်ခံတယ်။ မင်းတို့တွေ အကောင်းဆုံး ရပ်တည်ဆောင်ရွက်ပေးကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။ မင်းတို့အားလုံး ကျန်းမာချမ်းမြေ့ကြပါစေ။
ချစ်ခင်စွာဖြင့် … မင်းတို့ရဲ့ 
ဇွန်မိုး
* ရဲရင့်ရဲ့  သူ့ဘဝတစိတ်တပိုင်း ပြောဆိုချက်ကို ဒီ ဘလော့စာမျက်နာ http://moethihaaung.blogspot.com/2017/04/blog-post_57.html မှာ ဖတ်ရှုနိုင်တယ်။
Image may contain: 1 person, smiling
 Image may contain: 1 person, standing, outdoor and nature
 Image may contain: 1 person, closeup
 Image may contain: 1 person, house, tree, sky and outdoor

 Image may contain: 1 person
 Image may contain: 1 person, suit and closeup

(၂၀၁၇ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ မော်လမြိုင်မြို့မှ ထုတ်ဝေသော သံလွင် တိုင်းမ် ဂျာနယ်ပါ ဆောင်းပါး။ ဤဆောင်းပါးသည် ထိုစဉ်က ဖြစ်ပွားခဲ့သည့် သမိုင်းနောက်ခံများကို ကိုယ်တွေ့ သက်သေများက ပြောပြထားသည့် အတွက် အနည်းငယ် ရှည် သောကြောင့် နှစ်ပိုင်းခွဲကာ ဖော်ပြအပ်ပါသည်။ ဖော်ပြထားသည့် ဓာတ်ပုံများမှာ။ ကိုကိုဦး၊ ကိုမင်းလွင်။ ကိုမြင့်ဝေ။ ကိုမျိုးအေး။ ကိုကျော်သက်နှင့် ကိုဇော်ဝင်းတို့၏ ပုံများဖြစ်ကြ၏။ ပစ္စုပ္ပန် မျက်မှောက်ခေတ် သမိုင်းအတွက် တစုံတရာ အထောက်အကူ ပြုနိုင်ပါစေဟု ဆန္ဒပြုအပ်ပါသည်။ )
ယင်းရဲတိုက်ပွဲနှင့် သူ၏ သမိုင်းကောက်ကြောင်းများ (ပထမပိုင်း)
****** ******
ဌေးဝင်း
*********
´ကိုဌေးဝင်းရေ.. ခင်ဗျားနဲ့ သံလွင်တိုင်းမ် ကို ကျေးဇူးတင်တယ် ဗျာ´
´ကျနော့ကိုတော့ ဘာမှ ထွေထွေထူးထူး ကျေးဇူးစကား ဆိုစရာ မလိုပါဘူး ကိုမြင့်ဝေ.. ကျနော်တို့က ကိုယ် နိုင်တဲ့နေရာ က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် လုပ်နိုင်သလောက် လုပ်ဖို့ ဆုံးဖြတ်ထားကြသူတွေဘဲဟာ။ ဒါနဲ့ ထူးထူးဆန်း ဆန်း ကျေးဇူးတင်စကား အလေးအနက်ထား ပြောရတာက ဘာကြောင့်များလဲ ဗျ ´
´ခင်ဗျားက မတင်နဲ့ဆိုလည်း မတင်တော့ပါဘူး။ ဒီလိုဗျ ပြောချင်တာက ယင်းရတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကိုကိုဦးရဲ့ အ ကြောင်းဆောင်းပါး သံလွင်တိုင်းမ်မှာ ပါလာပြီးတဲ့နောက်ပိုင်းမှာ ပြည်ပကိုရောက်နေကြတဲ့ တပ်ရင်းအသီးသီးက ရဲဘော် တွေဟာ သူတို့ကိုယ် သူတို့ယုံကြည်မှု ပြန်ပြီး မြင့်တက်လာကြလို့ ကျနော် ထင်တယ်။ ခေါင်း ဆောင်မဟုတ်တဲ့ လူငယ် တွေ။ တချို့ခေါင်းဆောင်ငယ်တွေ။ အောက်ခြေရဲဘော်တွေရဲ့ အခြေအနေတွေ သူတို့ရဲ့ သဘောထားတွေ ဆန္ဒတွေ သူ တို့ရဲ့ စွန့်လွှတ်မှုတွေ သမိုင်းဖြစ်စဉ်တွေကို ဖော်ထုတ်ရတော့မယ်လို့ သူတို့ ယူဆပုံရတယ်။ အခု သူတို့အချင်းချင်း တ ယောက်နဲ့တယောက် ပိုမို ဆက်သွယ်လာကြတယ်။ စုစည်းမှုတွေရတဲ့ လက္ခဏာတွေ တွေ့လာရ တယ်။ တပ်ရင်း ၁၀၁ က လူတွေဆိုရင် တောထဲမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ လူတွေကို ကာလတို ကာလရှည် သေသေချာချာ စောင့်ရှောက်ကူညီဖို့ ပြင်ဆင်နေတာတောင် ရှိနေပြီ´
´အို.. ဟုတ်ရဲ့လား ကိုမြင့်ဝေ.. ၀မ်းသာလိုက်တာဗျာ.. အချင်းချင်း ပြန်လည် ကြည့်ရှု စောင့်ရှာက်တာဟာ မင်္ဂလာတရား တော်နဲ့ ညီတာပေါ့ဗျာ´
သံလွင်တိုင်းမ်တွင် ကျနော်ရေးခဲ့သည့် ´ခေါင်းဆောင်ပီသသူ´ ဆောင်းပါးပါလာပြီးနောက် ကျနော်နှင့် ကိုမြင့်ဝေသည် သူ့ ရုံးအနီးရှိ ချောင်းနံဘေးက ထမင်းဆိုင်တွင်ထိုင်ရင်း ပြောဆိုနေကြခြင်းဖြစ်သည်။ ဒီဆောင်းပါးရေးပြီးသည့်နောက် ကိုကိုဦး နှင့်ပတ်သက်သည့် မှတ်သားဘွယ်ရာ စကားများကို သူနှင့် တရင်းတနှီးနေခဲ့ဖူးသူများက ထပ်ဆင့်ပေးလာကြသည်များကို ကျနော်သည် ကိုမြင့်ဝေကို ဖတ်စေခဲ့၏။
´ကိုမြင့်ဝေ ကျနော့်မှာ ကိုကိုဦးနဲ့ ရင်းနှီးတဲ့လူတွေဆီက ရထားတဲ့ စာတွေ.. ခင်ဗျားကို ပေးဖတ်မယ်´
´ကောင်းတာပေါ့။ ဖတ်ချင်တယ်။ ဒါတွေဟာ ခင်ဗျား နောက်ထပ် ဆောင်းပါးတပုဒ် ထပ်ရေးဖို့လည်း အထောက်အကူပြု မှာပေါ့´
´ပထမဆုံး ကိုမင်းလွင်ရဲ့ စာကို အရင်ဖတ်ကြည့်ဗျာ
ဟုဆိုကာ ကိုမြင့်ဝေကို ပေးလိုက်၏။ ကိုမင်းလွင်၏စာတွင်
.. ကိုကိုဦးက ၁၉၈၈ မှာ ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေက ရူပဗေဒ ဒုတိယနှစ်ကျောင်းသားပါ။ သူနဲ့ကျနော် ၁၉၈၈ မတ် ၁၇ ရက်မှာ RASU ထဲ အတူတူ အဖမ်းခံရဖူးပါတယ်။ ဒါပေမဲ့ အဲ့တုန်းက မသိခဲ့ကြပါဘူး။ ဘုရားသုံးဆူရောက် မှ သူနဲ့ကျနော် အဲ့ဒီအကြောင်းပြောဖြစ်တယ်။ သူက သူ ထောင်ကလွတ်တဲ့နေ့မှာ အမေအိုတစ်ယောက် လွတ်တဲ့ထဲ သူ့ သားပါလာမလားရယ်လို့ လာရှာတဲ့အကြောင်း ပြောပြတယ်။ တကယ်တော့ အဲ့ဒီအမေအိုရဲ့သားကို ကိုကိုဦးကသိပါတယ်။ မတ် ၁၆ တံတားနီအရေးအခင်းမှာ ကျဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ကိုကိုဦးက အမေအိုကို နောက်ထပ် လွတ်လာမဲ့ ကျောင်းသား တွေ ကျန်သေးပြီး အမေ့သား အဲ့ဒီထဲမှာ ပါလာမှာပါလို့ နှစ်သိမ့်ခဲ့တဲ့အကြောင်း ကျနော့ကို ပြောပြပါတယ်။
ကျနော် အမေတို့ရဲ့ သားပေါင်းများစွာရယ်လို့ ABSDF စာစောင်မှာ ဝတ္ထုတို ရေးခဲ့တယ်။ ဆေး ၁ က ကိုအေးမင်း ရေး ခိုင်း လို့ပါ။ ကိုကိုဦးက ကျွန်တော့်လိုမဟုတ်ဘဲ စကားပြော ယဉ်ကျေးမွန်ရည်ပါတယ်။ မျက်လုံး မျက်ဖန်ကောင်းကောင်း နှာတံ ပေါ်ပေါ် ဆံပင်ကောက်ကောက် မင်းသား ကျော်ဟိန်းနဲ့တူပေမဲ့ သူက ကျော်ဟိန်းထက် ရုပ်ပိုဖြောင့်တယ်လို့ ကျနော် ထင် ပါတယ်။ ကိုကိုဦးနဲ့ ကျနော်က ပဌာန်းဆက်ရှိတယ် ပြောရမလားပဲ။ သူက ကျနော့ကို အတော့်ကို ချစ်ခင်ပါတယ်။ သူ AB SDF ၁၀၁ တပ်ရင်း စခန်းရွေးကောက်ပွဲမှာ နိုင်ပြီး စခန်းကော်မတီ ပြန်ကြားရေး အတွင်းရေးမှူးဖြစ်တော့ ကျနော့ကို အ တင်း အတိုက်အခံလုပ်ပြီး ပြန်ကြားရေးတာဝန်ခံ ခန့်ပါတယ်။ သူက စစ်တိုက်တာ ဝါသနာပါပုံ ရပြီး ကျနော်က စစ်တိုက်တာ ဝါသနာမပါပါဘူး။
စခန်းမှာ မနက်အစောကြီး သူ ကျနော့ကို လာလာနှိုးတတ်ပါတယ်။ သူနဲ့ကျနော် အပြေးပြိုင်ကြတယ်။ အပြေးမှာတော့ သူ ကျနော့ကို မနိုင်ပါဘူး။ ကျနော်တို့ လေ့ကျင့်ရေးကွင်းကို သွားကြတယ်။ ဟိုဘက်ဒီဘက် စက်ဘီးတာယာပေါ်မှာ တင်ထား တဲ့ သစ်လုံးပေါ် ကျနော်တို့ ဖြတ်လျှောက်ကြတယ်။ ကျနော် အကြိမ်ကြိမ် ပြုတ်ကျတယ်။ ကိုကိုဦးက မျောက်တစ်ကောင် လို ပေါ့ပေါ့ပါးပါး လျှောက်ပြတယ်။ တွဲလောင်းကျနေတဲ့ ကြိုးတစ်ကြိုးကနေ အပေါ်ရောက်အောင် ဘယ်လိုခိုတက်ရမလဲ သူ ကျနော့ကို ပြပေးတယ်။ ပစ်ထောက်မှောက်လှိမ့် မိကျောင်းတွား ဘာညာ စနစ်ကျဖို့ သူ ကျနော့ကို ပြပေးတယ်။
သေနတ်ပစ်ရင် ပခုံးကို ဖိကပ်ထား အသက်ရှူအောင့်ထားရမယ်လို့ သူ ကျနော့ကို ပြောတယ်။ ၁၉၉၀ ဘုရားသုံးဆူ မကျ ခင် ကျနော်တို့ ABSDF ၁၀၁ တပ်ရင်း ကွဲတယ်။ ကျနော်တို့ ၁၀၁ ကနေ ခွဲထွက်တယ်။ ကိုကိုဦးက ၁၀၁ မှာ မနေခဲ့။ ခွဲ ထွက်အုပ်စုနဲ့လည်း မလိုက်ဘဲ ၁၀၂ ကို လိုက်သွားတယ်။ သူ ကျနော့ကို ချစ်တယ်။ ၁၀၂ ကို လိုက်ဖို့ ကျနော့ကို ခေါ် တယ်။ ကျနော့မှာ ရွေးချယ်ခွင့် မရှိဘူး။ ကျနော်တို့ဆေး ၂ က အကိုကြီးတွေဖြစ်တဲ့ ကိုအောင်သူငြိမ်း၊ ကိုဝင်းနိုင်ဦးတို့ နောက်ပဲ ကျနော် လိုက်ရမှာလေ။
ဘုရားသုံးဆူ ကျပြီးတဲ့နောက် ကျနော်တို့ အောက်ကို စစ်ကြောင်းဆင်းတယ်။ ရေးမြို့ကို ဝင်တိုက်ပြီး သိမ်းတယ်။ ကျနော် တို့ စစ်ကြောင်းက ရေးမြို့ထဲ ဝင်တိုက်တဲ့ထဲ မပါဘူး။ ရေးမြို့ကနေ ပြန်အဆုတ် ကျနော်တို့ ABSDF တပ်စိတ်တစ်စိတ် ကျည်ကုန်ပြီး အရှင်မိသွားတယ်။ အရှင်မိသွားတဲ့သူတွေထဲ ကျနော့ဆေးတပ်သား သံဖြူ ဇရပ်ကနေ တောခိုလာတဲ့ ကိုး တန်းကျောင်းသား ခန့်စိုး ပါသွားခဲ့တယ်။ သူတို့ ရေးရုပ်ရှင်ရုံရှေ့ နှစ်တစ်လက်မချောင်းနဲ့ အသေရိုက်သတ်တာ ခံရတယ်လို့ ကြားတယ်။ ကျနော်တို့စစ်ကြောင်း အပေါ်ပြန်တက်တော့ ကျနော် ပြန်မလိုက်ဘူး။ ကျနော်နဲ့အတူ ရုပ်ကြမ်း အောင်နိုင်ဦး၊ တရုတ်ကြီးတင်မောင်တို့ နေခဲ့ပြီး KNU စစ် ကြောင်းနဲ့ လိုက်သွားတယ်။ နောက်တော့ အောင်နိုင်ဦးနဲ့ တင်မောင် ပြန်တက် သွားတော့ KNU စစ်ကြောင်းမှာ ကျနော်ပဲ ကျန်တယ်။ တစ်နေ့ မှတ်မှတ်ရရ ကျနော် KNU တပ်ရင်း ၁၆ ဒုရင်းမှူး ဗိုလ်မှူး ဂျိုးနဲ့အတူ ကျုံခွန်ရွာ အစိုးရစစ်စခန်းကို ဝင် ပစ်တယ်။ နောက်တော့ ဖားပြရွာကို ပြန်လာတယ်။ ကိုကိုဦးတို့ ယင်းရဲတိုက်ပွဲ မှာ ကျသွားတဲ့အကြောင်း သတင်းရတယ်။ ကျနော် ဖားပြ တောင်ပေါ်ဘုရားမှာ သူငယ်ချင်း ကိုကိုဦးအားရည်စူး၍ ဆိုပြီး ကျနော့မှာရှိတဲ့ ပိုက်ဆံအားလုံး လှူခဲ့တယ်…
ကိုမြင့်ဝေသည် ကိုမင်းလွင်၏စာကို ဖတ်ပြီးနောက်
´ဟုတ်တယ်.. ကိုမင်းလွင်လေးတို့ ဗသိန်းနိုင်တို့ အေးခန့်တို့ကျော်သက် တို့က သိပ်တွဲကြတဲ့ လူတွေပေါ့ဗျာ။ သူတို့ လူ ငယ်တွေ အချင်းချင်း ကတော့ ရင်းနှီးမှုရှိကြတယ်`
´ကိုမင်းလွင်စကားအရဆိုရင် ကိုကိုဦးက သူတဘက်သားအပေါ်မှာလည်း အတော်ကြင်နာတတ်တဲ့ စိတ်ရှိပုံဘဲ နော်။ သား ပျောက်ရှာနေတဲ့ အဖွားအိုကို အမှန်အတိုင်း ပြောလိုက်ရင် အဖွားအိုခမျာ ထောင်ဗူးဝတွင် ပုံလဲသွားမယ် ထင်တာဘဲ။ ဒါနဲ့ ဒီစာထဲမှာပါတဲ့အတိုင်းဆိုရင် အေဘီမှာလည်း ပြဿနာတွေရှိခဲ့ပုံဘဲနော်´
´ပြဿနာမရှိတဲ့ အဖွဲ့အစည်းရယ်လို့ ဘယ်မှာရှိပါ့မလဲ ကိုဌေးဝင်းရယ်။ ဒီစကားတွေကို ကျနော်က သိပ်မပြောချင်ပါဘူး. ဒါပေမဲ့ သူတို့ ကိုယ်တိုင် ပြောကြတာ ပိုကောင်းပါတယ်´
ဟုဆိုကာ ကိုမြင့်ဝေသည် သူ့အိပ်ကပ်ထဲမှ စီကရက်တလိပ်ကို ထုတ်ကာ မီးညှိပြီး ဖွာရှိုက်နေလေ၏။ ထို့နောက် လွန်ခဲ့ သော အနှစ် သုံးဆယ်နီးပါးက သူကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့သော တော်လှန်ရေးကာလများဆီသို့ စိတ်ကလွင့်မျောသွားဟန် တူကာ ချောင်းတဘက်ကမ်းသို့ မျက်လုံးများက စူးစိုက်ကြည့်နေလေ၏။ ခဏအကြာ ဆိတ်ငြိမ်နေပြီးနောက်
´မပြောချင်ပေမဲ့ ခင်ဗျားက ဒီသမိုင်းတွေကို တူးဆွရေးသားနေသူဆိုတော့ နည်းနည်းတော့ ပြောပြမယ်လေ။ နောင်ခါ သူတို့ရင်ဖွင့်လာကြတဲ့အခါ ခင်ဗျားအများကြီး သိလာရမှာပါ´
ကိုမြင့်ဝေကား ရှစ်လေးလုံးအရေးတော်ပုံကာလက (၅၀၁) လေတပ်စခန်းမှ မဆလ တပါတီအာဏာရှင် အစိုးရကို ဆန္ဒ ပြခဲ့သူ စစ်သားဟောင်းဖြစ်သလို စစ်တပ်ကာ အာဏာသိမ်းပြီးနောက် နယ်စပ်သို့ တိမ်းရှောင်လာခဲ့ပြီး ABSDF တွင် စစ် သင်တန်းနည်းပြခဲ့သော ဆရာလည်းဖြစ်သည်။
´သုံးဆူနယ်မြေမှာ တပ်ရင်း ၁၀၁ ရှိပြီးနောက် တပ်ရင်း ၁၀၂ ပါ ပေါ်လာပါတယ်။ တချို့ကလည်း တပ်ရင်း ၁၀၂ ကို ၀င် တယ်ပေါ့ဗျာ။ ကျနော်က ကိုယ်ကိုယ်၌ကလည်း တပ်ရင်း ၁၀၁ မှာနေခဲ့တယ်။ ကိုကိုဦးက နောက် တပ်ရင်း ၁၀၂ ကို ပြောင်းတယ်။ သူမှ မဟုတ်ပါဘူး။ တခြားလူတွေလည်း ပြောင်းကြတယ်။ အဲဒီတော့ သူတို့ ရှေ့တန်းကို ထွက်သွားပြီး တော့ သူတို့ရှေ့ တန်းမှာတိုက်ပွဲ ဖြစ်ကြချိန်မှာတော့ သူက တပ်ရင်း ၁၀၂ က သွားတဲ့လူ ဖြစ်သွားတာပေါ့။ ဒါကြောင့် မို့လို့ တပ်ရင်း ၁၀၁ နဲ့ ၁၀၂ က တပ်တွေ ဟိုဘက်ဒီဘက် ပြောင်းရွှေ့မှု ကိစ္စမှာ ဘယ်လိုပြောရမလဲ ဗဟိုကနေ ဘယ်သူ ဘယ် သွားဆိုပြီး တာဝန်ပေးချက်နဲ့ မဟုတ်ဘဲ သွားတာမျိုးတွေ ဖြစ်နေတယ်။ ဆိုလိုတာကတော့ဗျာ။ ဘယ်သူက ဘယ်တပ်ရင်း ကို သွား၊ ဘယ်မှာ ဘာတာဝန် ထမ်းဆောင်ပေါ့ဗျာ။ တပ်ရင်း၁၀၂ ပေါ် ပေါက် လာတဲ့အခါမှာ တပ်ရင်း ၁၀၁ က စစ်ပညာ နည်းပြ လေးယောက် ကိုထွန်းကြည်။ ၀င်းနိုင်။ လှမိုးနဲ့  ရေးမြို့ တိုက်ပွဲမှာကျသွားတဲ့ ရွှေဘတို့  အဲဒီနည်းပြလေးဦးကို ကို အေးမင်းလာတောင်းဆိုတော့ တပ်ရင်း ၁၀၂ ကို လွှဲပေးတယ်။ အဲဒီခေတ်က ကျနော်တို့ခေါ်တာက ကျောင်းမပြီး သေးပေ မဲ့ ဆရာဝန်လေးအေးမင်းပေါ့။ ကိုဝင်းမင်းဆိုရင်လည်း တောင်ပိုင်းမှာ ဆေးမှူးလိုတဲ့အတွက် တပ်ရင်း ၁၀၁ နဲ့ ၁၀၂ က ဆေးအဖွဲ့ တွေ ညှိနှိုင်းပြီး ကိုဝင်းမင်းကို မင်းသမီးစခန်းဆေးမှူးအဖြစ် ပို့ ပေးခဲ့ကြတယ်။ တပ်စခန်း ၂ ခု က ဆေးအ ဖွဲ့ ဝင် တွေက လိုအပ်ချက်တွေကို အပြန်အလှန်ကူညီဆောင်ရွက်နေကြတာဖြစ်တယ်ဗျာ။ ဆေးအဖွဲ့ တွေက ဆုံးဖြတ်ပေးတာကို စခန်းကော်မီက လက်ခံပေးတယ်လို့ သိရပါတယ်။ ကျနော်က အဲသလို ဖြစ်စေချင်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ခုချိန်ထိ ကျောင်းသားတွေရော ဘန်ကောက်မှာရှိတဲ့ ကျောင်းသားရော ကျနော်တို့က စနစ်တကျ ဖြစ်မှုက တော်တော် လေး စကားပြောနေပြီ။ ဒါပေမဲ့ အဲလို လွတ်လပ်တဲ့ အခြေအနေနဲ့  ဆုံးဖြတ်ပြီးတော့ ဒီမှာ ဦးဆောင်မှု ကို မကြိုက်ဘူး။ ဒီစခန်းက တိုက်ပွဲမရှိဘူး၊ ဟိုဟာ မရှိဘူး စသည်ဖြင့် အကြောင်းပြချက်မျိုးစုံနဲ့တပ်ပြောင်းရွှေ့တာတော့ ကျနော့တို့ လို စနစ်တကျနဲ့ တပ်တတပ်ဖြစ်အောင် ပုံဖော်ချင်တဲ့သူ အတွက်တော့ စိတ်ထဲကသိကအောက်တော့ ဖြစ်တာပေါ့ဗျာ´
ဟု သူက တလုံးချင်း ဖြေးဆေးစွာ ပြောလေသည်။ ကျနော်သည် သူပြောပြသော သမိုင်းဖြစ်ရပ်စကားကို နားထောင်ပြီး နောက်
´ဟုတ်.. ကိုမြင့်ဝေ .. ခင်ဗျားပြောတဲ့အထဲပါတဲ့ ကိုကျော်သက်ဆီကလည်း ကိုကိုဦးနဲ့ ပတ်သက်တဲ့ဟာကို ရေးပေးထား သေးတယ်ဗျ.. ဟောဒီမှာ ကြည့်´
ဟုဆိုကာ ကျနော်က သူ့ကို အောက်ပါ ကိုကျော်သက်၏စာကို ပေးဖတ်ခဲ့သည်။
.ကျနော်နဲ့ကိုကိုဦးနဲ့ စတွေ့တာ ဘုရားသုံးဆူမှာပါ။ အဲဒီမှာ နယ်ပေါင်းစုံက ကျောင်းသားတွေ လူတန်းစားပေါင်းစုံ ရောက် နေကြတယ်။ ကိုကိုဦးက ရေးမြို့ သားပေါ့။ သူလည်း ကျောင်းသားခေါင်းဆောင် တယောက်။ ကျနော်က 141 အဖွဲ့နဲ့ လာတာ။ နောက်တော့ ကျနော်နဲ့ ဒီကောင်နဲ့ ခင်သွားတယ်။ ABSDF ပေါ်လာတော့ ကျနော် ABSDF ထဲဝင်လိုက်တယ်။ ကျနော်က ညောင်းတုန်းသား။ နောက်ညောင်တုန်းသား တယောက်က ထိုင်းရဲတွေက သတ်လိုက်လို့ ကျသွားတဲ့ ကျနော့ သူငယ်ချင်း ဗသိန်းနိုင်။ နောက်တော့ ကိုကိုဦးရယ် ဗသိန်းနိုင်ရယ် ကျနော်တို့ဟာ ဘား ၂ မှာ အတူ နေကြတယ်။ သူနဲ့ ကျနော် ဘေးချင်းကပ်လျှက်နေတော့ ဒီကောင့်အကြောင်း ကျနော် အများကြီး သိရတာပေါ့။
သူက တကယ်လည်း စိတ်ကောင်း ရှိပါတယ်။ လူကလည်း အတော် ဦးဏှောက်ကောင်းတဲ့ ကောင်။ သူက ရေးသား ဆို တော့ သူ့အိမ်နဲ့ အဆက်အသွယ် ရှိပုံရတယ်။ ဘုရားသုံးဆူက စီးပွားရေးလမ်းပေါက်တာကိုး။ ကျနော်နဲ့ ဒီကောင်နဲ့က ခြောက်လလောက် ဘေးချင်းယှဉ်ပြီး အိပ်ရခဲ့ရတာ။ သူလည်း စစ်သင်တန်းတက် ကျနော်လည်း စစ်သင်တန်းတက်ပေါ့။ သူကလည်း တကယ်လည်း ထက်မြက်တဲ့ သူဖြစ်သလို သိပ်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတယေက်လည်း ဖြစ်တယ်။ သူက လူကလည်း လူဖြောင့်ဗျ။ သူ့မှာ ချစ်သူလည်း ရှိတယ်။ ကျနော်တော့ သိတာပေါ့နော်။ ဒါကတော့ ထားပါတော့ဗျာ။ အဲဒီတော့ သူ နဲ့ ကျနော်နဲ့ ဘယ်မှာကွဲသွားလည်း ဆိုတော့ ကျနော် ရှေ့တန်းထွက်သွားပြီးတော့ ကျနော်ပြန်လာလည်း ခဏဘဲ တွေ့တယ်။ မာနယ်ပလော ၀မ်ခပေါ့ နော်။ အဲဒီတောက်လျှောက် ကျနော်က တပ်စုမှူးအနေနဲ့ စစ်တိုက်ရတဲ့အခါ ကျတော့ ပြန်လာတဲ့အခါ တလခွဲလောက်ဘဲ (၁၀၁) မှာ နေရတယ်။ ပြီးတော့ ရင်ဆိုင်တိုက်ပွဲ တပ်မဟာ (၆) မှာ ပြန်ဆင်း ရတယ်။ သူနဲ့ ကျနော် ကွဲ သွားတော့တယ်။
ဘန်ကောက်ကို ကျနော်အရင်ရောက်တယ်။ သူက ကျနော့်နောက်က ရောက်လာတယ်။ ပစ္စည်းတွေဘာတွေ အတူတူ ၀ယ်ကြတယ်။ ဘန်ကောက်မှာ တလလောက်နေပြီး အတူ တူ ပြန်ဆင်းမယ်ပေါ့။ ဒါပေမဲ့ တကယ်ပြန်မဲ့နေ့ကျတော့ ကျ နော့ကို ထားခဲ့ပြီးတော့ ဒီကောင် ပြန်သွားတယ်ဗျ တောထဲကို။ ဒီတော့ ကျနော်ကလည်း ငှက်ဖျားကလည်း မကုရသေး တော့ သူကိုတော့ ၀ယ်စရာခြမ်းစရာရှိတာ အစောကြီးကတည်းက ၀ယ်ဝက်ပေးပြီးတော့ အတူပြန်မယ် စဉ်းစားထားတာ။ ဒါပေမဲ့ ဒီကောင်က ကျနော့ကို ထားသွားတာပေါ့ နော်။ အကြောင်းကတော့ ကျနော်က ငှက်ဖျားဖြစ်နေတာရယ်။ တောထဲ ကို ပြန်တဲ့အခါ အခက်အခဲကြုံမှာ စိုးလို့ရယ်ကြောင့် ထင်ပါတယ်။ အဲဒီတော့ နောက် နှစ်လလောက်လည်း ကြာရော ကို အေးခန့်ဆိုတာ ကျနော်ရယ် ကိုအေးခန့်ရယ် ဘား ၂ မှာ အတူ အိပ်ကြတာကိုး။ အတူနေကြတဲ့ ကောင်တွေဆိုတော့ ကို အေးခန့်က မျက်ရည်တွေကျပြီး ကျနော့ကို လာပြော တယ်။ ကိုကိုဦး ကျသွားပြီ ပေါ့နော်။ ယင်းရဲ တိုက်ပွဲမှာပေါ့။ ကျနော့သူငယ်ချင်းက တကယ် သတ္ထိကောင်းကောင်းနဲ့ အများအတွက် စွန့်လွှတ် သွား တဲ့ သူရဲကောင်း တယောက် ဆိုတာ ကျနော်တို့ ဂုဏ်ပြုတဲ့ အနေနဲ့ ထာဝစဉ် ဂုဏ်ပြု ဦးညွတ်နေပါတယ် ဆိုတာ ပြောချင်တယ်ဗျာ..
ကိုမြင့်ဝေသည် ကိုကျော်သက်၏စာကို ဖတ်ပြီးနောက် စကားမပြောဘဲ သူနှစ်ခြိုက်လှသော စီးကရက်က အားရပါးရ ရှိုက် ဖွာနေပြန်သည်။ ထုံးစံအားဖြင့်ကား သူသည် အလွန်စကားပြောနိုင်သူ ဖြစ်၏။ တခါတရံတွင် ကိုယ်ကစကားဖြတ်ချင်သည့် တိုင် စကားမျှင်မပြတ်အောင်ပြောတတ်သူ ကိုမြင့်ဝေကား ဒီကနေ့အဖို့ နှုတ်နည်းလှချေ၏။ တော်လှန်ရေးထဲက အဖြစ်အ ပျက်များသည် သူ့ရင်ဘတ်ကိုလည်း ထိခိုက်စေမည်မှာမလွဲ။ အထူးသဖြင့် ကိုကိုဦးတို့လို ထူးချွန်ထက်မြက်ပြီး လူချစ်လူ ခင် များလှသော ရဲဘော်တယောက်၏ အတိတ်ကြောင်းကို ပြန်ပြောမိချိန် သူ့ရင်၌လည်း ကြေကွဲနေမည်သာ။ ထို့ကြောင့် ကျနော်သည် နောက်ထပ်ကျန်သေးသော စာများပေးဖတ်လျှင် ကောင်းမည်ဟု တွေးမိပြီး
´နောက်တယောက်ကလည်း သူနဲ့ အတော် ရင်းပုံရတယ်ဗျ ကိုမြင့်ဝေ။ သူ့နာမည်က ကိုမျိုးအေးတဲ့. သူလည်း သူ့သူ ငယ်ချင်းအတွက် ရေးထားတာ ဖတ်ရတာ အတော် စိတ်ထိခိုက်ပုံရတယ်။ ဖတ်ကြည့်ပါဦး´
ဟုဆိုကာ ကိုမျိုးအေး၏ စာကို ပေးဖတ်လိုက်ပြန်သည်။
(ဒုတိယပိုင်း ကို ဆက်လက် တင်ပေးသွားပါမည်)




No automatic alt text available.

Friday, June 23, 2017

ဒါလား အကြမ်းဘက်သမား ... ။

လွန်ခဲ့တဲ့ နှစ် ၂၈ နှစ်က မြန်မာပြည်အရေးကို ကမ္ဘာက လုံးဝအာရုံစိုက်ခြင်း မရှိသေးတဲ့အချိန် ... ၊
မြန်မာပြည်ထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေနဲ့  ပြည့်နှက်နေတဲ့အချိန် .... ၊
ဆက်သွယ်ရေးအတွက် လိုင်းကြိုးဖုန်းနဲ့ တောင် ဆက်သွယ်လို့  မရကြတဲ့ မရဲကြတဲ့အချိန် .... ၊
ကမ္ဘာကြီးတစ်ခုလုံးက အလန့် တကြား ထကြည့်မိလိုက်စေအောင် ...
နာကျင် ငိုရှိုက် အသက်ပေးဆပ် သွေးမြေကျ၊ ပိတ်လှောင် ညှဉ်းပမ်း ညီးတွားအော်ဟစ်သံတွေ ကြားသိစေအောင် ...
ဖြစ်ချင်ဆန္ဒ တောင်းဆိုကြ ပိတ်လှောင်ခံနေရတဲ့ မြန်မာပြည်ကြီး ဆင်းရဲဒုက္ခဘ၀ ကျိုးကြေပျက်နေတာတွေ မြင်တွေ့ မိစေအောင် ....
ဆပ်ပြာဗူးတစ်ဗူးနဲ့  အယောင်ပြပြီး စွန့် စားခဲ့ရတဲ့၊ အန္တရာယ်ဆိုလို့  မြုမှုံတစ်မျှတောင် မကျရောက်စေခဲ့တဲ့၊ စာနာထောက်ထား ချီးမွမ်းစကား ပူးပေါင်းပါဝင်မှုတွေနဲ့ ၊ တိုင်းပြည်အရေး ပြည်သူ့ အရေး မိမိကိုယ်ကို ပေးဆပ်ဖို့  ဆောင်ရွက်ခဲ့တဲ့ သူ ....
ကဲ .. ကြည့်ကြဦး ... တောင်းဆိုခဲ့တာတွေ .... ဘယ်သူတွေအတွက်လည်း ဘာအတွက်လည်း ... ။
(၁) ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်။
(၂) နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်။
(၃) စစ်ဘက်ဆိုင်ရာ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းပေးရန်။
(၄) စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး စစ်တန်းလျားပြန်ရန်။
(၅) မြန်မာနိုင်ငံတွင် နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေးကြိုးပမ်းမှုများကို တည်ဆောက်ရာ၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အကောင်အထည်ဖော်မှုများကို ခွင့်ပြုရန်။ နိုင်ငံတော်၏ ဆယ်စုနှစ်များတိုင် ရှည်ကြာခဲ့သည့် တိုင်းရင်းသား ပြည်တွင်းစစ်များကို ဟန့်တားရပ်စဲရန်နှင့် တစ်နိုင်ငံလုံးအတွက် ရေရှည်ခံသော ငြိမ်းချမ်းရေးရရှိစေရန်၊
(၆) SLORC နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ အုပ်စုများအကြား နိုင်ငံရေးအရ ကျေအေးမှုကို ကမ္ဘာ့ကုလသမဂ္ဂမှ စောင့်ကြည့် ကြီးကြပ်ခွင့်ပြုရန်။
(၇) လူထုအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့် ပြုရေး အာမခံ ကတိပြုရန် - တဲ့။
ဒါလား အကြမ်းဘက်သမား ... ။
ဒီအချိန်မှာ ... သူ့ ဘ၀အတွက် စတေးနေရပြီ ... ။
၁၉၈၉ အောက်တိုဘာ ၆ရက်နေ့ က လေယာဉ်ပြန်ပေးဆွဲလို့ တဲ့ ... ။
သူ အကြမ်းဖက်လား မဖက်လား .. မေးကြည့်ပါရစေ ... ။
အခိုင်အမာ ပြောရဲတယ် .. ယနေ့  ကမ္ဘာကြီးက သတ်မှတ်ထားတဲ့ အကြမ်းဖက်သမား သူ မဟုတ်။
သူ ... ကျွန်တော်တို့ အတွက် သူရဲကောင်း .. ကျွန်တော်တို့  အားလုံးအတွက် သူရဲကောင်း ... ။
ရဲရင့် .. ရဲရဲရင့်ရင့်နဲ့  မြန်မာပြည်သူပြည်သားတွေအတွက် ဘ၀ကို ရင်းပြီး ဆောင်ရွက်ပေးတဲ့ ကျွန်တော်တို့  ရဲ့  သူရဲကောင်း ... ။
ကဲ ... သင်ရော သူ့ အတွက် ဘာပြောချင်ပါသလည်း ... ။
ဒီအချိန်မှာ ... သူ့ ဘ၀အတွက် စတေးနေရပြီ ... ။
ခရစ်ဒစ်
ကိုMYO AYE

လမ်းဆိုးတွေကို ရှင်းလင်းတဲ့ သန်းစိုး ( ခ) သူရဲကောင်း ရဲရင့် အတွက် ကဗျာ


သူရဲကောင်းတွေ မွေးဖွားတဲ့ မြေမှာ
အမှန်တရားက ပြန်ပေးစွဲခံနေရတဲ့အခါ
စောင်းနေတဲ့ ကမ္ဘာကြီးကို အတည့်မြင်ရဖို့ 
ကိုယ် ကိုယ်တိုင် စောင်းပေးလိုက်ရတဲ့အခါလည်း ရှိတယ် ဆိုပေမဲ့
သွေးကြောထဲ အိပ်မက်တွေ ဟောင်းမသွားဘူး
စိတ်ဓာတ်တွေမပြောင်းလဲ ရဲရဲရင့်ရင့် သူငယ်ချင်း ။

စစ်မုန်တိုင်းထန်ခဲ့ သက္ကရာဇ်မြစ်ထဲ
ဖြတ်ကူးသွားတဲ့ ပျိုမြစ်ခြင်း မိနစ်များ
ခေတ်ရေစီးကြောင်းမှာ ရေတိမ်နစ်ရင်း
ယက်ကန်ယက်ကန် ရှင်သန်ခဲ့ မနက်ဖြန်ရက်စွဲတွေ
အသည်းအသန် မျှော်လင့်ချက်တွေ ရင်ထဲ ဗလောင်ဆူ ခဲ့ ၊
အာဇာနည် သူရဲကောင်းတွေအတွက် မြေတနေရာမှ မရှိတဲ့ ကမ္ဘာ
သိပ်ရင်နာတယ် သူငယ်ချင်း..။

အကြောင်းအကျိုးတွေကို သေချာပြန်ဆက်ရင်
ကြိုးတန်းလမ်းလျှောက်တာထက် စွန့် လွှတ်စွန့် စား
ရယူဖို့ ထက် မြင့်မြင့်မြတ်မြတ် ဘ၀တွေ အသက်တွေ ပေးဆပ်ခဲ့ကြ
စိတ်ဒဏ်ရာတွေသာ ထိုက်ထိုက်တန်တန်ရခဲ့ကြ
အတိတ်မြေကို အငိုတိတ်ချင်လို့ 
ငယ်ရွယ်နုပျိုခြင်းတွေ တောထဲ ထောင်ထဲ စတေးခဲ့တဲ့ သူငယ်ချင်း..။
အသံမကြားရတော့တဲ့ အမှန်တရားအတွက်
မမြင်ချင်ယောင်ဆောင်နေတဲ့ ကမ္ဘာကြီးကို
အတွေးအခေါ်ကောင်းကောင်းနဲ့ ခေတ်ကို ထမ်းပိုးရင်း
ဖောက်ပြန်သူတွေကို တော်လှန်တဲ့အခါ
မတရားမှုကို ဆန့် ကျင်တဲ့အခါ
လေယာဉ် ပြန်ပေးပဲ ဆွဲဆွဲ
အစာငတ်ခံ ဆန္ဒပဲ ပြပြ
ဆွမ်းခံ မကြွပဲနေနေ
ဘာပဲလုပ်လုပ် တရားတယ်
အမှောင်ကိုခွင်း အလင်းဆောင်တဲ့ လမင်းလို သူငယ်ချင်း..။

အဟုတ်ကွ ဆိုပြီး ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းဖို အရေ့း
ပုပ်ပွနေတဲ့ အတ္တကြီးသူတွေက ယင်ကောင်လို လွှမ်း
ဒုက္ခတွေသာ လောဘကြီးသူတွေက အမွေပေးတဲ့ သွေးလမ်း
သံတိုင်တွေကြားက လွတ်မြောက်ရာ လမ်းအတွက်
ကိုယ့်စခန်း ကိုယ်ရောက်ဖို့ ကိုယ့်လမ်းကို ဖောက်ခဲ့ကြရ
စိတ်ပြေလက်ပျောက် မိုင်းကွင်းထဲ ဘယ်သူဖြတ်လျှောက် ချင်မလဲ..။
အာဏာရှင်တွေ့ ဖုံးဖိထားတဲ့ ကိစ္စ ဗူးပေါ်သလို ပေါ်ဖို
့ဆပ်ပြာဗုံးအတုနဲ့  ငြိမ်းချမ်းစွာ လေယာဉ်ပြန်ပေးစွဲပြီး
အိပ်မောကျနေတဲ့ ကမ္ဘာကို လှုပ်နှိုးခဲ့တဲ့ သူငယ်ချင်း..။
နှစ် ( ၇၀ ) ပြည်တွင်းစစ်ကို ချစ်သူတွေအကြောင်း
ဦးနှောက် ကောင်းမကောင်း သိပ်မသေချာပေမဲ့
ခေတ်မကောင်းတုန်းက
တခါသုံး အပြုံးနဲ့ 
တရွာလုံးမဲတွေ သိမ်းကျုံးယူသွားသူတွေ
နေပြည်တော်မှာ မင်းကို မေ့နေကြပြီလား သူငယ်ချင်း..။
အောင်ခိုင်မြင့်
၂၃ ဇွန်လ ၂၀၁၇
နနက် ၄နာရီ ၄၀ မိနစ်ံ
( ၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင် ရှေ့ နေကြီး ဦးကိုနီ ပူပူနွေးနွေး လုပ်င်္ကြသတ်ဖြတ်ခံရမှုတောင် အဖြေရှာမရသေးတဲ့ အပြင် စစ်ရိပ်စစ်ငွေ့ တွေ မကုန်သေးတဲ့ မြန်မာပြည်ကို ကနေဒါမှာ နိုင်ငံရေးခိုလှုံခွင့်မရပဲ ပြန်လည်ပို့ ခံရမဲ့ မြန်မာ့ဒီမိုကရေစီရေးအား ကမ္ဘာသိအောင် ငြိမ်းချမ်းစွာ လေယာဉ်ပြန်ပေးစွဲပြခဲ့တဲ့ ရဲရင့် ( ခ) ကိုသန်းစိုးအတွက် အထူးစိုးရိမ်မိပါတယ်..။)


Image may contain: 1 person, standing
Image may contain: 4 people, people smiling, people standing

Monday, June 19, 2017

ပညာသင်ဆု လျှောက်ထားနိုင်



ပညာသင်ဆု လျှောက်ထားနိုင်
~~~~~~~~~~~~~~~~
ကနေဒါနိုင်ငံ ၊မဟာဓမ္မိကကျောင်းဆရာတော်များ (တိုရန်တို) ဗုဒ္ဓရံသီကျောင်းဆရာတော် (ဗန်ကူးဘား) တို့ နှင့် နိုင်ငံတကာမှ တပည့် ဒကာ/ဒကာများစုပေါင်းဖွဲ့စည်းထားသော ကနေဒါစင်တာဖောင်ဒေးရှင်း"သည် နှစ်စဉ်ပညာသင်ဆုများထောက်ပံ့ပေးအပ်လျှက်ရှိရာ ယခုနှစ်တွင်လည်း (၂၀၁၇)ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများ ပညာထူးချွန်ပြီး ဘဝအခြေအနေ မပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်၍
ကျောင်းတက်နေစဉ်ကာလလစဉ်ပညာသင်ထောက်ပံ့ဆုများကို ကျောင်းပြီးသည်အထိ ပေးအပ်သွားမည် ဖြစ်ပါသဖြင့် ဖော်ပြပါအချက်အလက်များဖြင့် ကနေဒါစင်တာ ဖောင်ဒေးရှင်းသို့ လျှောက်ထားနိုင်ပါသည်

လိုအပ်သည့် စာရွက်စာတမ်းများ
၁။ ကိုယ်ရေးအကျဉ်း
မိသားစုဓာတ်ပုံ အိမ်ရှေ့တွင်ရိုက်ရမည်၊ ကျောင်းသား ကိုယ်ပိုင်းတစ်ပုံ
၂။ ကျောင်းသားကိုယ်တိုင်၏ ပညာသင်ဆုလျှောက်ထားလွှာ (လက်ရေးမူဖြင့်ရေးရန်)
၃။ မိဘ (သို့မဟုတ်) သက်ဆိုင်ရာ အုပ်ထိန်းသူ၏ ထောက်ခံချက်
၎။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းမိတ္တူ
၅။ နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ
၆။ အိမ်ထောင်စု သန်းခေါင်စာရင်း မိတ္တူ
၇။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှုး ထောက်ခံချက်
- လျှေက်ထားသူသည် အထက်ပါ အချက်အလတ်များ ပြည့်စုံစေလျှက်
(၂၅-၁၀-၂၀၁၇)ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားရမည်။
- သတ်မှတ်ရက်ထက် နောက်ကျမှ ရောက်လာသည့် လျှောက်လွှာများနှင့် အခြားအဖွဲ့အစည်း တစ်ခုခုမှ ပညာသင်ဆု လက်ခံထားပြီးသူများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

- အရွေးချယ်ခံ ကျောင်းသား၊ ကျောင်းသူ၏ မေဂျာ(major)ဘာသာအပေါ် မူတည်၍ ထောက်ပံ့ဆုငွေ အနည်းအများကို စဉ်းစားပေးသွားမည်ဖြစ်သည်။

အရွေးခံ ကျောင်းသားများသည် နှစ်စဉ် ကနေဒါစင်တာဖောင်ဒေးရှင်း ဆုပေးပွဲသို့ ကိုယ်တိုင် ကိုယ်ကျ တတ်ရောက် လာယူရမည်ဖြစ်သည်
အရွေးခံကျောင်းသားများအားအွန်လှိုင်းမှ ပြန်လည်အကြောင်း၍ ဖြစ်စေ အဖွဲ့ဝင်းများက လာရောက်တွေ့ဆုံ၍ဖြစ်စေ အရွေးခံကြောင်း ပြောကြားပေးပါမည်။

အရွေးမခံရသော ကျောင်းသာများ ပြန်လည်အကြောင်းမကြားပါ
The Canada Centre Foundation is an officially registered non-profit charity organization in Myanmar. The purpose of the foundation is to promote the health, education and living standards of the people in Myanmar, especially on the needs of Myanmar’s rural areas.
We receive funds from Members in Myanmar as well as from friends of Myanmar in abroad; we are able to accept charitable donations, public and private subsidies and legacies according to the law.
We invite you to join Canada Centre Foundation as a member both local and international expertise that can be targeted to meet the real needs of people in Myanmar

လျှောက်လွှာပေးပို့ရမည့် လိပ်စာ
သနပ်ပင်ရွာ၊ ကျောက်ပန်းတောင်း မန္တလေး
ဦးသိန်းဝင်း ( သနပ်ပင်) ဖုန်း ၀၉ ၃၃၀ ၂၈၈ ၉၈
မဝင်းဝင်းချို ( ရန်ကုန်)
09 798 469724/ 09 5030 245
ဒေါ်ဝင်းဝင်းချို တိုက် ၈ အခန်း ၅ ဦးဝိစာရအိမ်ယာ
ဒဂုံမြို့နယ် ရန်ကုန် မင်းမနိုင်အိမ်ယာ

Email/ facebook လျှောက်ထားလိုသူများအတွက်
သို့ ပေးပို့နိုင်ပါသည်။

--
in metta
Burmese Buddhist Society, BC
6700 NO 4 Road, Richmond, BC
V6Y2S9
604-207-0068
We build strong kids strong families and strong community

Visit at
http://bbsbc.blogspot.ca/
Like us
 https://www.facebook.com/BBSBC

The information contained in this email message is privileged and confidential and is intended for the use of the individual or entity to whom it is addressed. If you are not the intended recipient, you are hereby notified that any dissemination, distribution or copying of this communication is strictly prohibited. If you have received this communication in error, please notify the sender immediately by telephone or email and delete the message.

Sunday, June 18, 2017

ပန်းတိုင်အရောက် ချီတက်လိမ့်မယ်

မိခင်ဖခင်တို့ က
သွေးစက်ချ ညွှန်တဲ့လမ်းကို
အောင်ဆန်းစုကြည် သမီးငယ်က
ကြီးကျယ်တဲ့စိတ်ဓါတ်နဲ့ 
ဖြောင့်မတ်စွာ လိုက်လိမ့်မယ် ။
မိဘနှစ်ပါးက ကမ်းခဲ့တဲ့
အောင်သပြေပန်းကို လှမ်းကိုင်ပြီး
ပန်းတိုင်အရောက် ချီတက်လိမ့်မယ် ။ ။

Sunday, June 4, 2017

မိုးနတ်ဒေဝီသို့ တောင်းပန်ချက်

မိုးနတ်ဒေဝီသို့ တောင်းပန်ချက်
_____________________..တက္ကသိုလ်ဘုန်းနိုင်
မြေပြင်နဲ့ ဝေဟင်
လေအယဉ် လှိုင်းငွေဦးမှာလ
ဂီတလှေ ကိုယ်ကမှူးမှာပေါ့ ..လို့
ကူးစိတ်နု နွဲ့ ယဉ်ယဉ် ။

လကွေးငဲ့ ကျွန်းငွေသောင်
တိမ်ကျောက်ဆောင် ခွေပတ်ဝိုင်းလေတဲ့
မိုးနတ်မေ စံရာတိုင်းဆီသို့
မဆိုင်းဘဲ လာခဲ့လျှင် ။
အနိမ့်မြေ တလူသားရယ်က
စွန့်စားမာန် လွန်ရန်ကောပါဘိ
လွမ်းအာရုံ ဒီသဘောကိုလ
တေးတံတျာ ချစ်ဖွယ်နှောသော်လည်း
မောစေတဲ့လား မစိမ်းပင်ရယ် ...
ငိုချင်လေရဲ့ မရှိုက်အား ။
လောကဓံ ထန်မုန်တိုင်းနဲ့
သောကမြူ မှုန်မှုန်မှိုင်းလေတဲ့
ဘဝကို ဒီပုံနှိုင်းချင်ရဲ့
ကသိုဏ်းဥာဏ် တဖန်ရှုလေတော့
အရိုင်းကံ သူမပြုလေဘု
တပိုင်းဝန် ကိုယ်အမှုပေမို့
(မိုးနတ်ဒေဝီရေ) ...
ပြု ပြုသမျှ အနုသယကစခဲ့ရတဲ့
သမုဒယဆိုတဲ့ .. မောင့် အမှား ။ ။
.
တက္ကသိုလ်ဘုန်းနိုင်(၁၉၃၀-၂၀၀၂)
#ကမ္ဘာကုန် ကျယ်သရွေ့ဝယ်