Monday, July 31, 2017

လောဘကြီး၍ ကပ်စေးနည်းသော သူဌေး

#ဘယ်အရာမှ မတည်မြဲခြင်းသာ အမှန်တရားဖြစ်သည်. . . .။
တောင်ကိုးရီးယား၏ သန်းကြွယ်သူဌေးမိသားစုသည် ဆွေစဉ်မျိုးဆက် ကုန်းကောက်စရာမရှိအောင် ဆင်းရဲသော ဘဝ သို့ ရောက်ရှိသွားတော့သည်။
******************
၁၉၈၇ခုနှစ်
ဝူးဆန်း (Woosung) ဆောက်လုပ်ရေးအဖွဲ့သည် ၄ ထပ်တိုက်တခုကို တာဝန်ယူ ဆောက်လုပ်နေခဲ့သည်။ အဆောက်အဦး ၃ ပုံ ၁ ပုံ ပြီးသလောက်ဖြစ်နေစဉ် ရီဂျွန်းဆိုသော ပုဂ္ဂိုလ်ရောက်လာပြီး အဆောက်အဦး အင်ဂျင်နီယာချုပ်ကို ဒီလိုပြောလိုက်သည်။
"၄ ထပ်တိုက်ကနေ ကုန်တိုက်ကြီး ပြောင်းဆောက်မယ်ဗျာ.."
အင်ဂျင်နီယာက ရှင်းပြသည်။
"မဖြစ်နိုင်ပါဘူးခင်ဗျာ...။ကျွန်တော်တို့အနေနဲ့ လူနေအိမ်နဲ့ ကုန်တိုက်..ဒီနှစ်ခု အောက်ခြေတိုင် အုတ်မြစ်ချရတဲ့ သတ်မှတ် စံချိန် စံညွှန်း ဟာ အလွန်ကွာခြားလှပါတယ်။အစကနေပြန်ဆောက်ရပါမယ်ခင်ဗျာ..."
"ဪ... ဟုတ်လား ဒါဆိုခင်ဗျားတို့ အကုန်လုံး အလုပ်ဖြုတ်တယ်ဗျာ မနက်ဖြန်က စပြီးမလာနဲ့တော့"
သန်းကြွယ်သူဋ္ဌေး ရီဂျွန်းသည် ဆမ်းပွန်းဟူသောအမည်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီကြီးတခုကို ကိုယ်ပိုင်ထူထောင်လိုက်လေသည်။
သူကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ပြီး ကုန်တိုက်ကြီးကို ဆက်ပြီး ဆောက်လိုက်တော့သည်။ သူ့သားကို ကုန်တိုက်ပိုင်ရှင် အဖြစ်ခန့်အပ်သည်။
သူသည် အင်ဂျင်နီယာ ကိုအမိန့်ပေး၍ အဆောက်အဦး၏အသေးစိတ် အဆောက်အဦးပုံစံစာရွက် (blueprints)ကို သူ့စိတ်ကြိုက်ပြောင်းသည်။
" ၅ ထပ်ဆောက်ကွာ.."
အင်ဂျင်နီယာများအား ဘာမှပြောခွင့်မပေး။
လေးထပ်တိုက်ဆောက်ရန် အတွက်သာ အုတ်မြစ်ချထားသော အဆောက် အဦးကို ၅ ထပ်ကုန်တိုက်ကြီးသို့......,
စက်လှေကားများ ထည့်သွင်းမစဉ်းစားထားသော လေးထပ်တိုက်အဆောက်အဦးကို အလွန်လေးသော စက်လှေကားများစွာပါသည့် ကုန်တိုက်ကြီးသို့.....,
"၂ ထပ်ကို စာကြည့်တိုက်အကြီးကြီး လုပ်မယ်.."
အလွန်လေးသော စာအုပ်များအတွက် ခိုင်မာသောကြမ်းခင်းလိုအပ်သည်ကို ရီဂျွန်းဂရုမစိုက်ခဲ့......။
အစိုးရဘက်က စစ်ဆေးရေးဝင်လျှင် လာဘ်ထိုးလိုက်သည်...။ ငွေရှိသော ရီဂျွန်းသည် ပို၍ပို၍ ချမ်းသာချင်ကာ လောဘမသတ်နိုင်ဘဲ ထင်တိုင်းကြဲနေတော့သည်။
ထို့နောက် သူသည် သူ့ကုန်တိုက်ကြီး၏ နံဘေးတွင် သူ၏ ဆောက်လုပ်ရေးအဖွဲ့ ဆမ်းပွန်း အမည်ဖြင့် လူနေတိုက်ခန်းအဆောက်အဦး အမြင့်များ ထပ်ဆောက်လိုက်သည်။
ထိုစဉ်က တောင်ကိုးရီးယားနိုင်ငံ တိုးတက်ချမ်းသာကာစ အချိန်ဖြစ်သည်။ ပြည်သူတို့သည် ဈေးကြီးကြီး တိုက်ခန်းမြင့်မြင့်တွင် ကြွားကြွားဝါဝါ နေလိုကြသည်။ နိုင်ငံခြားမှ တိုက်ရိုက်လာသည့် ဈေးကြီး ပစ္စည်းတို့ဖြင့် ပြည့်နှက်နေသော ကုန်တိုက်ကြီးတွင် ဈေးတက် ဝယ်ချင်ကြသည်။ ဈေးမဝယ်နိုင်ပင် လျှင်တောင် လမ်းသလား၍ ပိုက်ဆံရှိချင်ယောင်ဆောင်ချင်ကြသည်။
ရီဂျွန်းသည် ထိုအချက်ကို ကောင်းစွာနားလည်၍ အသုံးချလိုက်သည်။ ချမ်းသာသောသူများဆီသို့ ခမ်းနားသော အိမ်တိုက်ခန်းများ နှင့် ဇိမ်ခံပစ္စည်းများရောင်းချခြင်းအားဖြင့် သူတို့၏ ငွေခြူချ ရမည်ဖြစ်သည်။
ရီဂျွန်းသည်ဒေါ်လာနှင့်ပြောမည်ဆိုလျှင် ဒေါ်လာသန်းကြွယ်သူဌေး ဖြစ်ပါသည်။ သို့သော် သူသည် ကပ်စီးနည်း၍ လောဘကြီးသော လူယုတ်မာသူဌေးဖြစ်သည်။ ထိုသူဌေးတို့၏ထုံးစံအတိုင်း ငွေတဖို့သာကြည့်ခဲ့သည်။
၎င်းကုန်တိုက်အဆောက်အဦး အန္တရာယ်ရှိသည် မရှိသည်ကို အလေးမထားပါ။ ကုန်တိုက် ၅ ထပ်ကို မြန်နိုင်သမျှမြန်မြန် နဲ့ ပေါပေါ ဆောက်မည်...။
အပေါ်ယံကိုမူ အလွန်ကြည့်ကောင်းသော ခမ်းနားသည့် အဆောင်အယောင်တို့ဖြင့် တန်ဆာဆင်မည်။
သူ့စီးပွားရေးဆိုင်တွေဖွင့်မည်။ ကျန်ဆိုင်များကိုငှားစားမည်။
*********************
ဆမ်းပွန်း ကုန်တိုက်ကြီးကို၁၉၈၉ ခုနှစ်တွင် အပြီးဆောက်လုပ်၍ ၎င်းကို ၁၉၉၀ ဂျူလိုင် ၇ရက်နေ့တွင်ဖွင့်လှစ်ခဲ့သည်။
*********************
ကုန်တိုက်၏ ငါးလွှာအပေါ် အမိုးတွင် ကုန်တိုက်တခုလုံးကို အအေးဓာတ်ပေးသော ကြီးမားလေးလံသော အဲယားကွန်းပန်ကာပုံးကြီး (ကွန်ပရက်စာ)၃ ခု ရှိသည်။
( ၎င်းတို့ကို air conditioner ၏ compressor ဟုလည်းခေါ်ကြသည်။)
ထိုစက်ကြီး ၃ခု သည် စုစုပေါင်း ၃၆ တန်လေးသည်။ ထိုစက်ကြီး ၃ခု လည်ပတ်လိုက်လျှင် ၈၇ တန်အထိ အလေးချိန်မြင့်တက်သည်။
ထိုအလေးချိန်သည် ၅ လွှာခေါင်မိုး က ထမ်းဆောင်နိုင်သည့် အလေးချိန်ထက် ၄ဆ ပို၍လေးနေပါသည်။
ကုန်တိုက် ငါးလွှာရှိ ထိုအဲယားကွန်းပုံးကြီးများသည် အသံကျယ်လောင်စွာမြည်၍ နံဘေးမှ ရီဂျွန်း ဆောက်လုပ်ထားသည့် အဆင့်မြင့်တိုက်ခန်းမှလူတို့သည် စိတ်ဒုက္ခရောက်ကြသောကြောင့် ပြဿနာတက်လေတော့သည်။
ဒီလိုပြဿနာတက်လျှင် သူ့တိုက်ခန်းတွေ အရောင်းထွက်မည်မဟုတ်...။
"အဲယားကွန်းစက်ကြီးတွေကိုအမိုးရဲ့ တဖက်ကိုရွှေ့" ရီဂျွန်းက ပြောလိုက်သည်။
"အလွန်လေးတဲ့အတွက် ကျွန်တော်တို့ ကရိန်းငှားရပါမယ်..ကရိန်းနဲ့မရွှေ့ရင် ကုန်တိုက်ကြီး ဒါဏ်ဖြစ်သွားပါလိမ့်မယ်"ဟုအင်ဂျင်နီယာအဖွဲ့ကပြောသည်။
ကပ်စေးနည်းသော သူဌေးသည်...
"ဘာလို့ ကရိန်းငှားရမှာလဲ မင်းတို့တွေ ခြေတွေလက်တွေရှိနေတာဘဲ.. ဒလိမ့်တုံးတွေနဲ့ခံပြီး လူအင်အားနဲ့ရွှေ့"
နဂိုထဲက မတောင့်တင်းသောခေါင်မိုးသည် အဲယားကွန်းစက်ကြီးများရွှေ့ပြီးသောအခါ အက်ကြောင်းများ စ တင်ပေါ်လာတော့သည်။
ဤအချက်သည် ကုန်တိုက်ကြီး တခုလုံးကို ၂၂ စက္ကန့်အတွင်း ပြိုကြစေကာ အမှိုက်ပုံအဖြစ်ပြောင်းလဲလိုက်သောအဓိက အချက်ဖြစ်လေသည်။
***********************
ကုန်တိုက်ကြီးမပြိုကျခင် လ အနည်းငယ်ကစပြီး ကုန်တိုက်ကြီးရဲ့ ၅လွှာသည် အောက်ကိုနိမ့်ဝင်လာခဲ့တယ် ဆိုတာကို ဥက္ကဋ္ဌကြီး ရီဂျွန်းသိနေခဲ့သည်။ ကုန်တိုက် အုပ်ချုပ်ရေးမှုးက မကြာခဏတင်ပြခဲ့သည်။
ရီဂျွန်းသည် ၅ လွှာခေါင်မိုးပေါ် မကြာခဏတက်ကြည့်ခဲ့သည်။
အောက်ကမော့ကြည့်လျှင် မသိသာပေမဲ့ ခေါင်မိုးပေါ်တက်ကြည့်လျှင်အမိုးကြီး၏ ဘေးပတ်လည်တိုင်များသည် အပေါ်ကိုထိုးထွက်နေသည်ကိုမြင်ရပြီး အမိုးကြီးက တဖြည်းဖြည်းနိမ့်ဝင်နေသည်ကိုထင်ရှားစွာတွေ့လိုက်ရသည်။
ပြင်သင့်ပြီ....။ ဒီ အမိုးလေးပဲပြင်လို့ ပြီးမည်မဟုတ် ..ဒီအဆောက်အဦးနှင့် ပတ်သက်ပြီး သူ ဘာတွေလုပ်ခဲ့သည်ကိုသူအသိဆုံး...။
အစ အဆုံးပြန်ဆောက်ရမည်။သုံးထားသည့် အပေါ်ယံ အဆောင်အယောင်ပစ္စည်းတွေကလဲ အလွန်ဈေးကြီးသည်။ဒါတွေ အကုန်ဆုံးရှုံးတော့မည်။
ကပ်စေးနည်းသော သူဌေးတုန်လှုပ်သွားသည်။
ချွေတာကာမှ နှစ်ဆကုန်တော့မည့်အဖြစ်...။
သူ့အား တားမြစ်ခဲ့သော အင်ဂျင်နီယာများ၏ စကားများကို ကြားယောင်မိသည်။
"အရှက်ကွဲပြီ..."
ဒီအတွေးကိုတွေးမိသည့် မာနကြီး၍ ကပ်စေးနည်းသော သူဌေးသည် ဒီကုန်တိုက်ကြီးကို အစ အဆုံးပြန်ဆောက်ရမည်ကို မေ့ပစ်လိုက်တော့သည်။
"၅ လွှာက လေးပင်တဲ့ပစ္စည်းတွေ အောက်ကအလွှာတွေကိုရွှေ့.."

၅ လွှာသည် စားသောက်ဆိုင်များရှိသော စားသောက်တန်းဖြစ်သည်။
********************
ကုန်တိုက်ကြီးမပြိုကျခင် တလအလို....။
ရီဂျွန်းသည် ၅ လွှာခါင်မိုးကို ထပ်၍ တက်ကြည့်ခဲ့သည်။ အက်ရာတွေ တော်တော်များနေလေပြီ။ ထိုအခါ ရီဂျွန်းသည် အင်ဂျင်နီယာများကိုခေါ်၍ ခေါင်မိုးတခုတည်းကိုသာ ပြင်ဆောက်ရန် ပြသခဲ့သည်။
"အန္တရာယ်အလွန်ကြီးပါတယ် သူဌေးမင်း..ခေါင်မိုးတခုတည်းပြင်လို့မရပါဘူး..။ဒီအဆောက်အဦး ပြိုကျနိုင်ပါတယ်..."
အန္တရာယ် ရှိတာတော့ သေချာပြီ...။
"အင်း ချက်ချင်းတော့ မပြိုကျသေးပါဘူး "
ပြိုကျတဲ့အထိ စောင့်ပြီး ရသမျှငွေရှာလိုက်ဦးမယ်...လူနည်းနည်းပါးပါးထိခိုက် သေဆုံးတော့လည်း ငွေနဲ့ဖြေရှင်းလိုက်မယ်။"
***************************
ကုန်တိုက်ကြီး မပြိုခင် တရက်အလို...။
"ခင်ဗျားတို့ ထမင်းသုပ်က သဲတွေနဲ့ပါလားဗျ... "
စားသောက်ဆိုင် တာဝန်ခံရောက်လာသည်။
"တောင်းပန်ပါတယ်ရှင် အသစ်ပြန်လုပ်ပေးပါ့မယ်...။ ကျသင့်ငွေလဲမယူပါဘူး"
စားသောက်ဆိုင် တာဝန်ခံ စဉ်းစားရကြပ်နေသည်။ ဒီနေ့ဒီလိုပြဿနာမျိုးကြုံတာ ဒါပါနဲ့ဆို ၃ ကြိမ်ရှိပြီ။
သူမ စိတ်ဆိုး မာန်ဆိုးနဲ့ နောက်ဖေးဆောင်ထဲသို့ ဝင်သွားသည်။ ဟင်းရွက်ဆေးနေသော အဒေါ်ကြီးက အမိုးကို လက်ညှိုးထိုးပြရင်း
"အပေါ်က သဲတွေ ဘိလပ်မြေမှုန့်တွေ ဆက်တိုက်ကျ နေတယ် ဟင်းသီးဟင်းရွက်တွေ ပြန်ဆေး အုပ်ထားလည်း ထပ်ကျနေတော့ ..ကျွန်မတို့ အခက်အခဲရှိပါတယ်"
စားသောက်ဆိုင်တာဝန်ခံက ကုန်တိုက်အုပ်ချုပ်ရေးမှုး ကိုတင်ပြလိုက်သည်။
"မင်း ဘယ်သူ့ကိုပြောလိုက်သေးလဲ...?"
"ဘယ်သူ့ကိုမှ မပြောပေမဲ့ အောက်ခြေဝန်ထမ်းတွေ အရင်သိနေပါတယ် အုပ်ချုပ်ရေးမှုကြီးရှင့်.."
"အေး..မင်းတို့ဆိုင်ကို ဒီနေ့ကစပြီးပိတ်လိုက်တော့...ဘာမှ မဟုတ်ပါဘူးကွာ ခေါင်မိုးပေါ်ကအဲယားကွန်းတွေဖွင့်ထားတော့ တုန်နေလို့ ဒီလိုဖြစ်တာ "
ထို့နေ့က ထမင်းစားနေသောသူများအပေါ်သို့ပင် သဲမှုန်များ ဟိုနည်းနည်း ဒီ နည်းနည်းကျလာတော့သည်။
သို့သော် ဘယ်သူမှမရိပ်မိခဲ့...။ အဲဒီအခြမ်းက ထမင်းသုပ်ဆိုင် ပိတ်လိုက်သည်။
****************
၁၉၉၅ ခုနှစ် ၆ လပိုင်း ၂၉ ရက်နေ့...။
ညနေ ၂ နာရီ...။
ကုန်တိုက်ကြီးပြိုကျသောနေ့ဖြစ်သည်။
ဥက္ကဋ္ဌကြီး ရီဂျွန်းသည် ကုန်တိုက်ကြီး၏ ရုံးခန်း တွင် သူ့သား ( ကုန်တိုက်ပိုင်ရှင်) နှင့်အတူရှိနေခဲ့သည်။
ကုန်တိုက် အုပ်ချုပ်ရေးမှုးကဥက္ကဋ္ဌ ရီဂျွန်းနှင့် သူ၏သား ကို မနေ့ကအကြောင်း တင်ပြသည်။
"ဒီနေ့ ပိုပြီးဆိုးလာတယ် အမိုးတွေအက်ပြီး သဲတွေကျလာပြီ သူဌေး။ အဲယားကွန်းကြီး ကျွံကျလာတော့မယ်"
"အရေးပေါ် အစည်းအဝေးလုပ်ကြမယ်..." ရီဂျွန်းက ပြောလိုက်သည်။
အထက်လူကြီး အနည်းငယ်သာ အစည်းအဝေးတက်ရောက်ခွင့်ရခဲ့သည်။
"အုပ်ချုပ်ရေးမှုး ....အခု အချိန်က စပြီး ကျုပ်ပြောတဲ့အတိုင်း ခင်ဗျားလုပ်... ခဏကြာရင် အဲယားကွန်းပိတ်လိုက်တော့..."
"ဗျာ...ဒီလို နွေရာသီကြီးမှာကုန်တိုက်ကြီးတခုလုံး အဲယားကွန်းပိတ်ရမယ်လို့ သူဌေးပြောလိုက်တာလားခင်ဗျာ...! အဲယားကွန်းပိတ်မယ့်အစား ကုန်တိုက်ကြီး ပိတ်လိုက်ရင် ကောင်းမလားလို့ပါ သူဌေးမင်း?"
လောဘကြီး၍ ကပ်စေးနည်းသော သူဌေး သည် ကုန်တိုက်ပုံမှန် ပိတ်ချိန်အထိ ငွေရှာချင်သည်။ ကျန်သော နာရီအနည်းငယ်အတွင်းရရှိမည့် ငွေကိုအဆုံးအရှုံးမခံနိုင်ခဲ့...။
" #%$ ပိတ်ဆိုပိတ် စကားမရှည်နဲ့ ..လူတွေ ၅ လွှာကို မတက်နိုင်အောင် လှေကား၊ ဓာတ်လှေကား၊ စက်လှေကားတွေမှာ စောင့်ပြီး အပေါ်မတက်နိုင်အောင်တားဆီးကြ...ဒီနေ့ ၅ လွှာက စားသောက်တန်း ပိတ်လိုက်ပြီလို့ အသံလွှင့်စက်က ကြေငြာ...'! "
အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့သည် ၅လွှာတွင်ရှိနေသော သူများကို အောက်ဆင်းပေးရန် စတင်ရှင်းလင်းတော့သည်။
******************
ညနေ ၃ နာရီ ၃၀ မိနစ်...။
အက်သံကြီးတွေ ဟိုနေရာ ဒီနေရာမှ ၁၀ မိနစ်ခြားခန့်ထွက်နေသည်။
"သူဌေး ..သူဌေး ၅လွှာ ဟိုဘက်အခြမ်းက စပြိုနေပြီ...တကယ်ပြိုကျတော့မယ်ဗျ...။အက်ကြောင်းကြီးတွေ ၁၀ စင်တီမီတာအထိ ကွဲကုန်ကြပြီး ကျွန်တော်တို့အားလုံး သေတော့မယ် ...။ "
အုပ်ချုပ်ရေးမှုးကပြောလိုက်သည်။
"အုပ်ချုပ်ရေးမှုး ..အရေးကြီးတဲ့ ပစ္စည်းတွေယူ...၄လွှာက စိန်တွေရွှေတွေယူ..ငါတို့ အရင်ထွက်နှင့်မယ်"
"အရေးပေါ်ခေါင်းလောင်းဘယ်တော့ပေးရမလဲ သူဌေး...ကုန်တိုက်ထဲကလူတွေ ဘယ်လိုလုပ်ရမလဲ.."
" အခုကြေငြာလိုက်ရင် လူတွေရုတ်ရုတ်သည်းသည်းဖြစ်ကုန်မယ်... ငါတို့ အပြင်ထွက်လို့ရမှာမဟုတ်ဘူး။ ငါတို့ ပစ္စည်းတွေသိမ်းပြီး အပြင်ရောက်မှ အရေးပေါ်ခေါင်းလောင်းခေါက် "
ဥက္ကဋ္ဌ နှင့် သူ့သား ၊အုပ်ချုပ်ရေးမှုး၊ အစည်းအဝေးတက်ခဲ့သော လူတချို့သည် ရက်စက်ယုတ်မာစွာ ကုန်တိုက်ကြီးကို စွန့်ခွာသွားကြတော့သည်။
ရီဂျွန်းသည် ကုန်တိုက်ကြီးတွင် အလုပ်လုပ်နေသော သူ့သား၏ ဇနီး (ချွေးမ) ကိုပင် အကြောင်းမကြားခဲ့။ ယောက်ျားဖြစ်သူကလည်း သူ့အဖေ အမိန့်မရဘဲ ဘာတခုမှ မလုပ်ရဲခဲ့။ (သူမ သည် ကုန်တိုက်ပြိုကျပြီး ၃ ရက်မြောက်နေ့တွင် ထိခိုက်ဒါဏ်ရာများစွာဖြင့် လွတ်မြောက်လာခဲ့သည်။)
********************
ညနေ ၅ နာရီ ၄၅ မိနစ်...။
မိုးခြိမ်းသံလိုလို ကျယ်လောင်သော အသံကြီး ကုန်တိုက်ကြီးထဲမှ ပေါ်ထွက်လာ၍ သဲများ အမိုးပေါ်မှတဖွဲဖွဲကျလာသည်။
လူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။
*******************
ညနေ ၅ နာရီ ၅၀ မိနစ်....။
အန္တရာယ်ရှိသည်ဟု အချက်ပေးသော အရေးပေါ် ခေါင်းလောင်းသံတို့ ကုန်တိုက်ကြီးတခုလုံး မြည်ဟီးသွားသည်။
"ပြေးကြဟေ့ ပြေးကြ..."
လူတွေ သူထက်ငါ လုပြီး အပြင်ပြေးထွက်ကြတော့သည်။
*******************
ညနေ ၅ နာရီ ၅၂ မိနစ်....။
အက်သံကြီး ဆက်တိုက်ပေါ်လာပြီး နောက်ဆုံးတွင်...
"ဝုန်း"
ရုတ်တရက် အလွန်ကျယ်လောင်သော အသံကြီး ထွက်လာပြီး ကုန်တိုက်ကြီးတခုလုံးပြိုကျသွားတော့သည်။
ကုန်တိုက်ထဲမှ လူတွေ ပြိုင်တူထိတ်လန့်စွာ အော်ဟစ်လိုက်သံကြီးက ကြောက်စရာကောင်းလှသည်။
အဆောက်အဦးထဲရှိ လူပေါင်း ထောင့်ငါးရာကျော် သည် တပြိုင်နက် အုတ်ခဲပုံကြီးအောက်သို့ စုန်းစုန်းမြုပ် သွားလေတော့သည်။
၂၂ စက္ကန့် အတွင်း ဘယ်နှစ်ယောက်လွတ်မြောက်နိုင်မည်နည်း...?
*******************
" ဒီအချိန်မှာ...ကျွန်တော်တို့ ၃ ဦး ကုန်တိုက် အပေါက်ဝနားမှာရှိနေလို့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်"
....ဟု အမျိုးသားတဦးက ပြောပြခဲ့သည်။
ကုန်တိုက် အပေါက်ဝနားတွင်ဖြစ်သည်။
ရုတ်တရက် ဝုန်းဆိုသော အသံကြီးကို ကြားရသောကြောင့် အသက် ၂၀ ကျော်အမျိုးသားလေးသည် သူ့အမေလက်ကို ဆွဲ၍ ခုန်ထွက်လိုက်သည်။ ပါးစပ်မှလည်း သူတို့နှင့်အတူပါလာသော ညီတဝမ်းကွဲလေးကို " အမြန်ခုန်ထွက်....ညီလေး" ဟု သတိပေး အော်ဟစ်လိုက်သည်။
အမျိုးသားလေးသည် အမေကိုဖက်၍ လိမ့်ချလိုက်သည်။ ညီဝမ်းကွဲလေးက အနောက်က လိုက်ခုန်ထွက်လာသည်။ သို့သော် ညီဝမ်းကွဲ ခေါင်းတွင် သွေးများဖြာကနဲထွက်လာသည်။
ကုန်တိုက် ဝင်ဝင်ချင်းတွင် ခေါင်မိုးမှ တွဲလောင်းချထားသည့် ခမ်းနားလှသော ဧည့်ခန်း မီးဆွဲကြီးရှိသည်။
ထိုမီးဆွဲကြီးသည် လူသတ်လက်နက်ကြီး အဖြစ်ပြောင်းလဲသွားသည်။
အုတ်အပိုင်း အစများနှင့် ဖန်အပိုင်းအစများ ညီဝမ်းကွဲလေး၏ ဦးနှောက်အတွင်းထဲအထိ ဝင်ရောက်နေရာယူတော့သည်။
သူ့ ညီဝမ်းကွဲလေး သည် ခွဲစိတ်မှုများ အကြိမ်ကြိမ်အခါခါလုပ်ခဲ့ပြီး ဦးနှောက်အထဲမှအပိုင်းအစများကို ထုတ်ခဲ့သည်။ ယနေ့ထက်ထိလည်းခွဲစိတ်နေရဆဲဖြစ်သည်။ မျက်လုံးတဖက်ကတော့ လုံးဝကွယ်သွားပြီဖြစ်သည်။
အခု ညီဝမ်းကွဲလေး အသက် ၃၈နှစ်ရှိပါပြီ။
အသက်ရှုနေတာနှင့် ပြုံးပြနိုင်တာကလွဲပြီး ဘာမှမလုပ်နိုင်တော့ပါ။
သူ့ဆီ ဧည့်သည်တွေလာလည်ရင်တော့ သူပျော်သည်။ ပြုံးပြသည်။ သူလုပ်နိုင်တာ ဒါ အကုန်ပဲဖြစ်သည်။
********************
ကုန်တိုက်ကြီးတခုလုံးကို အအေးလွှတ်ပေးသော အလွန်ကြီးမားသော အဲယားကွန်းပန်ကာကြီး တခုပြီးတခု စတင်၍ "ဝုန်း" ဆိုသောအသံကြီးဖြင့် ၅ လွှာမြောက် ခေါင်မိုးမှ ပြုတ်ကျလာခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၄ လွှာ၊ ၃လွှာ၊၂လွှာ ... မြေအောက် ၄လွှာအထိ အရှိန်ပြင်းစွာပြုတ်ကျသွားခဲ့သည်။
တပြိုင်နက်.... အဆောက်အဦးကြီးတခုလုံးသည် အဲယားကွန်း ပန်ကာကြီး ၃ ခု အနောက်မှလိုက်၍ပြိုကျသည်။
၂၂ စက္ကန့်အကြာတွင် ကုန်တိုက်ကြီးတခုလုံး ဒေါသကြီးစွာ ပြိုကျသွားကာ အဲယားကွန်းကြီး ၃ လုံးနှင့် လူပေါင်း ၁၅၀၀ ကို ဖုံးအုပ်လိုက်ခြင်းဖြစ်သည်။
အဆောက်အဦးတခုဆောက်ရာတွင် သတ်မှတ်ထားသော လုပ်နည်း လုပ်ထုံးအတိုင်း အလွှာတိုင်းတွင် ကြမ်းပြင်များအား ကွန်ကရစ်များ သံချည် သံကွေးများဖြင့်ယှက်၍ စံချိန် စံညွှန်းအတိုင်း ခိုင်ခိုင်မာမာဆောက်ခဲ့လျှင် အဲယားကွန်းပန်ကာစက်ကြီးတို့သည် ခေါင်မိုးမှ ပြုတ်ကျခဲ့ပါက ၅လွှာပေါ်တွင် တင်နေပေလိမ့်မည်...။
၅ လွှာမှ ပြုတ်ကျလျှင် ၄လွှာပေါ်တင်နေပေလိမ့်မည် ...။အခုတော့ ၅ လွှာခေါင်မိုးမှဟိုးအောက်ဆုံးအထိ စက္ကူအရွက်များကိုအပေါက်ဖောက်၍ ဖြတ်သွားသလို တိုးလျိုးပေါက်ကျသွားသည်မှာ အလွန်ရှက်ဖွယ်ကောင်းလှတော့သည်။
၎င်းကုန်တိုက်ကြီးသည် ဆောက်လုပ်ပြီး၆ နှစ်အကြာတွင်ပြိုကျခဲ့ခြင်းဖြစ်သည်။
*******************
ကိုရီးယား TV အင်တာဗျူးတခုဖြစ်ပါသည်။
ယောက်ျားဖြစ်သူက ကုန်တိုက်ကြီးမနီးမဝေးရှိ ဘဏ်တခုမှ အရာရှိတယောက်ဖြစ်သည်။
ထိုနေ့တွင် ယောက်ျားဖြစ်သူ အလုပ်ဆင်းချိန်နှင့်ကိုက်၍ မိန်းမဖြစ်သူသည် ၈ နှစ်အရွယ်သမီးလေး လက်ဆွဲကာ ၄လအရွယ်သားလေးအား ရင်ဝယ်ပိုက်ထားရင်း ကလေးတင်လက်တွန်းလှည်း ဝယ်ရန် ကုန်တိုက်ကြီးပေါ်သို့တက်လာခဲ့သည်။
ကလေးတွန်းလှည်းဝယ်ပြီး သူမသည် ကုန်တိုက်ကြီးအောက်ဆုံးထပ်ရှိ အများသုံးဖုန်းဖြင့် ယောက်ျား၏ရုံးသို့ ဖုန်းဆက်လိုက်သည်။ (ထိုစဉ်က လက်ကိုင်ဖုန်းများမပေါ်သေးပါ။)
"မောင်ရေ.. ကျမတို့ ကလေးတွန်းလှည်းဝယ်ပြီးပြီး ဘယ်မှာတွေ့မှာလဲ?"
"အလုပ်ကမပြီးသေးဘူး မိန်းမရေ...ကုန်တိုက်ထဲကမထွက်နဲ့ဦး..နာရီဝက်လောက်ကြာရင် မောင် ကားနဲ့လာခေါ်မယ် "
သူမတို့ သားအမိ ၃ ယောက်သည်လည်း ကုန်တိုက်အပေါက်ဝ နားတွင်ယောက်ျားဖြစ်သူကို စောင့်နေခဲ့သည်။
*************
၈ နှစ်သမီးလေးသည် ဟိုပြေး ဒီပြေးနှင့်ဆော့နေသည် အမေ့စကားကိုနားမထောင်။ ၄ လ အရွယ် သားလေးကငို၍ နို့ဗူးထုတ်တိုက်လိုက်သည်။
ထိုစဉ် နွေလည်ခေါင်မှ မိုးခြိမ်းသံကြီးလိုကြားလိုက်ရ၍ အမေသည် တုန်လှုပ်သွားသည်။
"သမီးလေး!!!!"
ရုတ်တရက် အမှောင်ကမ္ဘာကြီးထဲကို သူမရောက်သွားသည်။
ကံကောင်းထောက်မ စွာဖြင့် သားအမိနှစ်ယောက်အား ကုန်တိုက်အဝရှိ မီးဆွဲကြီးရှိ မီးစလောင်းဖုံးကြီးက အမိုးကြီးသဖွယ် ဖုံးအုပ်ထားလိုက်တော့သည်။
သားလေးကို ကျစ်ကျစ်ပါအောင်ဖက်ထားလိုက်သည်။ သားလေးကငိုသည်။ နို့ဗူးသည် ဖုန်အလိမ်းလိမ်းနှင့် ....။
အမေသည် နို့ဗူးထိပ်မှ ဘိလပ်မြေမှုန့်တို့ကို စုတ်ယူ မြိုချလိုက်သည်။ သန့်ရှင်းသွားသော နို့ဗူးထိပ်ကို သားလေးပါးစပ်ထဲထိုးထည့်လိုက်သည်။
ကလေး အငိုတိတ်သွားသည်။
"သမီးရေ ...သမီးလေး"
ခဏကြာတော့ သမီး အသံလေးထွက်လာသည်။သူမ ဝမ်းသာသွားသည်။
"အမေ!!!! ဘာမှမမြင်ရဘူး"
"အမေ့ ခြေထောက်ကို လိုက်စမ်းသမီး။ အမေ့ ခြေထောက် မဟုတ်ရင် အမေ မဖြေဘူးနော် နားလည်လား? "
သမီးလေးက သူမဆီ တွားသွား၍ လိုက်ရှာတော့သည်။
"ဒါအမေ့ ခြေထောက်လား?" သမီးလေးက လိုက်စမ်းနေသည်...။
နောက်ဆုံး အမေ့ခြေထောက်ကိုရှာတွေ့သွားတော့သည်။
အမေသည် ကလေးနို့ဗူးလေးဖြင့် ဟိုထိုးဒီထိုးလုပ်ရင်း ဖန်သားတခု ကွဲသွားကာ အလင်းတန်းလေးတခုတွေ့သွားသည်။ နို့ဗူးဖြင့် ဖန်သားဖြင့် ဆက်ခွဲသည်။ သူ့သမီးကို လက်ဆွဲခေါ်၍ ထိုးထွက်လိုက်သည်။
ထိုစဉ် အောက်မှ မီးဆိုင်းကြီးပိ၍ မထနိုင်သောသူတို့၏ လက်အစုံပေါင်းများစွာက သူမခြေထောက်ကို ဖက်ထားလေသည်။ လုံးဝမလွှတ်ပေးကြ။
"ကယ်ပါ ကယ်ပါ...ကျမ ခြေထောက်ပိနေလို့ ဆွဲထုတ်ပေးပါ"
သူမ အော်ငိုတော့သည်။
"ကျွန်မမှာ ကလေးနှစ်ယောက်ရှိပါတယ်။ သနားကြပါ။ လွှတ်ပေးကြပါရှင်..။ ကျမ ကယ်ဆယ်ရေးအဖွဲ့တွေလွှတ်ပေးပါ့မယ်"
ကလေးတွေကလဲငိုလှပြီ...။
နောက်ဆုံးတွင် အောက်မှလူများက သနား၍ လွှတ်ပေးလိုက်ကြသည်။
သူမသည် အပြင်ရောက်သောအခါ ဒုက္ခသည်တို့အား ပေးခဲ့သည့်ကတိအတိုင်း ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ပေးခဲ့သည်။
သို့သော် ထိုသူတို့၏ကိုယ်ခန္ဓာတို့ကို မီးစလောင်းဖုံးကြီးဘေးနှုတ်ခမ်းစောင်းများက ဒါးတလက်လို ပိုင်းဖြတ်ထားပြီးဖြစ်နေလေသည်။
ခေါင်းပြတ်နေသူများ၊ကိုယ်တပိုင်းပြတ်နေသူများ၊ ခြေပြတ်၊ လက်ပြတ်ဖြစ်သွားသူအတော်များသည်ဟုဆိုသည်။
သူမတို့ သားအမိ ၃ ယောက် မီးစလောင်းဖုံးကြီး အလယ်တွင်ရောက်နေခဲ့သည်မှာ အလွန်ကံကောင်းလှသည်။ ဒီတခါတော့ ၎င်းမီးဆွဲကြီးသည် သူမတို့ကို ကယ်ခဲ့လေပြီ။
သမီးလေးမှာ ခြေထောက်တွင်တွင်ကျိုးသွားသော်လည်း အသက်ရှင်လွတ်မြောက်ခဲ့လေသည်။
အဖေက ဝမ်းသာအားရ ငိုကြီးချက်မဖြင့် လမ်းမလျှောက်နိုင်သည့် သမီးလေးကိုကောက်ချီလိုက်သည်။ သမီးမျက်နှာက ဘိလပ်မြေမှုန့်များနှင့်ဖြူဖွေးနေသည်။ လက်ဖြင့် ပွတ်သော်လည်းဖယ်မရ...။ အဖေသည် ငိုယိုရင်း သမီးမျက်နှာကို ကြိုးစား၍ သုတ်ပေးနေတော့သည်။
******************
ရေခဲသေတ္တာ၊ အစားအသောက်တို့အနီးတွင် ပိတ်မိနေသောသူတို့သည် သူ့ထက်ငါ အစားအသောက်များကိုလုယူကြတော့သည်။
ဘယ်နှစ်ရက် ဒီကုန်တိုက်ကြီးတွင်ပိတ်မိနေမည်မသိ၍ ဖြစ်သည်။ ထိုသူတို့သည် စားသောက်ကြသည့်အခါ မစင်စွန့်ဖို့လိုအပ်လာသည်။ ပိတ်မိနေကြသဖြင့် ထိုနေရာ၌ပင် မစင်စွန့်ကြရလေသည်။ ၃ ရက်ခန့်ကြာသောအခါ အစားအစာများပုတ်သိုးကာ အနံ့ အသက်များမှ အဆိပ်ဖြစ်ကာ အားလုံးသေဆုံးကုန်ကြသည်။
အစားအစာအပုတ်များ လူသေကောင် အပုတ်များ အညစ်အကြေးအနံ့ အသက်တို့ကြောင့် ကုန်တိုက်ကြီးဘေးမှ အဆောက်အဦးတို့မှ လူများပင်မနေနိုင်ပဲ ထွက်ပြေးကြရပါသည်။
သို့သော် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဒုက္ခသည်များကို မစွန့်ခွာခဲ့ကြပေ ။ လုပ်အားပေးကြသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်တို့၏ စေတနာသည် ကြီးမားလှပါပေသည်။
******************
အထက်တွင်ဖေါ်ပြခဲ့ သည့်အတိုင်း ကုန်တိုက်ကြီး၏ အဲယားကွန်းများကိုညနေပိုင်းတွင် ပိတ်ရန်အမိန့်ပေးခဲ့သည်။
ပူပြင်းလှသောနွေရာသီ အရှိန်အောက်ရှိ အဲယားကွန်းပိတ်ထားသော ကုန်တိုက်ကြီးထဲတွင် မနေနိုင်၍ လူတချို့ အပြင်ထွက်လာခဲ့ကြသည်။ ထိုလူ များသည်အသက်ချမ်းသာရာရလေသည်။
*******************
ဆမ်းပွန်း ကုန်တိုက်ကြီးပြိုကျသော အမှုကို ဦးဆောင်၍ ထောက်လှမ်း စစ်ဆေးသူမှာ ဒန့်ဂေါ့ တက္ကသိုလ်
(Dankook University) မှပါမောက္ခ အင်ဂျင်နီယာ လန်ချန်း (Lan Chung) ဖြစ်သည်။ ပါမောက္ခသည် ရီဂျွန်း၏ မတရား ယုတ်မာမှု အစိုးရဝန်ထမ်းတို့ လာဒ်စားမှုတို့ကို အစ အဆုံးဖော်ထုတ်ခဲ့သည်။
တရားခွင်တွင် ရီဂျွန်းအား မသေမချင်း အကျဉ်းထောင်ထဲတွင် ကျစေရန်အထိ ကြီးလေးသောအပြစ်ပေးဖို့ အသိသက်သေလိုသည်။
ထို အကြောင်းအရာအားလုံးကိုသိသော အသိသက်သေသည် ကုန်တိုက်အုပ်ချုပ်ရေးမှုး တယောက်သာရှိခဲ့သည်။
ကုန်တိုက်ပိတ်ရန် အကြံပေးခဲ့သော ထိုအုပ်ချုပ်ရေးမှုးသည် ရုတ်တရက် ထူးဆန်းစွာသေဆုံးသွားလေတော့သည်။
*************************
၁၉၉၆ သြဂုတ်လ ၂၃ ရက်
အသိသက်သေ မရှိသဖြင့် ပြစ်မှုများလျှော့ကုန်သည်။
•ရီဂျွန်း (ဥက္ကဋ္ဌ) - ထောင်ဒါဏ် ၇ နှစ် ၆ လ( ပေါ့ဆမှု )
•ရီဟန်ဆန်း (ရီဂျွန်း ၏သား)- ထောင်ဒါဏ် ၇ နှစ် (မတော်တဆဖြင့် လူသေစေမှု )
•အစိုးရဝန်ထမ်းနှစ်ယောက် - ထောင်ဒါဏ် ၁၀ လ နှင့် ငွေဒါဏ်သိန်း၃၀ စီ (လာဒ်စားမှု)
အပြစ်မရှိသော အင်ဂျင်နီယာကြီးများသာကြီးလေးသော အပြစ်ဒါဏ်ပေးခံရလေတော့သည်။
"လူတွေသေတာလဲသေတာပေါ့ဗျာ ကျုပ်တို့ပိုက်ဆံတွေ ဆုံးရှုံးရတာလဲ ပြောကြဦး"
ရီဂျွန်းသည် သူ့ကုမ္ပဏီမှ ပိုက်ဆံတွေဆုံးရှုံးသွားသည်ကိုသာ တရားရုံးတွင် နောက်ဆုံးအချိန်အထိ ပြောနေလေသည်။
************************
ကုန်တိုက်ပြိုကျမှုကြောင့် သေဆုံးသူ ဒါဏ်ရာရသူများကိုဒေါ်လာ သန်း ၃၀၀ ကျော် လျော်ကြေးပေးရသော ရီဂျွန်း ကုမ္ပဏီ မိသားစု သည်ဆွေစဉ်မျိုးဆက် ကုန်းကောက်စရာမရှိအောင် ဆင်းရဲသော ဘဝသို့ ရောက်ရှိသွားတော့သည်။
သေဆုံးသူ အလွန်များပြားသောကြောင့် သူတို့မိသားစု၌ရှိသော ငွေဖြင့် မလုံလောက်ပေ။ တောင်ကိုးရီးယား ဆိုးလ်မြို့မှ ပြည်သူတို့ ထံမှ ကောက်ခံထားသော အခွန်ငွေများနှင့်ဖြည့်ဆည်းခဲ့ကြရသည်။
လူပေါင်းများစွာ သေဆုံး ဒုက္ခိတဖြစ်ခဲ့ရသည့်အပြင် ပြည်သူတို့၏ငွေများအထိ ဆုံးရှုံးခဲ့ရသောကြောင့် ရီဂျွန်းမိသားစုသည် ပြည်သူ့ အရွံဆုံး၊ အမုန်းဆုံး အပယ်ခံ အဖြစ်သို့ရောက်ရှိခဲ့ရသည်။
************************
၂၀၀၃ ခုနှစ် အောက်တိုဘာ ၎
ရီဂျွန်းထောင်မှ ထွက်လာသည်။ ဆင်းရဲသည်ဆိုသည့် ဒုက္ခ သူ့အလှည့်ရောက်လာသောအခါ သူ မခံစားနိုင်တော့ပါ။
•ဆင်းရဲသားများကို အနိုင်ကျင့်ခဲ့သော ရီဂျွန်း...
•လူပေါင်း ၅၀၀ ကျော်ကိုသတ်ခဲ့သော ရီဂျွန်း
•လူပေါင်း ၉၀၀ ကျော်ကို ဒုက္ခိတဖြစ်စေခဲ့သော ရီဂျွန်း
•အသက်ရှင်၍ ကျန်ခဲ့သူတို့ကို ရူးသွတ်အောင် အိမ်မက်ဆိုးများပေးခဲ့သော ရီဂျွန်းသည် ...
ထောင်မှထွက်လာပြီး ရက်အနည်းငယ်တွင် နှလုံးသွေးရပ်၍ သေဆုံးခဲ့သည်။
*******************
ရီဂျွန်း၏ သားဖြစ်သူ ထောင်မှလွတ်လာသောအခါ တောင်ကိုးရီးယားနိုင်ငံတွင် ဆက်နေရန် သတ္တိမရှိတော့ပေ။ မွန်ဂိုလီးယားနိုင်ငံသို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့လေသည်။
အလိုလောဘကြီးလွန်းသူတို့၏ ဘဝနိဂုံးသည် ရုပ်ဆိုးကျည်းတန်လှပါပေသည်။
***********************
၂၂ စက္ကန့်အလိုတွင် အသေဆိုးဖြင့် သေကြရမည်...ဒုက္ခိတဖြစ်တော့မည်...စသည်တို့ကို လူပေါင်း ၁၅၀၀ ကျော်သည် မသိခဲ့ကြ။
ထိုဖြစ်ရပ်ကိုကြည့်လျှင်လူ့ဘုံဘဝကြီးသည် ကာမဂုဏ် အာရုံတွင် ပျော်ရွှင်ကာ မေ့မေ့လျာ့လျော့နေ၍ မရသော ဌာနတခုဖြစ်ပါသည်။
ကုန်တိုက်ကြီးပြိုကျသည့် အဖြစ်အပျက်တွင် အသေဆိုးပုံ အမျိုးမျိုးကို တွေ့ရပါသည်။ ငရဲပြည်သည် ဟိုးမြေအောက် အဝေးကြီးတွင်သာ ရှိနေသည်မဟုတ်။ မိမိ၏ အနီးဆုံးတွင်လည်းရှိနေတတ်လေသည်။
ကျွန်မတို့သည် ကံကြမ္မာကို ခန့်မှန်း၍ဘယ်လိုမှ မရနိုင်ပါ....။ ယခု ပစ္စုပ္ပန်တွင် ဘယ်လောက်ပင်ပျော်ရွှင်နေပါစေ....ငွေကြေးအားဖြင့် ဘယ်လောက်ပင် ချမ်းသာနေပါစေ.... ကျန်းမာသန်စွမ်းနေပါစေ.... လာမည့် ၂၂ စက္ကန့်အတွင်း၌ပင် အရာအားလုံးသည် ဇောက်ထိုးမိုးမျှော် ပြောင်းပြန်ဖြစ်သွားနိုင်ပေသည်...။
ဘယ်အရာမှ မတည်မြဲခြင်းသည်သာ အမှန်တရားဖြစ်သည်.... ။
ထိုအမှန်တရားကိုသာ သိနေမည်ဆိုလျှင် ကျွန်မတို့ လူသားများသည် အချိန်ကုန်ခံပြီး လောဘ ဒေါသ မောဟ အတ္တ မာန တည်းဟူသော မကောင်းစိတ်များ တောက်လောင်ပြီး အဓိပ္ပါယ်မဲ့ ဘဝကို ဖြတ်သန်းစရာလိုတော့မည် မထင်ပါ... ။
********************
🌟ယခုအခါတွင် ကျွန်မတို့မြန်မာနိုင်ငံသည်လည်း ထိုစဉ်က တောင်ကိုရီးယားကဲ့သို့ ကုန်တိုက်ကြီးများ အဆောက်အဦးမြင့်များကို ဈေးသက်သက်သာသာဖြင့် စတင် ဆောက်လုပ်လိုသည့် ကာလဖြစ်သောကြောင့် ဆောက်လုပ်သူများ နှင့် မြန်မာ ပြည်သူပြည်သားများ သတိရှိစေရန် ဤဆောင်းပါးကို ရေးဖြစ်ခြင်းဖြစ်ပါသည်။🌟
************************
မှတ်ချက်
(ကျွန်မရေးသော ဆောင်းပါးတိုင်းမှ အကြောင်းအရာများသည် ဖြစ်ရပ်မှန်များ ဖြစ်ပါသည်။)
စာအကိုးအကား
(References-
Korea TV news ,
Wikipedia,
PD interviews,
1995 년 서울 삼풍 book
Pictures from 'Naver')
မရွှေမိုး (ကိုရီးယား)
ဂျူလိုင်လ ၃၁ ရက်နေ့ ၂၀၁၇
 Image may contain: one or more people, basketball court, text and indoorImage may contain: outdoor
 Image may contain: one or more people
 Image may contain: sky and outdoor

 No automatic alt text available.

Friday, July 28, 2017

ကိုသန်းစိုး(ရဲရင့်)ကိစ္စကို တပ်မတော်နှင့်ပြည်သူ့ အစိုးရက ဘယ်လိုကိုင်တွယ်မလဲ

မြန်မာ့ဒီမိုကရေစီ ရေး၊ လူ့ အခွင့်အရေး ၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ရေးလမ်းကြောင်းပေါ်မသွေဖီပဲ ကိုသန်းစိုး(ရဲရင့်)ကိစ္စကို တပ်မတော်နှင့်ပြည်သူ့ အစိုးရက ဘယ်လိုကိုင်တွယ်မလဲ
25 July 2017
နိုင်ငံတကာရောက် ကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများက ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ္ဋ်ထံ သို့ ကိုသန်းစိုး(ရဲရင့်) နှင့်ပတ်သက်၍ စာရေးသားတောင်းဆို
ခဲ့ကြကြောင်း သတင်းရရှိပါသည် ။
အဓိကအချက်အနေဖြင့် မြန်မာပြည်မှာ နိုင်ငံရေးသမားတွေလုံခြုံမှုမရှိသေးတာနဲ့ တရားဥပဒေအပေါ်စစ်တပ်က ဆက်လက်ထိမ်းသိမ်းထားတာတွေကို စိုးရိမ်နေကြတာဟုကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများက သုံးသပ်ပြောဆိုနေကြတာဖြစ်ပါသည် ။
မြန်မာပြည်တွင် ၂၀၁၅ ရွေးကောက်ပွဲမှ တက်လာသည့် ပြည်သူ့ အစိုးရသည် ၂၀၀၈ဖွဲ့ စည်းပုံအောက်၌
တိုင်းပြည်၏တရားဥပဒေစိုးမိုးရေး ၊ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များတွင် တင်းပြည့်ကျပ်ပြည့် လုပ်ကိုင်ပိုင်ခွင့် မရရှိသေးဘူးဟု ဝေဖန်မှုများ ရင်ဆိုင်နေရပေသည် ။ တိုင်းပြည်၏ ကာကွယ်ရေး ၊နယ်စပ်လုံခြုံရေး ၊ပြည်ထဲရေးသည် ယခင်စစ်အာဏာရှင်စနစ်အောက်၌ အာဏာရှင်ကြီးများ၏ ခါးပိုက်ဆောင်တပ်ဟု နာမည်ကြီးခဲ့သော တပ်မတော်၏ လက်အောက်၌ ရှိနေဆဲဖြစ်ပြီး ပြည်သူ့ ဘ၀လုံခြုံရေးသည် မေးခွန်းထုတ်နေရဆဲဖြစ်ပေသည် ။
ဆိုလိုသည်မှာ ၂၀၁၀ရွေးကောက်ပွဲမှတက်လာသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် သတင်းထောက်ကိုပါကြီးသည် အသတ်ခံခဲ့ရသည့်နည်းတူ ယခုပြည်သူ့ အစိုးရလက်ထက်တွင်လည်း ဦးကိုနီကဲ့သို့ သော နိုင်ငံသိ ဥပဒေပညာရှင်တစ်ယောက် လူမြင်ကွင်းတွင် ရက်ရက်စက်လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုသည် ပြည်သူလူထု၏ လုံခြုံရေး နှင့် တိုင်းပြည်၏ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေပေသည် ။
လတ်တလောတွင် ရှမ်းပြည်နယ်ရှိ စစ်ဖြစ်နေသော ဒေသသို့ သွားရောက်ပြီး သတင်းယူသည့် သတင်းထောက်များအား ဖမ်းဆီးထိမ်းသိမ်းမှုသည် ဒီမိုကရေစီကျင့်စဉ်၏ သတင်းလွတ်လပ်ခွင့်ကို သတင်းအမှောင်ချသည့် အာဏာရှင်စနစ်အောက်၌လုပ်ရိုးလုပ်စဉ် ကိစ္စတရပ်လို လုပ်ဆောင်လိုက်ခြင်းက ဒီမိုကရေစီ လမ်းကြောင်းကိုသွားမည့်ပြည်သူအစိုးရကို စိန်ခေါ်နေပေသည် ။
ထိုမျှသာမက တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ABSDF ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဌေးကို မြန်မာ့တပ်မတော်က စွဲဆိုထားတဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားရုံးတင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းက တပ်မတော်၏ ဒီမိုကရေအင်အားစုများအပေါ်ထားရှိသည့်သဘောထားက ရင်ကြားစေ့ရေးလား နောက်ကြောင်းပြန်လှည့်နေသလား မေးခွန်းထုတ်နေရဆဲဖြစ်သည်ဟုဆိုလျှင် မှားမည်မထင်ပါ ။
ပြီးခဲ့တဲ့ သတင်းပတ်များ အတွင်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ဖြစ်တယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူပေးဖို့ တပ်မတော်က တိုင်ကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံကို တောင်းပန်စာပေးပို့ခဲ့ရသည့်ကိစ္စသည် တပ်မတော်သည် မထင်ရင် မထင်သလို ၂၀၀၈ဖွဲ့ စည်းပုံအောက်၌ အာဏာရှင်ဆန်နေပြီလားဟု လူထုကြား ထင်ကြေးပေးနေကြပေသည် ။
တခြားတဖက်တွင်လည်း တိုင်းပြည်ကို တည်ငြိမ်အောင်မအုပ်ချုပ်နိုင်လျှင် ဦးနုအစိုးရလက်ထက်ကလို တပ်မတော်ကို အာဏာလွှဲပြောင်းပေးဖို့ ပြည်သူ့ အစိုးရကို ဗြောင်ကျကျပြောဆိုသည့် ဦးဝီရသူလို သာသာရေး လူမျိုးရေးပြဿနာများဖန်တိးနေသည့် ရဟန်းကိုတော့ တပ်မတော်က မဖမ်းမဆီးပဲ လက်ပိုက်ကြည့်နေခြင်းက မသူတော်ခြင်း ပေါင်းဖက်မွေ့ နေသည်ဟုဆိုလျှင် ပြောဆိုဝေဖန်သူကို တောင်းပန်ခိုင်းဦးမည့် တပ်မတော်ဖြစ်နိုင်ပေသည် ။
အချုပ်ဆိုရသော် မြန်မာပြည်၏ နိုင်ငံရေးအပြောင်းအလဲ၌ လက်ရှိ ပကတိအခြေအနေ ကို သေသေချာချာ သုံးသပ်ကြည့်လျှင် သေနတ်သံများကြားနေရဆဲဖြစ်ပြီး ဒုက္ခသည်များထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပေသည် ။
အထက်ပါအချက်အလက်များကြောင့် မြန်မာ့ဒီမိုကရေစီရေးကို တက်ကြွစွာလှုပ်ရှားပြီး မြန်မာ့ဒီမိုကရေစီရေးကို ကမ္ဘာသိအောင် အကြမ်းမဖက် လေယာဉ်ပြန်ပေးဆွဲကာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးထိမ်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကို တောင်းဆိုခဲ့သည့် ကိုသန်းစိုး(ရဲရင့်)အား ကနေဒါမှ မြန်မာပြည် ပြန်ပို့ ခံရပါက တပ်မတော်အနေဖြင့် သက်သက်ညှာညှာလုပ်နိုင်ချေမရှိဟုဆိုကာ ကျနော်အပါအ၀င် ကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများက စိုးရိမ်ပူပန်နေကြတာဖြစ်ပါသည် ။
တခြားတဖက်တွင်လည်း ပြည်သူ့ အစိုးရမှ ကိုသန်းစိုး(ရဲရင့်)၏ အသက် ဘ၀လုံခြုံရေးကို ယခုအချိန်တွင် အာမ မခံနိုင်ပါက ကနေဒါအစိုးရသို့ စာရေးအကြောင်းကြားကာ ၂၁ရာစုပင်လုံလို ငြိမ်းချမ်းရေးညီလာခံကျင်းပပြီးစီးကာ ဖွဲ့ စည်းပုံအသစ်ရေးဆွဲပြီးမှ ပြန်ပို့ ရန်မေတ္တာရပ်ခံစေချင်ပေသည် ။
နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့လည့်း ကိုသန်းစိုး(ရဲရင့်) နှင့်ပတ်သက်၍ စာရေးသားပေးပို့ မည်ဟု ကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများက ပြောဆိုနေကြပါသည် ။
ကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများထဲက တယောက်ဖြစ်သည့် ဖိုးသက် ( Poe Ziwa ) ၇ဲ့ Face book မှာရေးသားထားတဲ့ ကိုသန်းစိုး(ရဲရင့်)ရဲ့ နောက်ဆုံးရသတင်းလေးနဲ့ ကျနော့ ဆောင်းပါးကို အဆုံးသတ်ချင်ပါသည် ။
ကနေဒါ လူဝင်မှုကြီးကြပ်ရေးဌာနက သြဂုတ် ၈ရက်နေ့ မှာ for travel document အင်တာဗျူးလုပ်မယ်ဆိုတဲ့အမိန့်စာကို ဇူလိုင် ၁၉ရက်နေ့ မှာ လက်ခံရရှိခဲ့ပါတယ်။ (မြန်မာပြည်ရဲ့  ကြေကွဲဖွယ် အမှတ်တစ်ရနေ့ တွေပါ).. အခုထိ အစိုးရတွေ..နှစ်ကိုယ်ကြားတွေ ပါဝင်ပတ်သက်ခြင်း မရှိသေးဘူးလို့  မြင်နေရပါတယ်။ မြန်မာသံရုံးက အကြောင်းပြန်ထားခြင်း မရှိသေးပါ။ ရဲရင့်မှာ မည်သည့်နိုင်ငံသား ဖြစ်မှုကဒ်ပြားမှ ရှိမနေပါ။
ကိုသန်းစိုး(ရဲရင့်) အား မြန်မာနိုင်ငံသို့  ပြန်ပို့ မည့်ကိစ္စ သိရှိခြင်း ရှိ/မရှိနှင့် ကနေဒါလူဝင်မှုကြီးကြပ်ရေးနှင့် တရားဝင်ပူးပေါင်းဆောင်ရွက်ခြင်း ရှိ/မရှိတို့ အား ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ္ဋ်ထံ တရားဝင်အကြောင်းပြန်ရန် နိုင်ငံတကာရောက် ကိုသန်းစိုး(ရဲရင့်)၏ မိတ်ဆွေသူငယ်ချင်းများက စာရေးသား တောင်းဆိုလိုက်သည်။
မြန်မာ့ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးသည် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ရေးလမ်းကြောင်းပေါ်ရောက်မရောက် ကိုသန်းစိုး(ရဲရင့်)ကိစ္စကို တပ်မတော်နှင့်ပြည်သူ့ အစိုးရက ဘယ်လိုကိုင်တွယ်မလဲဆိုသည့်အပေါ်များစွာတည်မှီနေပေသည် ။ အမှန်တရားအတွက် ဘ၀တွေ အသက်တွေ စတေးခဲ့သူများအတွက် နတ်ကောင်းနတ်မြတ်များမသည်ဟုဆိုရိုးစကားကို မှန်ကန်စေချင်လျက် ဒီမိုကရေစီသူရဲကောင်း ကိုသန်းစိုး(ရဲရင့်)အနာဂတ် လှပပါစေသား ။
အောင်ခိုင်မြင့်
၂၅ ဇူလိုင်လ ၂၀၁၇

 No automatic alt text available.
 Image may contain: text
 Image may contain: 4 people, people smiling, people standing

 Image may contain: 1 person

ဘုရားသုံးဆူဒေသ

လတ်တလောသတင်းအရ ထိုင်းနိုင်ငံနဲ့  မြန်မာနိုင်ငံနယ်စပ်ဒေသဖြစ်တဲ့ ဘုရားသုံးဆူဒေသမှာ နယ်စပ်မြေနေရာကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွား ပဋိပက္ခဖြစ်နေတယ်လို့  သိရတော့ - လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ရေးတင်ခဲ့ဖူးတဲ့ ဒီနယ်မြေအကြောင်းလေး ပြန်တင်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့  အရှေ့ အနောက် တောင် မြောက် နယ်စပ်ဒေသတွေ ဘယ်လောက်တောင် လျော့ကျဆုံးရှုံးနေရသလည်းဆိုတာ မသိရတဲ့အခြေအနေတွေ ဖြစ်နေတာပါ။ ကိုယ့်မြေ ကိုယ့်ရေကို တစ်လက်မတောင် အကျူးကျော်မခံဖူးလို့  တသွင်သွင် ပါးစပ်ကသာ အော်နေကြသူတွေကိုလည်း သိစေချင်တာပါ။ ကိုယ့်မြေ ကိုယ့်ရေအတွင်း မှီတင်းနေထိုင်သူအချင်းချင်းတွေ ရန်စွယ်တွေ မာန်စွယ်တွေနဲ့  အမုန်းပွား သတ်ဖြတ်နေကြတာထက် ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်သင့်တာ အမှန်တကယ် ဘယ်ဟာလည်းဆိုတာလည်း သဘောပေါက်အောင်ပါ။
"မြန်မာနိုင်ငံ မြေပုံပေါ်က ဘုရားသုံးဆူနဲ့  ထိုင်းနိုင်ငံရဲ့  လက်ချောင်းလေးတစ်ချောင်း"
တစ်နေ့ က ထိုင်းနိုင်ငံနဲ့  မြန်မာ နယ်စပ်ဒေသတစ်ခုဖြစ်တဲ့ ဘုရားသုံးဆူဒေသမှာရှိတဲ့ ဘုရားသုံးဆူပုံ လက်ရှိပုံကို ဓါတ်ပုံသွားရောက် ရိုက်ယူခဲ့ပြီး အမှတ်တရ အလွမ်းပြေအဖြစ် သူငယ်ချင်းတစ်ယောက်က တင်ထားတာတွေ့ ရတော့ အဆိုပါဓါတ်ပုံလေးကို ရယူထားလိုက်ပါတယ်။
အလွမ်းပြေပါ။ ယုံကြည်ချက် ခံယူချက်ကြောင့် အမိမြေနဲ့  ဝေးကွာလှတဲ့ ဘ၀ခရီးတစ်ခုအတွင်း ပထမဦးဆုံးသော ရောက်ရှိရာ နေရာဒေသနဲ့  ဘ၀ တစိတ်တပိုင်းတစ်ခုဖြစ်တာကြောင့် ထာဝရမမေ့နိုင်အတွက် အသံကြားတိုင်း ပုံရိပ်လွှာမြင်တိုင်း နှလုံးသားအတွင်းက သွေးတွေ နှိုးကြားလာတာမို့  ဘုရားသုံးဆူပုံလေးကို ရယူထားလိုက်တာ ဖြစ်ပါတယ်။
ဒီတော့ ဘုရားသုံးဆူဒေသနဲ့ ပါတ်သက်တဲ့ မှတ်တမ်းတွေ အထူးသဖြင့် မြန်မာ့မြေပုံနဲ့  ဘုရားသုံးဆူရဲ့  ပုံလေးတွေကို ပြသပြီး ရေးသားဖော်ပြချင်တဲ့ အဓိကအကြောင်းအရာတွေကို ပြောပြပါရစေ။ ဖော်ပြတဲ့ပုံမှာ ကျွန်တော်ရဲ့  ပုံပါ ဓါတ်ပုံတစ်ပုံပါ ဖော်ပြရတာက ဒီဘုရားသုံးဆူဒေသကို ရောက်ရှိခဲ့ဖူးတယ်ဆိုတာ သက်သေအနေနဲ့ ပါ။
ကျွန်တော် ဘုရားသုံးဆူဒေသကို ရောက်ရှိနေစဉ်မှာ မမျှော်လင့်ဘဲ ထိုင်းစာအုပ်တစ်အုပ်မှာ မြေပုံနှစ်ပုံ တွေ့ မြင်ခဲ့ရပါတယ်။ တစ်ပုံကတော့ ထိုင်းနိုင်ငံရဲ့  ရှေးဟောင်းမြေပုံတစ်ခု၊ ထိုင်းနိုင်ငံရဲ့  ရှေးဟောင်းနယ်မြေပိုင်ဆိုင်မှုဟာ မြန်မာနိုင်ငံ အထက်ပိုင်း ပုဂံထိတောင် ပြသထားတာပါ။ အခြားတစ်ဖက်မှာလည်း မြန်မာဘုရင် အလောင်းဘုရား ဦးအောင်ဇေယျဟာ ထိုင်းနိုင်ငံ အယုဒ္ဓယထိအောင် တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတာ သမိုင်းမှာ သင်ခဲ့ရပါတယ်။ ဒါတွေကတော့ ကြာမြင့်လွန်းလှပြီဖြစ်တဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်မှာ အင်အားကြီးသူက အင်အားနည်းသူကို တိုက်ခိုက်သိမ်းပိုက်ပြီး အပြန်အလှန် သြဇာခံ လက်အောက်ခံအဖြစ် သစ္စာတော်ခံခိုင်းနေတာမို့  နယ်မြေတွေ သူသိမ်းလိုက် ကိုယ်သိမ်းလိုက်ဖြစ်နေကြတာမို့  မပြောလိုတော့ပါဖူး။ ထို့ အတူ သမိုင်းအဖြစ်တွေ ဖော်ပြရာမှာလည်း ကိုယ်လိုရာဘက်ကို ဆွဲယူပြောဆိုဖော်ပြလေ့ရှိတတ်ကြတာကြောင့် အသေးစိတ် မပြောလိုပါဖူး။
ကျွန်တော် မြင်တွေ့ ခဲ့ရတဲ့ အခြားပုံတစ်ပုံကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အရေးကြီးတဲ့ လက်ရှိနဲ့  ကိုယ်ကိုတိုင်ရောက်ရှိနေစဉ်တုန်းက ဘုရားသုံးဆူရဲ့  မြေနေရာအနေအထားပါ။
ဒီဟာကို ဆက်မပြောခင်မှာ ဘုရားသုံးဆူရဲ့  ယခုလက်ရှိပုံနဲ့  လွန်ခဲ့သော ၂၇ ခုနှစ်တာ ကျွန်တော် ရောက်ရှိခဲ့စဉ်တုန်းက ဘုရားသုံးဆူပုံ ဘာများကွာခြားလှသလည်း။ ဘုရားသုံးဆူဒေသရဲ့  သမိုင်းကြောင်းက ဘာလည်း။ ဘုရားသုံးဆူကို ဘယ်ကာလတုန်းက ဘယ်သူက တည်ထားကိုးကွယ်ခဲ့တာလည်း။ ဘုရားသုံးဆူဒေသဟာ မြန်မာနိုင်ငံရဲ့ နယ်မြေအတွင်းမှာလား ထိုင်းနိုင်ငံရဲ့  နယ်မြေအတွင်းမှာလား အစရှိတဲ့ မေးစရာတွေ ရှိလာပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာဖြစ်သလို ကျွန်တော်တို့  အမိမြန်မာနိုင်ငံအတွက်လည်း ယခင်ခေတ်ဟောင်းက ဖြစ်ပျက်ခဲ့တာတွေကို သမိုင်းအဖြစ်အပျက် ရှုထောင့်က ကြည့်လိုတာထက် လက်ရှိ မြန်မာနိုင်ငံကြီးရဲ့  နယ်မြေပိုင်ဆိုင်မှုတွေကို ပိုပြီး အခြေခံ စိတ်ဝင်စားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့  ငယ်စဉ်ကျောင်းတက်တုန်းက သင်ကြားခဲ့ရတဲ့ ပထ၀ီဘာသာရပ်မှာ မြန်မာနိုင်ငံမြေပုံကို စကေးကျ အတိုင်းအတာနဲ့  ဆွဲခဲ့ရတာမို့  မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အစရှိတဲ့ နေရာတွေရဲ့  နယ်နမိတ်လိုင်းတွေဟာ အလွတ်ရလွန်းလို့  ယခုထိတိုင် မှတ်မိနေဆဲဖြစ်သလို၊ မြန်မာနိုင်ငံမြေပုံကို ရှာကြည့်ရင်လည်း ဘာမှမပြောင်းလဲသလို လွတ်လပ်ရေးရပြီးကတည်းက မြန်မာပြည်မြေပုံအတိုင်း ဖြစ်နေတာမို့  ကျွန်တော်တို့  နိုင်ငံတော်ကြီးရဲ့  တောတောင်သဘာဝ နယ်မြေတွေ နယ်နမိတ်တွေ အရင်လိုဘဲ ထိန်းသိမ်းထားနိုင်ပါလားလို့  ၀မ်းသာမိခဲ့ပါရဲ့ ။
ဒါပေမယ့် စောစောက ကျွန်တော် ရေးသားဖော်ပြခဲ့သလို မြန်မာနိုင်ငံရဲ့ မွန်ပြည်နယ်၊ ဘုရားသုံးဆူဒေသလို့  ဆိုထားတဲ့ နေရာဟာ မြန်မာနိုင်ငံ မြေပုံပါ နယ်နမိတ်စည်းအတိုင်း မဖြစ်နေတာ တွေ့ ခဲ့လိုက်ရလို့ ပါ။ ကျွန်တော် ဘုရားသုံးဆူဒေသမှာ နေထိုင်နေစဉ် ဒေသခံတွေရဲ့  ပြောဆိုချက်အရ လက်ရှိဘုရားသုံးဆူစေတီတွေဟာ အမှန်မဟုတ်ဘဲ၊ ဘုရားသုံးဆူစေတီ အစစ်အမှန်မှာ ထိုင်းနိုင်ငံ၊ ကမ်ချနာဘူရီမရောက်ခင် နေရာတစ်ခုဖြစ်တဲ့ စမ်ခဘူရီဆိုတဲ့ မြို့ လေးနေရာမှာ ဖြစ်ကြောင်းနဲ့  ဘုရားသုံးဆူစေတီ အစစ်အမှန်ရှိရာ နေရာ ဖြစ်ပြီး နောင်ခောတ်လူအများ မသိရှိရလေအောင် ရေကန်ကြီးတစ်ခုအဖြစ် ဖန်တီးလုပ်ခဲ့ပြီး အဆိုပါ ဘုရားသုံးဆူစေတီ အစစ်အမှန် ရေအောက်တွင် ရှိနေကြောင်း ပြောဆိုတာ ကြားသိခဲ့ရပါတယ်။ အဆိုပါ စမ်ခဘူရီမြို့ ဟာ ထိုင်းနိုင်ငံ မြို့ ဖြစ်တာမို့  မည်သူမှ မသိနိုင်ကြောင်းလည်း ထပ်မံပြောဆိုခဲ့တာ သိရပါတယ်။ ဒီပြောဆိုမှုကို ကျွန်တော် တစ်ဦးတည်းသာ ကြားသိရတာ မဟုတ်ပါ။
သာမန်အားဖြင့် ဒီပြောဆိုမှုတစ်ခုကိုသာ ကြားခဲ့ရတာဆိုရင် ပါးစပ်ရာဇ၀င်လို့  သာ သဘောထားလိုက်လို့ ရပေမယ့်၊ ကျွန်တော်ရောက်ရှိခဲ့ရာ လက်ရှိဘုရားသုံးဆူနေရာ၊ စမ်ခဘူရီမြို့ လေးနေရာနဲ့  စမ်ခဘူရီရေကန်၊ ကမ်ချနဘူရီမြို့ တွေရဲ့ မြေနေရာတွေအနေအထား၊ ကျွန်တော် မြင်ခဲ့ရတဲ့ ထိုင်းနိုင်ငံ ဘုရားသုံးဆူဒေသမြေပုံတွေကို ဆက်စပ်လိုက်တဲ့အခါမှာ ကျွန်တော်တို့  မြန်မာနိုင်ငံ နယ်နမိတ် မှန်ကန်မှု ရှိပါသေးရဲ့ လားဆိုတာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့  သိချင်လိုစိတ် ပေါ်ပေါက်ခဲ့ပါတယ်။
ကျွန်တော် ဘုရားသုံးဆူဒေသမှာ မြင်တွေခဲ့ရတဲ့ ထိုင်းနိုင်ငံစာအုပ်တစ်အုပ်ကို အခက်အခဲများ မပြည့်စုံမှုများကြောင့် မှတ်တမ်း မရယူလိုက်ရပေမယ့်၊ ယခုခေတ် တိုးတက်တဲ့ နည်းပညာခေတ်မှာ ပြန်ရှာကြည့်လိုက်မိပါတယ်။ မြန်မာနိုင်ငံနဲ့  ထိုင်းနိုင်ငံမြေပုံတွေ အတော်များများဟာ ယခင် မြေပုံအဟောင်းများအတိုင်းသာ ဖြစ်နေတာ တွေ့ နေရပါတယ်။
ရှာရင်း ရှာရင်းနဲ့  ကျွန်တော် မြင်ခဲ့ရသော၊ ကျွန်တော် သိချင်နေခဲ့တဲ့ အကြောင်းအရာ၊ ကျွန်တော့် အမိနိုင်ငံရဲ့  နယ်မြေအတွက် ကျွန်တော် တစ်ဦးတည်းအတွက် အရေးကြီးခြင်းသာမက ဖြစ်တယ်လို့ ခံယူတဲ့ မြေပုံ ရှာတွေ့ လိုက်ရပါပြီ။ အဲ့ဒါကတော့ ကျွန်တော်တို့  သင်ခဲ့ရ၊ မြင်တွေ့ ခဲ့ရ၊ မြန်မာနိုင်ငံတော် မြေပုံဆိုပြီး တရားဝင်ဖော်ပြနေတာ တွေ့ နေရတာတွေထဲမှာ မမြင်ရတဲ့ ဘုရားသုံးဆူဒေသ နေရာပြထားတာကို ယခုနှစ်ဆန်း ၂၀၁၆ ခုနှစ် Google Map မှာ အထင်အရှားကြီး ပြန်တွေ့ လိုက်ရတာပါ။
ကျွန်တော် ရောက်ရှိခဲ့တဲ့ ဘုရားသုံးဆူဒေသရှိ ဘုရားသုံးဆူစေတီ သုံးဆူရှိရာနေရာဟာ ဘာကြောင့် မြန်မာနိုင်ငံမြေပုံမှာ မပါတဲ့ မြန်မာ့မြေပိုင်နက်အတွင်း လက်ချောင်းလေးတစ်ချောင်းပုံကဲ့သို့  ထိုင်းနိုင်ငံ ပိုင်နက်မြေအဖြစ် ထိုင်းမြေပုံမှာ ပြသတာလည်းဆိုတာ။ ထိုင်းနိုင်ငံ မြေပုံအတိုင်း တကယ်လည်းဘဲ ဖြစ်နေတယ်ဆိုတာ ဘုရားသုံးဆူဒေသရောက်သူတွေ သိရှိကြမှာပါ။
လက်ရှိ ဘုရားသုံးဆူ စေတီသုံးဆူနေရာကို ရောက်ရှိဖို့ အတွက် ထိုင်းနိုင်ငံဘက်နေ ကြည့်မယ်ဆိုရင် ကမ်ချနဘူရီမြို့ ကြီးမှတစ်ဆင့် စမ်ခဘူရီမြို့ လေးကို သွားရပါတယ်။ စမ်ခဘူရီမြို့ လေးမှတစ်ဆင့် လာတဲ့အခါ ဘုရားသုံးဆူရောက်ခါနီး မြင့်မားတဲ့ တောင်တန်းကြီးကို ကွေ့ ဝိုက်ပြီး လာတဲ့ လမ်းမကြီးရဲ့  ဘေးတစ်ဘက်တစ်ခြမ်းဟာ ဘုရားသုံးဆူကိုရောက်ခါနီးမှာ မြန်မာနယ်မြေဖြစ်နေတာမို့  လက်ချောင်းလေးတစ်ချောင်းပုံဟာ ထိုင်းနိုင်ငံက ဖောက်လုပ်ထားတဲ့ ကတ္တရာလမ်းမတစ်ခုသာ ဖြစ်နေပါတယ်။ အဲ့ဒီ ကတ္တရာလမ်း ဘေးဘယ်ညာတွေဟာ ထိုင်းနိုင်ငံရဲ့ နယ်မြေတွေ မဟုတ်ပါလျက်နဲ့  ဒီလိုဖြစ်နေရတာလည်း။ ဘုရားသုံးဆူ စေတီသုံးဆူ အစစ်အမှန်ဟာ စမ်ခဘူရီမြို့ လေးရဲ့  ရေကန်ကြီးအောက်မှာ ရှိနေပြီး ဘုရားသုံးဆူစေတီ သုံးဆူအဖြစ် လက်ရှိနေရာကို ဖန်တီးတည်ဆောက်ခဲ့သလား၊ ဘာကြောင့် မြန်မာနိုင်ငံရဲ့  မြေပုံမှာ မရှိတဲ့ နယ်နမိတ်နေရာအတွင်း ကျွန်တော် မြင်တွေ့ ခဲ့ရဖူးတဲ့အတိုင်း ယခု Google Map ပါအတိုင်း မြန်မာနိုင်ငံမြေပုံအတွင်း ထိုင်းနယ်မြေက လက်ချောင်းကလေး ၀င်နေရတာလည်းဆိုတာ လွန်ခဲ့သော နှစ် ၂၉ ခုနှစ်တုန်းက ကျွန်တော့် အတွေးထဲ တေးမှတ်ထားတာ ပြန်လည်တိုက်ဆိုင်နေရတာပါလည်း စသဖြင့် ထူးဆန်းနေပါတော့တယ်။
ဒီတော့ ထိုင်းနိုင်ငံရဲ့  ကမ်ချဘူရီမြို့  ဘယ်တုန်းက စတင်ခဲ့သလည်း၊ စမ်ခဘူရီဒေသ ဘယ်တုန်းက စတေင်ပေါ်ပေါက်ခဲ့သလည်းဆိုတာကိုလည်း ထပ်မံအသေးစိတ် လေ့လာကြဖို့  လိုပါတယ်။ သို့ မှသာ ဘုရားသုံးဆူဟာ အမှန်တကယ် ဘယ်နေရာမှာ ရှိခဲ့သလည်းဆိုတာ သိရမှာပါ။
ကျွန်တော့် ရင်ထဲမှာ တကယ်ကို သိချင် မေးချင်တာကတော့ ကျွန်တော်တို့  မြန်မာနိုင်ငံကြီးရဲ့  နယ်နမိတ်တွေ တကယ်ဘဲ မှန်ကန်သေးရဲ့ လားဆိုတာ မေးစရာဖြစ်လာပါပြီ။ ထိုင်းနိုင်ငံနဲ့  ဆက်စပ်နေတဲ့ နယ်နမိတ်မှ မဟုတ်ပါ။
ကျွန်တော် မြန်မာနိုင်ငံသားတစ်ယောက်ပါ။ မြန်မာမြေ မြန်မာနယ်နမိတ်ကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုတာ မြန်မာနိုင်ငံသား တစ်ဦးချင်းစီတိုင်းမှာ တာဝန်အပြည့်ရှိပါတယ်။
ဝါဒဖြန့် ရုံ လုပ်ပြီး တိုင်းပြည်နဲ့  အမျိုးကို ပါးစပ်က ချစ်ပြပြီး ကယ်တယ်ရှင်ကြီးအဖြစ် အမြင်ကပ်လောက်အောင် ကုန်းအော်နေကြတဲ့သူတွေ ဒီအဖြစ်အပျက်ကို ဘယ်လို လက်တွေ့  သိအောင်လုပ်ကြမလည်းလို့ လည်း မေးလိုက်ချင်ပါတယ်။ မြန်မာနိုင်ငံကြီးရဲ့  လက်ရှိ နယ်နမိတ်တွေ မှန်ပါသေးရဲ့ လားလို့ ။
ကျွမ်းကျင်သူ၊ တာဝန်ရှိသူတွေ၊ တိုင်းပြည်ချစ်သူတွေ ၀ိုင်းဝန်း စုံစမ်းလေ့လာ ဖော်ထုတ်ပေးကြစေလိုပါတယ်။





 No automatic alt text available.

 No automatic alt text available.
 No automatic alt text available.
 

Sunday, July 16, 2017

ဒေါ်အောင်ဆန်းစုကြည် ပြေးတွေ့ရမယ့် မွေးစားခံရခြင်းဘေး ..


——————————————————————————
သီဟသွေး, The Speaker
BurmaDemocracy, 15 July 2017
အခုတလော တိုင်းပြည်မှာ စိတ်ဓါတ်ကျစရာ ၊မျှော်လင်ချက် မဲ့သလို ခံစားရစရာ အကြောင်းကိစ္စတွေ အများအပြားအကြားမှာ စိတ်အားတက်စရာ ၂ ခု ကြုံခဲ့ရ ကြားခဲ့ကြရပါတယ် ။ အဲဒါတွေ ကတော့ မကြာသေးမှီက ရန်ကုန်မြို့မှာ ပြုလုပ် ခဲ့သော အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ ညီလာခံ မှာ ပြောကြားတဲ့ သဘာပတိ ဦအောင်ကြည်ညွန့် ရဲ့ တပ်လှန့်သတိပေးပြောကြားချက် မိန့်ခွန်းနဲ့ ယခု ဇူလိုင်လ ၁၀ ရက်နေ့ နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ထုတ်ပြန်ကြေညာသော အခမ်းအနားမှာပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းတွေပဲဖြစ်ပါတယ် ။ ဒီ မိန့်ခွန်းနှစ်ရပ်စလုံး ဟာ နိုင်ငံတော်ရဲ့ အထွေထွေ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စတွေ မှာ လက်တွေ့ကြုံကြိုက်နေရတဲ့ အဆင်မပြေမှုတွေ ၊ လွဲချော်တိမ်းစောင်းမှုတွေ ၊ မအောင်မြင်နိုင်မှုတွေကို အမှန်တကယ် ထင်ဟပ်နေပြီး ဒီမိန့်ခွန်း ၂ ခုမှာ ချိတ်ဆက်မိနေတဲ့ တိုင်းပြည်မှာအကြီးမားဆုံးလှိုက်စားနေသော ပြဿနာအချို့ ရဲ့ အခြေခံသဘောတရား၂ ခု ပါရှိနေတာပဲဖြစ်ပါတယ် ။ အဲဒါကတော့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့် ပြောကြားခဲ့တဲ့ အာဏာ ရ " အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ နဲ့ပါတီ မှာ ကြုံတွေ့နေရတဲ့ မွေးစားခံရခြင်းဘေး အန္တရာယ် နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ " ကာလရှည်ကြာစွာ အမြစ်တွယ်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု အကျင့်စရိုက် ဟောင်းများကို ပယ်ဖျက်ပစ်ပြီး ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ခက်ခဲရှုပ်ထွေးပါကြောင်း " ဆိုတဲ့ အချက်တွေပဲဖြစ်ပြီး ဒီ သဘောတရားတွေ နဲ့ လက်တွေ့ မြေပြင်မှာ နောက်တစ်ကြိမ် အားယူနေတဲ့ အဂတိတရားရဲ့ ခြေရာဖျောက်လှုပ်ရှားမှု အခြေအနေတွေဟာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ နလံထူပြီးတိုးတက်မှုရှိလာဖို့၊ သန့်ရှင်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်လာဖို့ အတွက်ကြီးမားတဲ့ စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့ အတိုင်းပဲ ဘယ်လို ကောင်းမွန်ထက်မြက်တဲ့ မူဝါဒ တွေ အယူအဆတွေ စီမံကိန်းတွေ ၊ တွက်ချက်မှုတွေ ရှိနေပါစေ အဲဒါတွေကို လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်ပေးရမယ့် အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တယားဟာ ကောင်းမွန် သန်စွမ်းနေဖို့ ၊ အားနည်းချို့ယွင်းချက်တွေ မရှိစေဖို့ ဟာ အလွန်ပဲ အဓိကကျပါတယ် ။
အခု ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ ဒီ အိုဟောင်း ချိနဲ့နေတဲ့ ဗျူရိုကရေစီ ယန္တယားကြီးကို အစိုးရသစ်ရဲ့ ပေါ်လစီ မူဝါဒ အသစ်တွေ နဲ့ အပ်ကျမတ်ကျ အပြည့် အဝ အကောင်ထည်ဖေါ်ထမ်းဆောင်နိုင်မယ့် အရည်အသွေးတွေ ၊ အာမခံချက်တွေ ရှိလာအောင် ပြုပြင်ပြောင်းလဲ မွန်းမံတည်ဆောက်တော့မယ် မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲချမှတ် ပြီး ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ် ။ ဘာပဲပြောပြော တိုင်းပြည် ဆင်းရဲ့နိမ့်ကျ ရခြင်းရဲ့ အဓိကတရားခံတွေအထဲက တစ်ခုဖြစ်တဲ့ ဒီ အုပ်ချုပ်ရေးယန္တယား ကို ပယ်ပယ် နယ်နယ် ပြုပြင် ပြောင်းလဲတည်ဆောက် ဖို့ အစိုးရသစ်အနေနဲ့ ခုလို ကိုင်တွယ်ဆောင်ရွက်လိုက်တာဟာ တိုင်းပြည်ရဲ့ လက်တွေ့ပြဿနာထဲကို ခုမှ အမှန်တကယ် ဆင်းသက်လိုက်တာပဲဖြစ်ပါတယ် ။ သို့သော်လည်း ဒါဟာ အလွန်မာယာများတဲ့ တောနက်ကြီးထဲကို ဆင်းလိုက်တာလည်းပဲဖြစ်တယ်လို့ ဆိုရင်မမှားဘူးလို့ဆိုရမှာပဲဖြစ်ပါတယ် ။
ဗျူရိုကရေစီ အုပ်ချုပ်ရေး ယန္တယား ဆိုတဲ့ မြန်မာနိုင်ငံ ရဲ့ ဝန်ထမ်းလောက ဟာ ဒုစရိုက် အရာမှာ အလွန်ဝါကြီးခဲ့ပါတယ် ။ အကြောင်းကတော့ ၁၉၆၂ ခုနှစ်ကစလို့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ဟာ ဝန်ထမ်းတွေ ပဲဖြစ်ပြီး လွတ်လပ်ရေး ရပြီးခါစ အခြေခံကောင်းတွေ အခြေအနေကောင်းတွေရှိနေခဲ့တဲတိုင်းပြည်ကို ဆင်းရဲ ဒုက္ခများစွာနဲ့ မွဲပြာကျသွားအာင် လုပ်ခဲ့ကြတာလည်း ဝန်ထမ်းတွေ ဦးဆောင်တဲ့ အစိုးရအဆက်ဆက်ကြောင့်ပဲဖြစ်ပါတယ် ။ ဒီလို နှစ်ပေါင်း ၅၀ လောက် တိုင်းပြည်မှာ စိတ်ကြိုက် ထင်တိုင်းမင်းမူ ခဲ့ကြတဲ့ ဝန်ထမ်း နိုင်ငံရေးလောက နဲ့သူတို့ တည်ဆောက်ခဲ့ကြတဲ့ သစ္စာတော်ခံ ယန္တယား အဆောက်အဦးကြီးဟာ ဆရာမွေး တပည့်မွေး ၊ အထက်အောက်အပြန်အလှန်နေရာပေး ရှာကျွေး ၊ (quota) ကိုဒါ ဝေပေး ၊ အလှည့်ကျ နေရာပေး စတဲ့ အဂတိတရား နဲ့ ကိုယ်ကျိုးရှာ စနစ်များကို ဖန်တီး သွတ်သွင်းခဲ့သည် အထိ အကျင့်ပျက်ခြစားမှု ကို စနစ်တကျ အုတ်မြစ်ချခဲ့ကြပြီးဖြစ်ပါတယ် ။ ဒါကြောင့်အဓိက အားဖြင့် ဒီကနေ့ ဗျူရိုကရေစီ ယန္တယား ဝန်ထမ်းလောကကြီးရဲ့ အဂတိတောအုပ် ထဲမှာ လွှမ်းခြုံ စိုးမိုးနေတဲ့ တရားကတော့ ကိုယ်ကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးပဲဖြစ်ပါတယ် ။ ဒါကြောင့် အခု လိုပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ကြွေးကြော်သံ နဲ့ ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရ လက်ထက်မှာ ဝန်ထမ်းလောက ပြုပြင်ပြောင်းလဲရေး ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေ ကို ဆောင်ရွက်လာတဲ့ အခါမှာ တစ် ဖက် ကိုယ်ကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးက ဘယ်လို ခုခံရင်ဆိုင်မလဲဆိုတာဟာ အရေးပါလာပါတယ်။ ကျွန်တော်တို့ အခုလက်တွေ့ မှာတွေ့မြင်နေရသလောက် ကိုယ်ကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးဘက်က မဟာဗျူဟာမြောက် ခုခံရင်ဆိုင်ရေး နည်းလမ်းကတော့ မွေးစားခြင်းပဲဖြစ်ပါတယ် ။
မွေးစားခြင်း ဆိုတဲ့ ဘေး တနည်း အားဖြင့် အဂတိသမား မတော်လောဘ ကိုယ်ကျိုးသမားတွေ ဆွဲကိုင်လာကြတဲ့ မွေးစားခြင်းနည်းလမ်းဟာ အချိန်အခါ တိုင်းပြည်မှာဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး အခြေအနေ အချိန်အခါတွေကြောင့်ဖြစ်ပါတယ် ။ အရင်ကတော့ ဝန်ထမ်းလောကကြီး ဟာ သူ အထာကျပြီးသား ကိုယ်ပိုင် ဂွင်"ယဉ်ကျေးအမွေအနှစ်တွေနဲ့ အတူ ဂိုဏ်းစဉ်ဂိုဏ်းဆက် တက်ဆင်းမင်းမူရင်း လုပ်ကွက်ဖန်တီး ပေးကမ်းဝေငှ ခွဲယူခြင်း ၊ ပုံမှန် လိုင်းကြေး အလှည့်ကျရယူခြင်းအပါအဝင် ပြောင်းရွှေ့ကြေးဈေးကွက်တွေနဲ့ထွန်းကားစည်ပင်ပြီး ဂါရဝ တရားတွေ နဲ့ အလွန်သာယာနေခဲ့တာပါဖြစ်ပါတယ် ။ ဒါကြောင့် ဝန်ထမ်းအုပ်ချုပ်ခဲ့ တဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာ အျားစွာသော သယံဇာတတွင်းထွက် ရတနာတွေ ပိုင်ဆိုင်ထားတဲ့ တိုင်းပြည်မှာ ဘက်စုံချွတ်ခြုံကျခဲ့ပြီး ဝန်ထမ်းအကြီးအကဲဆိုသူတွေ ၊ နိုင်ငံအကြီးအကဲဆိုသူတွေ ဟာ ကျောက်မြတ်တွင်းပိုင်ရှင်သူဌေးကြီးတွေလို ၊ ဘဏ်ပိုင်ရှင်ကြီးတွေလို ရေနံတွင်းပိုင်ရှင်သူဌေးကြီးတွေလို ကမ္ဘာ့အဆင့်မှီ သူကြွယ်ကြီးတွေ ဖြစ်ကုန်ကြတာပဲဖြစ်ပါတယ် ။ ဒီလို သာယာနေကြ တဲ့အချိန်မှာပဲ ၂၀၁၅ ရွေးကောက်ပွဲရလဒ် အကောင်အထည်ပေါ်လာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရတက်လာတဲ့ အတွက် ဗျရိုကရေစီ ယန္တယားတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ပြီး မှင်သတ်သွားခဲ့ပါတယ်။ သို့သော်လည်း ဝန်ထမ်းလောက ရဲ့ ဂိုဏ်းစတားတွေကတော့ ငယ်မွေးခြံပေါက် အိမ်ရှင်များပြီပြီ အခြေအနေကို လေ့လာအကဲခက်ရင်း အစိုးရသစ်က ဗျူရိုကရေစီ ယန္တယားကို ဘယ်လို ဘယ်ပုံ ပြောင်းလဲ ပြုပြင် ကိုင်တွယ်မလဲ ၊ ငါတို့ ရှိရင်းစွဲ လက်ငုတ်လက်ရင်းလေးတွေကို ဘယ်လို လက်စသိမ်းထားမလဲ ဆိုတဲ့စောင့်ကြည့်လေ့လာ အနေအထားမှာ ရှိနေခဲ့ပါတယ် ။
တကယ်တန်း ဗျရိုကရေစီ ယန္တယားရဲ့ အဂတိလိုက်စားမှု လမ်းကြောင်းတွေ နည်းနာ နိသယတွေ ၊ ဆက်နွယ်ပတ်သက်မှုတွေ ချိတ်ဆက်မှုတွေဟာ အလွန်ရှုပ်ထွေးနက်နဲလှပါတယ် ။ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တယား ရဲ့ အကျင့်ပျက်ခြစားမှု ကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် လုပ်ငန်းခွင်သဘောတရားအလိုက် ပြင်ပစီးပွားရေး ကမ္ဘာက မတော်လောဘ သမား ၊ တိုင်းပြည်မှာဖြစ်ချင်တာဖြစ် ကိုယ်ကျိုးစီးပွားအတွက် ဝန်ထမ်း ကြီးငယ် အဆင့်ဆင်ကို ငွေနဲ့ပေါက် ဖျက်ဆီး သိမ်းသွင်းပြီး တိုင်းပြည် ဘဏ္ဍာ နဲ့ သယံဇာတ ကိုမှ ပစ်မှတ်ထား လုပ်စားနေတဲ ဝိသမလောဘသား ခရိုနီ ခရိုနက် ၊ နာမည်ကျော်၊ နာမည် မထွက် များသည်လည်း အပါအဝင်ဖြစ်ပါတယ် ။ အရပ်သား အစိုးရသစ်တက်လာတဲ့အချိန်မှာ ရှေ့ဆက် စီးပွားလမ်းဖြောင့်ဖြူးရေးဟာလည်းသူတို့ အတွက် မသေချာမရေရာတဲ့ အနေအထားကိုရောက်ရှိသွားပါတယ် ။ တိုင်းပြည် အုပ်ချုပ်ရေး ယန္တယား အကျင့်ပျက်ခြစားခြင်းအနေအထား ၊ နယ် ပယ် အမျိုးရှိရှိကြပေမယ့် တိုင်းပြည်အပေါ် ဆိုးကျိုး သက်ရောက်မှုတွေ ကို ခြုံငုံကြည့်မယ်ဆို အဖြေက ၂ မျိုးပဲရှိပါတယ်။ အဲဒါကတော့ တိုင်းပြည် ရဲ့ ဘဏ္ဍာ ကို မတရား သဖြင့် ပေးဆပ် လိုက်ရခြင်း နဲ့ တိုင်းပြည် မှာရသင့်တဲ့ ဘဏ္ဍာ ကို တရားသဖြင့် မရရှိလိုက်ခြင်းဆိုတဲ့ ဆုတ်ရုတ်မှု ဆိုးကျိုးတွေပဲဖြစ်ပါတယ် ။ ဒီနေရာ မှာ ဗျရိုကရေစီ ယန္တယားရဲ့ အကျင်ပျက်ခြစားမှု ဟာ အဲဒီ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှုကို စနစ်တကျ ဖန်တီးပြီး ကိုယ်ကျိုးစီးပွားအဖြစ်ပြောင်းလဲပစ်နေတဲ့ ကပ်ဆိုးကြီးပဲဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ဒီကနေ့တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့အကျင့်ပျက်ခြစားမှု ဆိုတာ ဟာ တိုင်းပြည်ရဲ့ တရားဝင် စီမံကိန်းတွေ ၊ အခြေခံ အဆောက်အဦးတည်ဆောက်မှုတွေ ၊ သယံဇာတ ထုတ်ယူ သုံးစွဲမှုတွေ မှာ တရားဝင်ပူးပေါင်းဆောင်ရွက်ခွင့်ကို အသုံးချပြီး အကျင့်ပျက်ဝန်ထမ်းလောက နဲ့ တကိုယ်ကောင်းသမား စီးပွားရေး သမားတွေ ရဲ့ တရားဝင်နောက်မီးလင်းမှုကြီးပဲဖြစ်ပါတယ် ။
ဒီနောက်မီးလင်းမှု ကြီးရဲ့ အိမ်ထောင်သက်တမ်းဟာ အတော်လေးရင့်မာလာတာနဲ့ အမျှ သူတို့ရဲ့ဆက်ဆံရေးဟာ တိုင်းပြည်ရဲ့ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တယားမှာ အိမ်ရှင်လိုဖြစ်လာပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ အစိုးရဟာ ဧည့်သည်လိုဖြစ်နေပါတယ်။ အစိုးရသစ် တာဝန်ယူမှု အစကာလမှာ လည်း ဒုသမ္မတ ကိုယ်ရေး အရာရှိတစ်ယောက်ကို ပုဂ္ဂလိက ကုမ္ပဏီကြီးတစ်ခုက ငွေသား လက်ဆောင်ပေးအပ်ခဲ့မှုကို ကိုယ်ရေးအရာရှိကိုယ်တိုင် ဖွင်ချခဲ့တဲ့အတွက် ဗျူရိုကရေစီ ယန္တယားအကျင့်ပျက်ဝန်ထမ်းလောက နဲ့ စီးပွားရေး ဂိုဏ်ဂနတွေကြားက နောက်မီးလင်း အိမ်ထောင်ရေးလောကမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါသေးတယ် ။သိုသော်လည်း နိုင်ငံရဲ့ အုပ်ချုပ်ရေးဂယန္တာယား အိမ်ရှင်လိုဖြစ်နေတဲ့အကျင်ပျက်ခြစားမှုဟာ လွယ်လွယ်နဲ့ လက်လျှော့မသွားပဲ ကောင်းနိုးရာရာ နည်းလမ်းတွေကို ရှာဖွေလာခဲ့တာ အခုဆိုရင် မွေးစားခြင်နည်းလမ်းတွေ ကိုကြံဆ အသုံးပြုလာကြတာတွေ ကြားသိနေရပြီဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ပြောင်းလဲ လာတဲ့ ခေတ်စနစ်အနေအထား အရ တတိယ လူ Third party ရဲ့ အခန်းကဏ္ဍ ဟာ ပေါ်ထွက်လာပါတယ် ။ ရွေးကောက်ခံ အစိုးရ ကိုယ်တိုင်က တိုင်းပြည် နဲ့ အစဉ်အမြဲ တည်ရှိနေမယ့် အုပ်ချုပ်ရေး ယန္တယား အကြားမှာ တတိယ လူလိုဖြစ်လာပါတယ် ။ နောက်တခါ ငွေကြေး အရင်းအနှီး ကုန်ကျမှု ပမာဏ ကြီးမားတဲ့ နိုင်ငံတော်စီမံကိန်းတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ထံ လုပ်ပိုင်ခွင့်တွေ ပစ္စည်း တင်သွင်းခွင့်တွေ ချပေးတဲ့အခါမှာလည်း အရည်အသွေး အကဲဖြတ်ဖို့၊ ကုန်ကျစားရိတ် စာရင်းဇယားတွေ မှန်မှန်ကန်ကန်ဖြစ်ဖို့ဆိုတဲ့ အခန်းကဏ္ဍ ဟာ အရေးပါလာပါတယ်။ ဒါကြောင့် ကြားကနေ ဘက်မလိုက်ပဲ အရည်အသွေး စစ်ဆေးအကဲဖြတ်ပေးမယ့် တတိယ ကြားနေ ကျွမ်းကျင် အဖွဲ့အစည်း ကုမ္ပဏီတွေ ရဲ့ အခန်းကဏ္ဍပေါ်ထွက်လာပါတယ် ။ ဒါကြောင့် ဒီကနေ့ အစိုးရ အုပ်ချုပ်ရေး ယန္တယားနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ စီမံကိန်း အခြေပြု စီးပွားရေးလုပ်ငန်းတွေ ၊ အစိုးရ လိုအပ်ချက်ဖြည့်ဆည်းရေးဆိုင်ရာဝယ်ယူတင်သွင်းမှုတွေ ၊ စတဲ့ အကျိုးအမြတ် အလွန်တရာ ကြီးမားတဲ့ လုပ်ငန်းကြီးတွေ မှာ တတိယလူ အခန်းကဏ္ဍဟာ ပေါ်ထွက်လာပါတယ် ။ ဒါကြောင့် အကျင့်ပျက်ဝန်ထမ်းလောက နဲ့ ဝိသမလောဘ စီးပွားရေးသမားတွေဟာ သူတို့ ရဲ့လုပ်ငန်းတွေ ရှေ့ဆက်ရှင်သန်နိုင်ဖို့ အတွက် ဗျူဟာအသစ်တစ်ရပ်အနေနဲ့ လုပ်ငန်း အကျိုး အမြတ်ခွဲဝေမှုကို ခါတိုင်း ၂ ပုံ ပုံထားရာကနေ ဒီကနေ့ ၃ ပုံ ပုံလိုက်ပြီဖြစ်ပါတယ်။ တတိယတစ်ပုံကတော့ ကျွန်တော်အပေါ်မှာပြောခဲ့တတိယ လူတွေအတွက်ဖြစ်ပါတယ် ။ ဒါကြောင့် ဒီကနေ့လေ့လာကြည့်တဲ့ အခါ တတိယ အဖွဲ့အစည်းဖြစ်တဲ့ အရည်အသွေးစစ်ဆေး အကဲဖြတ်တဲ့ အဖွဲ့တွေ၊ စာရင်းစစ် အဖွဲ့တွေ ကို မွေးစားဖို့လုပ်နေကြပြီဆိုတာတွေ့ရပါတယ် ၊ တချို့လည်း ကိုယ်တိုင် ကမကထလုပ်ပြီး စစ်ဆေးရေးကျွမ်းကျင် ကုမ္ပဏီတွေ ကြိုတင်ပြင်ဆင်နေကြပြီဆိုတာကြားသိရပါတယ်။ နောက်ထပ်အရေးပါတဲ့ တတိယလူတွေဖြစ်တဲ့အဏာရပါတီက လုပ်ပိုင်ခွင့်တွေဆီ ပေါက်ရောက်နိုင်လောက်တဲ့ ပါတီခေါင်းဆောင်တွေဆီကိုလည်း ချဉ်းကပ်ပြီး မွေးစားဖို့ကြိုးပမ်းအားထုတ်နေကြပြီဆိုတာကိုလည်းကြားနေရပြီဖြစ်ပါတယ် ။ ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ချက်ကိုပြောချင်တာက အဂတိလောက ဟာ ငြိမ်သက်နေပေမယ့် အားကောင်းပါတယ်၊ အောက်ခြေ ဝန်ထမ်းလောက နဲ့ ပြင်ပကမ္ဘာဟာဆင်းရဲပါတယ် ။ ဒါကြောင့် အဂတိ ကိုတိုက်ဖျက်ဖို့ကြိုးစားကြတဲ့အခါမှာ အလွန် သဘောမနောကောင်းပြီး အလိုလိုက် အကြိုက်ဆောင် အလိုက်သိ ပါးနပ်လှတဲ့ အဂတိရဲ့ မွေးစားခြင်းဗျူဟာ ကိုတော့ အထူး သတိထားရပါလိမ့်မယ် ။ အာဏာရပါတီကြီးအနေနဲ့ လည်း ကိုယ့် ပါတီဝင်တွေ အနေနဲ့ ပြင်ပစီးပွားရေးသမားတွေ နဲ့ ဆက်ဆံတဲ့အခါ မှာ အလွန်သတိထားဖို့ ပါတီရဲ့ ပုံရိပ်ကို ထိန်းဖို့ အထူးကျပ်မတ်ဖို့လိုအပ်ပါတယ် ။ ကျွန်တော်သိသလောက် ဝန်ထမ်းတွေ အတွက် လက်ဆောင်ပဏာ လက်ခံမှုဆိုင်ရာ သတ်မှတ်စည်းကမ်းတွေ ရှိပေမယ့် ပါတီမှာရှိတယ်လို့ မကြားမိသေးပါဘူး ။ ဒီကနေ သက်တမ်းအားဖြင့် နှစ် ၅၀ ရှိပြီဖြစ်တဲ့ အကျင့်ပျက်ခြစားမှု ဟာနောက်တစ်ကြိမ် တိုင်းပြည်ကို ဝါးမြိုဖို့ အားယူ ထကြွလာပြန်ပြီဖြစ်ပါတယ် ၊ ဒီတခါတော့ တတိယ လူကို မွေးစားဝါးမြို့ဖို့ နည်းလမ်းနဲ့ စတင်လာနေပြီဖြစ်ပါတယ်။
အခုဆို နိုင်ငံတော် ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က အချိန်ကိုက် ဝန်ထမ်းပြုပြင်ပြောင်းလဲရေး ဗျူဟာကိုချမှတ်လိုက်ပြီဖြစ်ပါတယ်။ သူမအနေနဲ့ လည်း ဒီ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး ယန္တယား မှာ သပွတ်အူလိုက်နေတဲ့ အကျင့်ပျက်ခြစားမှုဟာ လွယ်လွယ်နဲ့ တိုက်ဖျက်လို့မရနိင်ဘူးဆိုတာသိနေပါတယ် ။ သို့သောလည်းသူမ အနေနဲ့ ဒီအတွက် အရာရာကို ရင်ဆိုင်ဖို့ပြင်ဆင်ထားပြီး အောင်မြင်ရမယ်လို့ ယုံကြည်ထားပုံရပါတယ် ။ ဒါကြောင့် အဂတိဘက် မွေးစားခြင်းဗျူဟာနဲ့ အခု အတိုင်ပင်ခံ ချမှတ်လိုက်တဲ့ နိုင်ငံ့ ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး ဗျူဟာ ဘယ်သူကသာမလဲ ဆိုတာ ကြည့်ကြရအောင်ပါ .. မြန်မာပြည်ကြီး ကံကောင်းပါစေ .. လို့သာ ...။
သီဟသွေး
The Speaker သတင်းဂျာနယ်
အတွဲ(၁)၊ အမှတ် (၃၂)
ဇူလိုင် ၁၃
Ko Thiha Thwe's Facebook မှကူးယူဖော်ပြပါသည်။#BurmaDemocracy

Saturday, July 15, 2017

ထူးအိမ်သင် ရေးခဲ့သော "အရေးကြီးပြီ" သီချင်းဖြစ်ပေါ်လာပုံ...။


၁၉၈၈  စက်တင်ဘာလ ၁၈ ရက် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကျနော်သည် ပြည်တွင်းတွင် နေထိုင် ရန်အခြေအနေမပေးတော့သောကြောင့်  ၁၉၈၈ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်တက္ကသိုယ်ကျောင်းသား(၇) ယောက်နှင့်အတူ ရန်ကုန်မှမော်လမြိုင်သို့စတင် ထွက်ခွာခဲ့ပါတယ် ၊မော်လမြိုင်တွင် သူတို့အစီအစဉ်နှင့်လာခဲ့ကြသော ၊ကိုမွန်းအောင်၊ ထူးအိမ်သင် တို့နှင့် သီးခြားစီ ဆုံခဲ့ကြပါတယ် ကျနော်တို့ နယ်စပ်ကို အတူတူသွားကြရန် စီစဉ်ခဲ့ကြသော်လည်း လမ်းပြစီစဉ်သူ၏အစီအစဉ်ကြောင့် ထူးအိမ်သင်တို့ က တသုတ် ၊ကိုမွန်းအောင်၊ဘစောထွန်း၊ ကျနော်တို့ အုပ်စုနဲ့က တသုတ်ဖြစ်သွား ခဲ့ကြပါတယ် ၊နောက် နယ်စပ် ဘုရားသုံးဆူမှာ အားလုံးပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်၊ထို့နောက် ၁၉၈၈ နိုဝင်္ဘာလ တွင် ကရင်နယ်မြေ  ၀မ်ခ (ကော့မူးရာ )စခန်းတွင်ကျင်းပသော ABSDF ညီလာခံ တက်ရောက်ရန်  သွားခဲ့ကြရာတွင် ကျနော်နှင့်အတူ ကိုမွန်းအောင် ၊ထူးအိမ်သင် တို့အတူလိုက်ပါခဲ့ကြပါတယ်၊  ညီလာခံမှာ  သူတို့က လေ့လာသူတွေအဖြစ်သာ တက်ရောက်ခဲ့ပါတယ် ၊ညီလာခံပြီး နောက်တရက်မှာနိုဝင်္ဘာလ ၆ ရက်နေ့မှာ ရခိုင် ALP  ရုံးရှေ့တွင်  TIME မဂ္ဂဇင်းမှ ကျနော်တို့ကိုအင်တာဗျူး လုပ်ဖို့ပြောလာတဲ့အခါ ကျနော်က ထူးအိမ်သင် ကို အင်တာဗျူးလုပ်ဖို့ ပြောတယ် ..ကျနော်ကအင်တာဗျူးလုပ်ဖို့ အတွက် ငှက်ကြီးကို ကျောင်းသား တီရှပ်တထည် ပေးတဲ့အခါမှာငှက်ကြီးက ကျနော့်ကို "သန်းဝင်း ..အခု အင်တာဗျူးကြောင့် ငါ့ကိုထိခိုက်တာကို ငါဂရုမစိုက်ဘူး ငါ့အမေ အဖမ်းခံရမယ်ဆိုရင် ငါ ဒီအင်တာဗျူး ကိုမလုပ်ချင်ဘူးလို့ပြောပါတယ်..ကျနော်ကဘာမှ မဖြစ်ပါဘူး သူငယ်ချင်းရာ သူတို့ဒီလိုသာ ဖမ်းကြကြေးဆိုရင် အခုတောခိုလာကြတဲ့ရဲဘော်တိုင်း မှာ အမေ ရှိကြတာဘဲ .သူတို့ဖမ်းလို့ဘယ်ကုန်ပါ့မလဲ လို့ ပြောလိုက်တော့ ငှက်ကြီး ဟာ သူ့ အမေကို ချစ်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာသော စိုးရိမ် မှု ပြေလျှော့သွားပြီး.အင်တာဗျူးကိုဆက်လုပ်ခဲ့ပါတယ် ၊ကျနော်ဆိုလိုချင်တာက ငှက်ကြီးဟာ အမေကိုဘယ်လောက်ချစ်သလဲဆိုတာ သိသာစေချင်တာပါ၊ နောက် ကျနော်တို့နဲ့အတူ နယ်စပ်မှာအတူနေကြရင်း သူ့ အမေ ကိုလွမ်းကြောင်းခဏခဏ ကျနော့် ကိုပြောပါတယ်..သူ နှင့်အတူ ကျနော်တို့ အမေနဲ့ ဝေးကွာခဲ့ရသော ဘ၀တူများကို ကိုယ်ချင်းစာ ပြီး ရင်ထဲကထွက်လာသောခံစားချက်များကို နောက်ပိုင်းသူရေးသားသီဆိုခဲ့သော အမေ စီးရီး ဟာ ကျနော်တို့ အလွမ်းဖြေရသော သီချင်းများဖြစ်ခဲ့ပါတယ် ငှက်ကြီးကို ကျေးဇူးတင်ရပါတယ် ..။ ထို့နောက် နိုဝင်္ဘာလ ၁၄ ရက်နေ့တွင် မယ်တလေ (ခရော့ဒေး )စခန်းတွင် ကျင်းပသော DAB ရဲ့ ပထမ ညီလာခံ သို့ တက်ရောက်ခဲ့ရာတွင် ကိုမွန်းအောင်၊ထူးအိမ်သင်ကျနော်နှင့်အတူ လိုက်ပါခဲ့ပါတယ်..ဒီအေဘီ ညီလာခံမှ ကျနော့်ကို ကျောင်းသားကိုယ်စားလှယ်အဖြစ် ဒီအေဘီ ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး ရွေးချယ်ခဲ့ပါတယ် ၊ဒီအေဘီ ညီလာခံအပြီး ဒီအေဘီယာယီရုံးကို မယ်တလေ ( ခရော့ဒေး) စခန်းမှာရုံးဖွင့်ခဲ့ပါတယ် ၊အဲဒီရုံးမှာ ကျနော်က အခန်းတခန်းရခဲ့ပါတယ် .အဲဒီအခန်းမှာ ကျနော်၊ကိုမွန်းအောင်၊ထူးအိမ်သင် အတူနေခဲ့ကြပါတယ် ၊ကျနော်တို့အခန်း ထဲမှာ ဂစ်တာတလုံးရယ်..၊ကက်ဆက်တလုံးရယ် ဒါဘဲရှိပါတယ် ၊ဒီလိုနေထိုင်ရင်းနှင့် တနေ့မှာကျနော်ရက်ကိုတော့ အတိအကျ မမှတ်မိတော့ပါ.. ကိုမွန်းအောင် နှင့် ကျနော်  သောင်ရင်းမြစ်သို့ရေးချိုးရန် ပြင်ဆင်နေချိန် တွင် ကျနော်က ငှက်ကြီးကို လှမ်းမေးလိုက်တယ် ဟေ့ကောင် ..ရေချိုး မလိုက်ဖူးလား ဆိုတော့  မလိုက်တော့ဘူးကွာ မင်းတို့ ပြန်လာရင် ငါ တော်လှန်ရေးအတွက် လက်ဆောင်ပေးစရာရှိတယ် ဒါပေမဲ့ အလကားမရဘူး ငါကို လဖက်ရည် တိုက်ရမယ်လို့ ပြောတယ် ကျနော်ကတော်လှန်ရေးအတွက်ဆိုရင်တော့ တိုက်ရမှာပေါ့ကွာ ဟုပြောပြီး ကျနော် နှင့်ကိုမွန်းအောင် ရေချိုး ထွက်သွားကြပါတယ် ၊ကျနော့် အထင် မိနစ် ၄၀ လောက်အကြာမှာ ကျနော်တို့ အခန်းကိုပြန်ရောက်ခဲ့ကြတယ် ၊ရောက်ရောက်ချင်း ငှက်ကြီးက မင်းတို့အဆင်သင့်ဖြစ်ရင်ပြော လို့ပြောတယ် ၊ကျနော်တို့အ၀တ်အစား လဲပြီးနောက် ကိုမွန်းအောင်၊ ကျနော် ငှက်ကြီး အတူထိုင်ကြပြီး ငှက်ကြီးက ဂစ်တာ ကိုဆွဲကိုင်ပြီး အခု အများသိကြတဲ့ '" အရေးကြီးပြီ " သီချင်းကို တီး ၊ဆို ပြတော့တယ်၊ဆိုပြီး ကြိုက်လား လို့ မေးတော့ ကိုမွန်းအောင် ကကြိုက်တယ်လို့ဖြေတယ် ၊ကျနော်က စာသားတွေပြင်စရာရှိသေးလား ၊မရှိရင် ABSDF ရဲဘော်များကိုစတင်တိုက်ပေးချင်တယ် လို့ပြောတော့ မရှိတော့ဘူး အဆင်သင့်ဘဲလို့ သူကပြောတယ်၊ ပြီးတော့ လဖက်ရည်ဆိုင်ကို သွားကြပြီး လဖက်ရည်သောက်နေတဲ့အချိန်မှာကျနော်ကသူ့ကိုမေးတယ် မင်း ဒီသီချင်းကိုဘယ်တုန်းကစပ်ခဲ့သလဲလို့ မေးတော့ မနေ့ ည ကစဉ်းစားပြီး ဒီမနက်မှ ရေးတယ်လို့ ပြောတယ်၊ ဒါနဲ့ ကျနော်တို့က ည မှာ မိတ္တူ တွေအများကြီး ကူးပြီး  ဒီအေဘီ ရုံးနှင့် အနီးဆုံးဖြစ်တဲ့ ABSDF တပ်ရင်း ၂၀၇ မှရဲဘော်များကိုစတင် တိုက်ပေးမယ်လို့စဉ်းစားပြီး တပ်ရင်း ၂၀၇ မှ ရဲဘော်များကို ဘောလုံးကွင်းတွင် အားလုံးကို စုစေခဲ့ပြီး.. ရဲဘော်များအားလုံးကို မိတ္တူ တွေပေးပြီး ထူးအိမ်သင် ၊ကိုမွန်းအောင် ၊ကျနော်တို့ ကရှေ့မှနေပြီး အကြိမ်ကြိမ် တိုက်ပေးခဲ့ကြပါတယ်၊၂၀၇ ရဲဘော်များအားလုံးမှတ်မိကြလိမ့်မယ်ထင်တယ်..။ ဒီသီချင်းကို ထူအိမ်သင်ကိုယ်တိုင်၂၀၇ ရဲဘော်များကိုစတိုက်ပေးခဲ့တယ်ဆိုတဲ့သမိုင်းကိုဖေါ်ထုတ်ပေးလိုသော သဘောပါ၊ နောက်ပိုင်း ကိုမွန်းအောင် မှ သွေးမုန်တိုင်း စီးရီးထဲမှာ  ထည့်သွင်းသီဆို လို့ အများကသိခဲ့ကြတာဖြစ်ပါတယ် ၊ဒါဟာ အများ သိတဲ့  အရေးကြီးပြီ  ဆိုတဲ့ သီချင်း ပေါက်ဖွားလာတဲ့သမိုင်းအမှန်ပင်ဖြစ်ပါတယ်..။ သူငယ်ချင်း ငှက်ကြီး ကောင်းရာသုဂတိ လားပါစေ..။ သန်းဝင်း ( ၈၈ ) မျိုးဆက် .. နိုဝင်္ဘာ ( ၇ ) ရက် ၂၀၁၃ ..  __._,_.___ . __,_._,___  

Friday, July 14, 2017

ဗိုလ်ချုပ် နဲ့ ဦးနု


---------------
အောင်ဆန်း။ ။ ကိုနုကျွန်တော်တို့ တို့ဗမာအစည်းအရုံးထဲဝင်ရအောင်
နု။ ။ ငါမဝင်ချင်ဘူး
အောင်ဆန်း။ ။ ဘာဖြစ်လို့လည်း
နု။ ။ ငါနိုင်ငံရေးမလုပ်ချင်ဘူး
အောင်ဆန်း။ ။ ခင်ဗျားဒီလိုခေါင်းရှောင်တာမဟုတ်သေးဘူး
နု။ ။ ဟ... ဒါခေါင်းရှောင်တာမဟုတ်ဘူး
အောင်ဆန်း။ ။ နိုင်ငံရေး ကိုလုပ်သင့် တဲ့သူတွေ မလုပ်ရင် ခေါင်းရှောင်တာဘဲ
နု။ ။ ငါ့မှာနိုင်ငံရေး လုပ်ချင်တဲ့ဝါသနာမပါဘူး
အောင်ဆန်း။ ။ ဝါသနာဆိုတာဒီလိုဘဲ။ သူ့ဟာနဲ့သူဖြစ်လာမှာပေါ့
နု။ ။ ဖိုးအောင်ဆန်းကို ငါကြည့်နေတယ်။ တခြားသူတွေဆိုလူကဲခတ်ကောင်းတယ်။ဖိုးအောင်ဆန်းလူကဲခတ်ရင်မှန်တာချည်းဘဲ။ဒါပေမယ့်ငါ့ကိုတော့ဖိုးအောင်ဆန်း
လူကဲခတ်လို့မရဘူး။ငါဘာလဲဆိုတာ
ခုထိ ဖိုးအောင်ဆန်းမသိသေးဘူး။
အောင်ဆန်း။ ။ ခင်ဗျား ဘာလဲ
နု။ ။ ငါက တပွဲထိုးသမား
အောင်ဆန်း။ ။ ဘာလဲဗျ တပွဲထိုးသမားဆိုတာ
နု။ ။ ငါပြောပြမယ် ဖိုးအောင်ဆန်း နိုင်ငံရေးသမားဆိုတာ ထလည်း နိုင်ငံရေးစိတ်နဲ့ ထိုင်လည်းနိုင်ငံရေးစိတ်နဲ့ သွားလည်းနိုင်ငံရေးစိတ်နဲ့။ နိုင်ငံရေးသမားတစ်ဦးမှာ နိုင်ငံရေးစိတ်ဘယ်တော့မှမပျောက်ဘူး။
ငါကတော့ဒီလိုမဟုတ်ဘူး။ စိတ်ထိခိုက်စရာတခုခုတွေ့ရင်ထလုပ်လိုက်တယ်။အဲဒါပြီးသွားရင် ငါဘယ်သူ့နဲ့မှမတွေ့ချင်ဘူး။
ချောင်လေးတခုခုမှာ ငေးနေချင်တယ်။ တွေးနေချင်တယ်။ရေးနေချင်တယ်။
အောင်ဆန်း။ ။ ခင်ဗျားဘာတွေ လျောက်ပြောနေတာလဲ။အခုချိန်က
ငေးနေ၊တွေးနေ၊ရေးနေဖို့အချိန်မျိုးလား။
နု။ ။ ဒီလိုလုပ်ကွာ။ မင်းတို့နိုင်ငံရေး ဝါသနာပါတဲ့လူတွေဝင်၊မင်းတို့မှာ
တိုက်ပွဲတခုခုဝင်စရာရှိရင် ငါ့ကိုခေါ်လိုက်။ ငါဝင်တိုက်ပေးမယ်။အဲလိုတိုက်တုန်း
သေသွားရင်လည်းပြီးရော။
မသေသေးရင် ငါ့ကိုပြန်ပြီး ငေးနေ၊ တွေးနေ၊ရေးနေနိုင်အောင်ပြန်လွှတ်ပေး။
ရာသက်ပန်နိုင်ငံရေးသမား
တော့မလုပ်ပါရစေနဲ့ကွာ။
အောင်ဆန်း။ ။ လွတ်လပ်ရေးရပြီးရင် ခင်ဗျားလုပ်ချင်တာလုပ်။
မရသေးခင်တော့နိုင်ငံရေးလုပ်ရမှာဘဲ။
လာပါဗျာ တို့ဗမာအစည်းအရုံး ကိုအခုဘဲသွားဝင်ရအောင်
နု။ ။ ငါလည်းပြောရတာမောပြီကွာ။ ဒီကိစ္စကိုစဉ်းစားဖို့ ငါ့ကိုတလလောက်အချိန်ပေး။
အောင်ဆန်း။ ။ လုပ်မနေပါနဲ့ဗျာ၊အခုဘဲသွားဝင်ရအောင်
နု။ ။ ကဲ...ဒီလောက်တောင်
ဝင်ချင်လှတာ ဝင်ကွာ။
နု။ ။ ဖိုးအောင်ဆန်းရေ ငါ့နာမည်ရှေ့မှာ သခင်လို့တပ်ရမှာ ကြောင်တယ်ကွာ။
အောင်ဆန်း။ ။ ကျွန်လို့တပ်ရတာထက် သခင်လို့တပ်ရတာပိုမကောင်းဘူးလား။

တို့ဗမာအစည်းအရုံးဥက္ကဌ သခင်ထိပ်တင်ကိုယ်တော်ကြီးက အသင်းသားလက်မှတ် နှစ်စောင်ထုတ်ပေးတယ်။
တယောက်တမတ်ကျစီနဲ့
ကိုအောင်ဆန်းက ငါးမူးပေးလိုက်တယ်။
ထိုအချိန်မှစ၍ ကိုနုနဲ့ ကိုအောင်ဆန်းတို့ ငယ်နာမည်တွေပျောက်ပြီး သခင်နုနဲ့ သခင်အောင်ဆန်းဖြစ်သွားကြတယ်။
------------------------------
( ဦးနု၏တာတေစနေသားစာအုပ်မှ )
Credit
ခရီးသည်Image may contain: 2 people, people smiling, people sitting

ဗိုလ်ချုပ်နှင့် ကျွန်တော်**


(ဗိုလ်တာရာ)
ဘဝ၏အစ။
ကျောင်းခန်းတစ်ခန်းလုံး တိတ်ဆိတ်နေ၏။ ကျောင်းအုပ်ကြီး ဦးလှမောင်၏ ထက်မြက်ပိုင်နိုင်လှသော စကားပြေ ရှင်းလင်းချက် အသံသာလျှင် လွှမ်းမိုးနေတော့၏ ။ ကျွန်တော်တို့ ပျဉ်းမနားမြို့ရှိ ကေ-ဘီ- အမ် အထက်တန်း ကျောင်းကြီး၏ ရှစ်တန်းသင်တန်းကျောင်း ခန်းတွင် ညနေပိုင်းနောက်ဆုံး အင်္ဂလိပ်ဘာသာ သင်တန်း ပေးနေခိုက် ဖြစ်တော့သည်။
ဆရာကြီး ဦးလှမောင် (ဗိုလ်စင်္ကြာ ၏ဦးလေး မစ္စတာ ဂလူ့စမင်း )က ကမ္ဘာကျော် ရှိတ်စပီးယား ကဗျာဆရာကြီး ရေးသားသည့် ယိုမီယိုနှင့် ဂျူးလိယက် ပြဇာတ်ကို စကားပြေ အဓိပ္ပါယ်ရှင်းပြရု် ကောင်းနေခိုက် ဖြစ်ပါသည်။
ကျွန်တော်၏ စိတ်ထဲဝယ် တစ်ချီတစ်ချီ ရှိတ်စပီးယား၏ ကဗျာဂုဏ်နက်နဲမှု လှိုင်းဂယက်ထဲတွင် မြောကာ နစ်ကာ ပြဇာတ်၏ အရသာကို ခံစားရင်း တစ်ခါတစ်ခါ ကျောင်းခန်းထိပ်ရှိ နာရီကြီးကို ကြည့်မိ မြင်မိသည် တွင် ညနေ လေးနာရီထိုးရန် နာရီဝက်သာ လိုတော့သည်ကြောင့် ကျောင်းဆင်းလျှင် ကျွန်တော်၏ အလွန်ဝါသနာ ကြီးသည့် အလေးမ လက်ဝှေ့ထိုးလေ့ကျင့်မှု တို့ကို ပြေးရု်စိတ်စောပြီး ပညာနှင့် ကစားခုံစား မှုတို့ လွန်ဆွဲမှုအကြားတို့ဋ္ဌ် လူးလားတုန့်ပြန် ပါရှိနေလေသည်။
ယိုမီယို၏ ကြေကွဲဝမ်းနည်းဖွယ်ရာ မမှာတမ်းတစ်ပုဒ်ကို စိတ်ဝင်စားစွာလေ့လာရု် အလွမ်း၏ အ၇သာလေးကို ခံစားနေခိုက်တွင် မမြှော်လင့်သော ခြေသံပြင်းပြင်းကြောင့် စာအုပ်မှ မျက်နှာကို အသာခွာရု် ကြည့်လိုက်မိသည်။
အရပ် ၅ ပေ ၃ လက္မခန့်မြင့်ရု် ဘိုကေတိုတိုတွင် ဖိုးရိုးဖားရားဖြင့် ဖီးလိမ်းပြုပြင်မှု ကင်းဝေးခဲ့ကြောင်းကို နီကြောင်ကြောင်အရောင်နှင့် ထိုးထိုးထောင်ထောင် ဖြစ်ပျက်နေသည့် အဖြစ်က အတိုင်းသား ဝန်ခံရု်နေသော အသားနီစပ်စပ် လူတစ်ယောက်ကို စာသင်ခန်းဝတွင် မပြုံးတပြုံးနှင့် တွေ့ရပါတော့သည်။
ပင်နီကြမ်း အပေါ်ဖုံးအင်္ကျီကို ကဘိုကရိုဝတ်ရု် အောက်ခံ ပေါ်ပလင် အဖြူအင်္ကျီမှာလည်း အရောင် သိတ်မပေါ်ပါ။ အောက်ပိုင်းမှ ယောလုံချည်အနက် သာလျှင် အနက်ရောင်မပျက်ကောင်းရု် တော်တော်ဟောင်း နေသည့်အဖြစ်နှင့် ခြေဖဝါးနှစ်ဖက်တွင် လေယဉ်ပျံဖိနပ်ကို စီးထားသည့် ဧည့်သည်တစ်ယောက်ကို ခပ်ကြောင်ကြောင်နှင့် တွေ့ရတော့၏။ ထိုဧည့်သည်၏ ညာဘက်လက်တွင် ရှမ်းလွယ်အိတ်တစ်ခုကို ဆွဲကိုထားသည်ကို တွေ့ရပြီး ၄င်း၏ မျက်နှာမှာ ကရင်လိုလို ချင်းလိုလိုနှင့် သူကလွဲလျှင် အခြားလူများကို ဂရုမစိုက်သည့် မျက်နှာပေါက်မျိုးကို အကဲခတ်ရု် ဧကန်တ ဒီလူဟာ လယ်တီစံကျောင်း (ကျွန်တော်တို့ကျောင်း အနောက်ဘက်ဋ္ဌ် ကပ်လျှက်တည်ရှိသည်)ကို လာဖူးရင်း ဒို့ကျောင်းသားတွေကို စာသင်ပုံမမြင်ဘူးရု် ခေတ္တဝင်ကြည့်သည့် တောနယ်က ဧည့်သည်တစ်ယောက်ပဲ`` ဟုမှတ်ချက်ချကာ ခပ်အေးအေး နေလိုက်ပါသည်။
ကျောင်းအုပ်ကြီး ဦးလှမောင်က စိတ်ပါလက်ပါ သင်ကြားနေသော အင်္ဂလိပ်ဘာသာကို ခေတ္တရပ်နားလိုက်ပြီး မျက်မှန်ကို နေသားတစ်ကျပြန်လည်ရု နှာခေါင်းရိုးပေါ်သို့တင်ကာ အခန်းဝသို့ ခြေသံပြင်းပြင်းနှင့် ရဲရဲဝန့်ဝန့် လာရပ်ဝံ့သည့် ထိုဧည့်သည်လူထူးကို စူးစူးစိုက်စိုက် လှည့်ကြည့်လိုက်တော့သည်။
ဆယ်စက္ကန့်လောက်ကြာမှ ကျောင်းအုပ်ကြီးက ဗြုန်းကနဲ သတိရဟန် ဖြင့် အားရပါးရ ပြုံးလိုက်ပြီး အခန်းဝဆီသို့ ခပ်သွက်သွက်လှမ်းသွားကာ ထိုဧည့်သည်၏ ပုခုံးကို ခပ်ဆတ်ဆတ်လေး ပုတ်လျှက် ---
မင်း ဘယ်တုန်းက ရောက်နေသလဲဟေ့---- အမယ်လေးကွာ --- ဘာသံမကြား ညာသံမကြားနဲ့``
``ခုဘဲ``
မျက်နှာ နီစပ်စပ်နှင့် အခန်းဝရှိ ဧည့်သည်က ခပ်တိုတို မပွင့်တပွင့်နှင့် ဖြေဆိုလိုက်သည်။
ကှုတွင် ဆရာကြီး ဦးလှမောင်က ``အေး အေး --နေဦး မင်းကို ငါ့တပည့်တွေနဲ့ မိတ်ဆက်ပေးရဦးမယ် ကိုင်း အထဲ လာစမ်း---``
သူ၏ဝါသနာ အတိုင်း ကျောင်းအုပ်ကြီးက ဝမ်းသာအားရနှင့် ထိုဧည့်သည်၏ ဘယ်ဘက်လက်ကို ဆွဲကိုက်ရု် အခန်း၏ အလယ်သို့ ဆွဲခေါ်ခဲ့ပြီး -
`` ဟေ့ ငါ့တပည့်တို့ ဒီဟာပေါ့ကွ--- သေသေချာချာ မှတ်ထား မင်းတို့ ကျောင်းသားတွေရဲ့ ခေါင်းဆောင် သခင်အောင်ဆန်းဆိုတာ ပေါ့ကွာ -- ဟဲ ဟဲ ဟဲ``
ထိုအခါကျမှ ဟိုကရင်လိုလို ချင်းလိုလို မျက်နှာ နီစပ်စပ် တောကျကျ ဧည့်သည်မှာ ကျွန်တော်တို့ ခေါင်းဆောင် ကိုအောင်ဆန်းမှန်းသိလိုက်ရတော့သည်။
သခင်အောင်ဆန်းကလည်း ကျွန်တော်တို့ကျောင်းသားတစ်သိုက် ဘယ်ပြန်ညာပြန်ကြည့်ရု် မပြုံးတပြုံးနှင့် တဟဲဟဲ အရယ်ကလေးရယ်လိုက်တော့ သည်။ ကျောင်းသားတွေကလည်း ဘာသဘောမှန်းမသိ တဟဲဟဲ နှင့် ပြန်ရု်ရယ်သူရယ် တခွီးခွီးနှင့် ပါးစပ်ပိတ်ရု် ရယ်သံများ၏ အသံများပါ ထွက်ပေါ်လာတော့သည်။ အနားရှိ ကျောင်းသားတစ်ယောက်က ``ဒါလားကွ ကျောင်းသား ခေါင်းဆောင် လူကြည့်ရတာ ဘယ့်နှာကြီးမှန်း မသိဘူး အချိုးအစားမကျ ဂွကျကျကြီး`` ဟုမှတ်ချက်ချလိုက်သည်။
ကျွန်တော့ အဘို့မှာတော့သခင်အောင်ဆန်းအား လူထဲမှလူတစ်ယောက်အနေနှင့် တွေ့ရပြီး ဆက်ဆံပုံ ဝတ်ပုံစားပုံ ထူးခြားချက် ဂွကျကျ အမူအရာ ကိုလက်ဦးဆုံး ပထမ မှတ်သားမိလိုက်ရု် ``သြော် နိုင်ငံရေးသမားခေါင်းဆောင် ဆိုတာ ဒီလိုပါလား ``ဟူရု် မှတ်ချက်ချမိလိုက်ပါတော့သည်။
**နိုင်ငံရေးသံသရာ ၏ လမ်းကူး**
ကျွန်တော်ကား နိုင်ငံရေး ရောဂါ ရခဲ့ပေပြီ--------------။
ကျောင်းသားခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ခဲ့လေပြီ--------------။
ထိုမှ တစ်ဆင့် ခရိုင်ဒို့ဗမာအစည်းအရုံးဋ္ဌ်လည်း အမှုဆောင်တစ်ဦးအဖြစ် နိုင်ငံရေးဇာတ်ခုံသို့ တတ်ရောက်မိတော့သည်။ ဗမာ့တပ်ရုံးတပ် ခရိုင်ရဲ စည်းအုပ် တာဝန်ကိုလည်း သဘောတွေ့တွေ့ မနောခွေ့ ရု် ကျောင်းစာတွေမေ့ခမန်း တာဝန်တွေယူမိပြန်သည်။
ထို့ကြောင့် ယခုအခါဋ္ဌ် ရန်ကုန်ဗဟိုလ် ဒို့ဗမာအစည်းအရုံးသို့ သာယာဝတီမြို့တွင် ကျင်းပမည့် ညီလာခံကျင်းပရေး စီစဉ်မှု အစည်းအဝေးသို့ တတ်ရောက်ရန် ပျဉ်းမနားအပိုင်မှ ကိုယ်စားလှယ်အဖြစ်နှင့် သခင်သိန်းမောင် (ဖြုတ်ခွဲ)နှင့် ကျွန်တော် ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်ခဲ့ပြန်သည်။
မီးရထားကကျပ် ခရီးကလည်းရှည်ရု် ကျွန်တော်တို့ နှစ်ယောက်စလုံး ပင်ပန်းနွမ်းနယ်နေကြးသည်---။ ရေကျော်ဘက်သို့ ကျွန်တော်တို့နှစ်ယောက်ကို ဆွဲပြေးနေသော လန်ခြားကုလားကား ခြေကုန်နေပုံရအောင် နှေးသည့်အတွက် ထမင်းဆာနေသည်ကြောင့် ဒေါသထွက်နေသူ သခင်သိန်းမောင်က``ဂျာလတီး ဂျာလတီး``ဟု အတင်းနှင်နေသည်။ ဘေးမှ ကျွန်တော်က ``ဗျို့ဆရာ သိတ်ဂျာလတီးမနေနဲ့ ဘေးက ကားတွေကိုလည်းကြည့်ဦး`` ဟုဝင်ရောက်ဖျောင်းဖျရင်း ရေကျော်ရှိ ဒို့ဗမာအစည်းအရုံးသို့ ဟောဟော ဒိုင်းဒိုင်းဆိုက်ရောက်ခဲ့သည်။ ရုံးကြီးပေါ်တွင် ပုပုကွကွ၊ ရှည်ရှည် မဲမဲ ဖြူဖြူ ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ဗမာတစ်ပြည်လုံးရှိ သခင်ကိုယ်စားလှယ်တွေ ဆင်းချီ တတ်ချီနှင့် ခြေရှုတ်နေကြလေသည်။
ကျွန်တော်တို့နှစ်ယောက်က ကိုယ့်သားရေအိတ် ကိုယ်ဆွဲရု် ရုံးကြီးပေါ် သို့ တတ်ရောက်ခဲ့ပြီး စုံစမ်းရေးဋ္ဌာန ဧည့်ခံကော်မတီဟူသော ဆိုင်းဘုတ်များရှိရာသို့ ခပ်သွက်သွက် ခြေလှမ်းခဲ့ပြီး ကျွန်တောတို့၏ သက်ဆိုင်ရာလက်မှတ်နှင့် အစီရင်ခံစာများကို တင်ပြလေသည်။ မျက်မှန်တဝင့်ဝင့်နှင့် အသက်သုံးဆယ်အတွင်း ရှိ ဆံပင်တိုတိုညှပ်ထားသော စုံစမ်းရေးဋ္ဌာန တာဝန်ခံက ကျွန်တော်တို့ လက်မှတ်များကိုစစ်ဆေးပြီး ဧည့်ခံရေး ဋ္ဌာနသို့ ပို့လေသည်။ ထိုဋ္ဌာန တာဝန်ခံက ကျွန်တော်တို့ကို ကြည့်ရု် ``ကောင်းပြီလေ---``ဟု ပါးစပ်မှ တစ်ခွန်းတည်း မှတ်ချက်ချလိုက်လေသည်။ ကျွန်တော်တို့က နေရာထိုင်ခင်း ချပေးလိမ့်မည်ဟူသော တွေးလုံးနှင့် အသာစောင့်နေသည်။ သို့ရာတွင် နောက်ထပ်ဘာမှ နောက်ဆက်တွဲ မှတ်ချက်မပေါ်လာ။
ဆယ်မိနစ်ခန့်တိုင် သားရေအိတ်ကိုယ်စီကိုင်ကာ စောင့်နေရသော်လည်း ဘာမှစကားပြန်မရသည့် အဆုံးတွင် ကျွန်တော်က ဧည့်ခံကော်မတီရဲဘော်ထံသို့ ``ဘယ့်နှယ့်လဲဗျို့ လုပ်စမ်းပါဦး -- ကျွန်တော်တို့ ဘယ်မှာတည်းရမလဲ--``
ကှုတွင် ဧည့်ခံရဲဘော်ကြီးက ဘိုရှုးတိုတိုကလေးကို အသာကုတ်ကာ စုံစမ်းရေးရဲဘော်ထံသို့ ``ဟောဒီမှာ သခင်လေးမောင် ---ပျဉ်းမနားရဲဘော်တွေက မေးနေပြန်ပြီဗျ --။ ဟဲဟဲ သူတို့ သခင်ဆိုတဲ့အဓိပ္ပါယ် မသိကြသေးဘူးထင်တယ် --ပြောရမှာ ခက်တယ်ဗျာ``ဟုညီးညီညူညူ ရယ်မောရင်း လှမ်းပြောလိုက်ပြီး ``ဟော ဟိုဘက်ခန်းမှာ ကံကောင်းရင် နေရာလွတ်ကလေး ရှိပါလိမ့်မယ် ဒီလိုပေါ့ဗျာ --ကြည့်ပြီးနေကြပေါ့``ဟု တစ်ဖက်ခန်းသို့ လက်ညှိုးထိုးပြသောကြောင့် ကျွန်တော်တို့က ထွက်ခွာရန် ချေလှမ်း ပြင်လိုက်စဉ် -- သခင်လေးမောင်က ``ခင်ဗျားတို့ပစ္စည်းတွေ နေရာချထားပြီးရင် --အထွေထွေ အတွင်းရေးမှုး ဆီသွားပြီး တစ်ဆိတ် အစီရင်ခံလိုက်ကြဦးဗျို့``ဟု လှမ်းပြောလိုက်သေး၏။
ကျွန်တော်တို့ နှစ်ယောက် စိတ်တိုတိုနှင့် အလုပ်အမှုဆောင်များ အလုပ်လုပ်နေရာ ခန်းမကြီးသို့ ခပ်တင်းတင်း ဝင်ရောက်ခဲ့သည်--။ ဒေါင့် တစ်ဒေါင့်ရှိ စားပွဲရှည်ကြီးတွင် မျက်မှန်ဝိုင်းကြီးဖြင့် သခင်စိုး။ စာကုန်းရေးနေသော သခင်သန်းထွန်း ။ သခင်စံထွန်းလှစသည့် ဧရာမခေါင်းဆောင်ကြီးများကို တွေ့ရပြီး စားပွဲတစ်လုံးတွင် ရေးမှတ်နေသည့် သခင်အောင်ဆန်းနှင့် အခြားရဲဘော်နှစ်ယောက်ကို တွေ့ရကာ --အထွေထွေ အတွင်းရေးမှုး ဟူသော စာတမ်းကြောင့် သူတို့ စားပွဲရှိရာသို့ ချဉ်းကပ်မိခဲ့သည်။ ပြီးလျှင် ကျွန်တော်တို့က အစီရင်ခံစာများကိုထုတ်ရု် သခင်အောင်ဆန်းရှေ့မှောက် တင်ပြလိုက်သည်။ တခဏတွင် သူက စာကုန်းရေးနေရာမှ ဖျပ်ကနဲ မော့ကာ ကြည့်လိုက်ပြီး ----
``ခင်ဗျားတို့ ဘယ်ကလဲ ဆိုစမ်း``
``ကျွန်တော်က ပျဉ်းမနားခရိုင်ကလေဗျာ၊ ကဲ အစီရင်ခံစာ ဖတ်ကြည့်ပေတော့။
``ခင်ဗျားတို့ ရုံးဆင်းခါနီးမှ ဘာလို့လာသလဲ၊ သိပ်ဂွကျတဲ့ လူတွေ``
မဆီမဆိုင် သခင်အောင်ဆန်းက စရ်ျဆူပါတော့သည်။ သခင်သိန်းမောင်ကလည်း နဂိုကပင် ကျွဲမြီးတိုနေရာ ပိုမိုဒေါပွလာပြီး ``ခုမှ မီးရထားဆိုက်တယ်၊ ခု ခင်ဗျားတို့ဆီရောက်တယ်၊ ခုလို---ခင်ဗျားက အချောက်တိုက် နောက်ကျတယ်လို့ဆူနေတာ ဘာကောင်းးသလဲဗျ``ဟု မခံမရပ်နိုင် ပြန်ပက်လေတော့၏။ သခင်အောင်ဆန်းကလည်း ရှူးရှူးရှဲရှဲ ဖြစ်လာပြီး---
``ဘာဖြစ်လို့ ခင်ဗျားတို့ ရက်စောစောကြိုမလာတာလဲ၊ ဒီမှာ ကျုပ်တို့တတွေ ဘယ်လောက် ခင်ဗျားတို့အတွက် ခေါင်းရှုပ်နေရသလဲဆိုတာသိရဲ့လား``ဟု ခုနှစ်မောင်းတင်လာပြန်တော့သည်---။ ကျွန်တော့်တွင် ``ဘယ်လိုလူစားတွေနဲ့ တွေ့ရပြန်ပြီလဲ`` ဟု နိုင်ငံရေးသမားမဟုတ်ဘဲ လူမိုက်ကန်းကန်းတွေလို လူစားဟူသောအတွေးနှင့် ရှေ့စခန်းကို စဉ်းစားနေခိုက်တွင် စားပွဲကြီးမှ သခင်စိုးက ကြားဝင်ရ်ျ ``ဒီမှာ---သခင်အောင်ဆန်း ဖြေးဖြေးမှ စကားပြောပါ၊ ဒီလူတွေ ခရီးပန်းလာကြတယ်ထင်တယ်၊ ရဲဘော်တို့ ထမင်းသွားစားကြအုန်း၊ ပြီးမှ အေးအေးဆေးဆေးပြောကြပေါ့ဗျာ``ဟု ဖြန်ဖြေလိုက်သည်တွင် အားလုံးသဘောတူပြေအေးသွားတော့၏။ ကျွန်တော်တို့နှစ်ယောက်လည်း ကိုယ့်ပစ္စည်းများကို စနစ်တကျ ပြန်လည်ထားရှိရန်---တည်းခိုခန်းလုပ်ထားသော အခန်းထဲသို့ စိတ်ဆိုးဆိုးနှင့် ပြန်ဝင်ခဲ့သည်။
ကျွန်တော်တို့နှစ်ယောက်က ရေမိုးချိုးပြီး အ၀တ်အစားလဲကာ -- ရေကျော်ရပ်ရှိ အစည်းအရုံးနှင့် ခပ်နီးနီး ဗမာထမင်းဆိုင်တစ်ဆိုင်ရှိရာသို့ ခပ်သွက်သွက်ချေလှမ်းတင်ခဲ့၏။ သပ်သပ်းယပ်ယပ် ခင်းကျင်းထားသော လေးယောက်စား စားပွဲများဖြင့် သန့်ရှင်းပုံရသည့် ရုပ်ချောချော မိန်းမသုံးဦးတို့ ရောင်းချနေသော ထမင်းဆိုင်ဝသို့ ချေစုံရပ်ကာ နေရာထိုင်ခင်းရှာမိသည်။ သို့ရာတွင် နေရာကွက်လပ် မရှိသလောက် ထမင်းစားချိန်ဖြစ်ရု် -- လူကျပ်နေသည့်အတွက် နောက်ပိုင်းသို့ ပြန်လှည့်မည်အလုပ်တွင် ---
``ဟေ့လူတွေ လာကြ ဒီမှာ နှစ်ယောက်စာ နေရာရှိတယ်``
ထမင်းပလုပ်ပလောင်းစားနေသည့် လူအုပ်ထဲမှ အသံတစ်သံကြောင့် ခြေလှမ်းတွန့်သွားရာမှ ဂရုတစိုက်ဖိတ်ခေါ်ရာသို့ ပြန်ကြည့်မိသည်တွင် ကျွန်တော်တို့နှစ်ယောက်ကို တမင်ကလာ ခေါ်နေသူမှာ ဗဟိုလ်ဒို့ဗမာ အစည်းအရုံးကြီးမှ အထွေထွေအတွင်းေ၇းမှု ဘောက်ဆရာကြီး သခင်အောင်ဆန်းဖြစ်နေတော့ သည်။ သူက ပါးစပ်က ခေါ်ရုံတွင်မကသေး သူနှင့်ထမင်းလွေးနေသော သခင်စိုး ကပါ ကမန်းကတန်းထလာကာ အခန်းဒေါင့်ကျကျ သူတို့ထိုင် နေရာတွင် ကုလားထိုင်နှစ်ခု ပြင်ဆင်ပေးနေမှုကြောင့် ကျွန်တော်တို့နှစ်ယောက်မှာ အားနာစွာနှင့်ပင် ထမင်းဆိုင်ထဲသို့ စွတ်ဝင်ခဲ့မိသည်။ သခင်အောင်ဆန်းက ထမင်းရောင်းသူ မိန်းမငယ်တစ်ဦးကို ထမင်းနှစ်ပွဲ ဝက်သားဟင်း စသည်တို့ကို လှမ်းမှာရင် ရယ်ရယ်မောမောနှင့် ကျွန်တော်တို့ နှစ်ဦးအား နှုတ်ဆက်ရု် အလ္လာပ သလ္လာပ စကားပြောတော့၏။
ထိုအခါကျမှ သခင်သိန်းမောင် ပြုံးလာဘော်ရ၏။ ကျွန်တော့အဘို့ ယခင် သခင်အောင်ဆန်းကို တွေ့စက တော်တော် အပေါက်ဆိုးသောလူ တစ်ယောက်ဟု သဘောထားခဲ့သည့်နောက် ယခုထမင်းဆိုင် တွင် တော်တော်ဖော်ဖော်ရွေရွေ တွေ့ရပြန်သဖြင့်---အစဉ်းစားရ ကျပ်ရလေ၏။
သခင်အောင်ဆန်းက ကျွန်တော့ကို ဂရုတစိုက်ခြေဆုံးခေါင်းဆုံးကြည့်ကာ ``နေပါဦးဗျ ခင်ဗျားကို ကျုပ်ဘယ်တုန်းကလဲမသိဘူး မြင်ဘူးပါတယ်```
``ခင်ဗျား ကျုပ်တို့ ကေ-တီ-အမ် ကျောင်းလာတုန်းက ဖြစ်မှာပေါ့။ ဆရာကြီးလှမောင်နဲ့ လာတွေ့တုန်းကလေ`` ကျွန်တော်က ကူညီထောက်ပေးမှ---
``ဟား ဟား ဟား ဟုတ်တယ် ဟုတ်တယ် အခုမှ အမှတ်ရတယ် ၊ ဒါနဲ့နေပါဦး ၊ ခု ခင်ဗျား ကျောင်းနေတုန်း လား ``
``ခု ၁၀ တန်းမှာပေါ့ဗျ -- တဖက်က နိုင်ငံရေးလုပ်ပြီး တဖက်က ကျောင်းနေသေးတယ် --ဆိုစမ်းပါဦး ဘယ်လိုဝေဖန်ဦး မလို့လဲ``
``ကျုပ်က ဒီလိုလူမျိုးတွေ ရှာနေတာ ---- နေပါဦး ---- ခုခင်ဗျားအသက် ဘယ်လောက်လဲ--လူကောင်က ထွားသလောက် မျက်နှာက နုနေလို့ဘဲ---``
စူးစူး စိုက်စိုက် ဖြင့်ကြည့်ကာ ကျွန်တော့ကို စစ်တမ်းထုတ်ပြန်တော့သည်။
ကျွန်တော်က လက်ဆေးခွက်တွင် လက်ကိုဆေးကာ နှစ်ရင်း ``ဆယ့်ရှစ်နှစ် ထဲမှာဘဲ``ဟု ထမင်းဆာနေသည်ကြောင့် ခပ်တိုတိုဖြေလိုက်ပါသည်။
သို့ရာတွင် သခင်အောင်ဆန်း အလိုက်ကန်းဆိုးမသိပါ။ သူကထမင်းစားနေသော ဇွန်း ခရင်းကို ပစ်ချလိုက်ပြီး ဝမ်းသာအားရနှင့်----
``ဟေ့---- သခင် ခင်မောင်ဦး ခင်ဗျားကျုပ်ကို ကတိပေးရမယ်-- မပေးရင်မနေရဘူး သိလား ခင်ဗျားနိုင်ငံရေးကို ကျုပ်နဲ့အတူ မခွဲတမ်းလုပ်ရမယ် ကျုပ်လုပ်သမျှ ခင်ဗျားလိုက်လုပ်ရမယ် ပြောစမ်း``
သူ၏ ညာဘက်လက်ကို ကျွန်တော့်ဆီသို့ ကမ်းပေးရင်း အတင်းကတိတောင်းသည်ကြောင့် ကျွန်တော့်မှာ မတတ်သာသည့်အဆုံးတွင် လက်ဆေးနေသော ကျွန်တော်၏ ညာဘက်လက်ကို ပြန်ရု် သူ့လက်တွင်းသို့ ပေးလိုက်ပြီး
`ကောင်းပါပြီဗျာ --- ခင်ဗျားခင်ဗျားဆန္ဒ အတိုင်း ပြည့်စုံပါစေ့မယ် ကျွန်တော် ကတိပေးအပ်ပါပြီ``
ဘေးမှ ထမင်းလွေးနေသော သခင်စိုး ၊ အလုပ်အမှုဆောင်အချို့နှင့် နယ်မှ သခင်အပေါင်းတို့က ထမင်းစားပွဲများကို ပုတ်ကာ လက်သီးလက်မောင်းတန်းရု် ``ဒို့ဗမာကွ အောင်၇မယ်`` ဟူသော ဆူညံစွာ ကြွေးကြော် ချီးကျူးသံများက ထမင်းဆိုင်ကလေးကို တခဏအတွင်း ဖုံးလွှမ်းလိုက်ပါသည်။
အငွေ့တထောင်းထောင်းနှင့် ကျွန်တော့ရှေ့လာချသော ထမင်းပန်းကန်ကို ကျွန်တော်က ဆာလောင်စွာဖြင့်ကြည့်ရု် ဟင်းပန်းကန်အလာကို စောင့်မျှော်နေမိသည်။ ဗြုံးကနဲ သခင်အောင်ဆန်းက သူ့ထမင်းပန်းကန်ထဲက ဝက်သားတုံးကြီးတစ်တုံးကို မပြောမဆိုနှင့် ကျွန်တော်၏ထမင်းပန်းကန် ထဲသို့ ထည့်ပေးရင်း ----
``စားဗျာ --- စားဗျာ---- ခင်ဗျားဆာနေရော့မယ်--``
(ဆက်လက်ဖော်ပြပါမည်)
**ကိုစိုးနိုင်**

Testy relations between Myanmar government and military

Testy relations between Myanmar government and military

ရွာထဲ`ပရိုတို​ကောလ်​´

`ပရိုတို​ကောလ်​´
ရွာထဲမှာ protocol သံ​တွေ ဆူညံ​နေတယ်​...

ဖိုးလေး သာ​အောင်​ရဲ့ မိန်းမနှစ်​​ယောက်​ protocol နဲ့ ရန်​ဖြစ်​​နေ ကြတယ်​...
"ဟဲ့... ကမ.ရဲ့... ဒီ​ခေတ်​မှာ မယားကြီး မယားငယ်​ဆိုတာ မရှိ​တော့ဘူးဟဲ့... မယားပြိုင်​ပဲ ရှိတယ်​ဟဲ့..."
"​တော်​စမ်းပါ... ကမ.ရဲ့... protocol အရ ညီးဟာ နံပါတ်​ နှစ်​ လယ်​ဗယ်​ပဲဆိုတာ သ​ဘော​ပေါက်​ထားစမ်းပါ​အေ..."

ကိုရင်​သာ​အေးက စိတ်​​ကောက်​​နေတဲ့ သူ့ချစ်​သူ​လေး မိစာဥကို ​protocol နဲ့ ချော့​နေတယ်​...
"မငိုပါနဲ့ စာဥရာ... ဟို​နေ့က ​ဗွေးထုပ်​နဲ့ငါ ​ကောက်​ရိုးပုံ​ဘေးမှာ ​တွေ့ကြတယ်​ဆိုတာ သူ​ချိန်းလို့ ငါ သွားခဲ့တာပါကွာ...
ဘာပဲဖြစ်​ဖြစ်​ ငါ့နှလုံးသားထဲမှာ​တော့ protocol အရဆိုရင်​ နင်​ဟာ နံပါတ်​တစ်​ပါ စာဥရာ..."

ဆွမ်းကြီး​လောင်းပွဲမှာ တောင်​​ကျောင်း ဘုန်းကြီးနဲ့ ​မြောက်​​ကျောင်းဘုန်းကြီး protocol နဲ့ပဲ ကွိုင်​တက်​​နေတယ်​...
"ဟိုကိုယ်​​တော်​ကြီး​နော်​... ​ရှေ့ဆုံးကကြီးပဲ လွှတ်​ကြွမ​နေနဲ့... ကိုယ့်​ကိုယ်​ကို​ ​တောထွက်​ဒုလ္လဘကြီးဆိုတာလဲ သတိရအုံး...
သာသနာမှာ protocol အရ ဝါကြီးတဲ့သူက စီနီယာပဲ​နော်​ဘုရား..."

အရက်​သမား​အောင်​ဘု ထန်း​ရေမူးပြီး တစ်​​ယောက်​တည်း အိမ်​ထဲမှာ ​သောင်းကျန်း​နေ​တော့လဲ protocol ပဲ...
"​ဂေ့... ပါးစပ်​က ကာရာအို​ကေ ဆိုချင်​တယ်​... ​ဂေ့... နားက ချယ်​ရီအက်​ဖမ်​ နား​ထောင်​ချင်​တယ်​... ​ဂေ့... မျက်​စိက တီဗွီကြည့်​ချင်​တယ်​... ​ဂေ့...
ရှုတ်​တယ်​ကွာ... ဒီမိုက​ရေစီ​ခေတ်​ကြီးမှာ protocol အရ ဦးစား​ပေးရမှာပဲ... ​ဂေ့... နားက မျက်​စိထက်​ အ​ပေါ်ပိုင်းကို နှာတဖျားသာတယ်​... အဲ့​တော့ မင်းက အရင်​ နား​ထောင်​...
ပီးမှ တီဗွီကြည့်​... ပါးစပ်​က ​အောက်​ဆုံးကဆို​တော့ ​နောက်​ဆုံးမှ ကာရာအို​ကေဆို... ​ဂေ့..."

ဟီး... ရွာထဲမှာ ဖြစ်​​နေတဲ့ protocol ​တွေအ​ကြောင်း ဆက်​​ရေးရင်​ အများကြီး ကျန်​​သေးတယ်​...
ရေးရင်းနဲ့ ၆၆ ဃ အ​ကြောင်း ​ခေါင်းထဲ​ရောက်​လာလို့ ရှူး​ပေါက်​ချင်​သလို အီးပါချင်​သလို ဖြစ်​လာပြီ... ဒီ​လောက်​ပဲ...
စကားမစပ်​... protocol အရဆိုရင်​ အီအီးကို အရင်​ပါရမလား... ရှူးကို အရင်​​ပေါက်​ရမလား ကွယ်​ရို့...
ခရီးသည်။


Image may contain: text

ငါတို့ဟာသစ်ခုတ်သမားတွေဖြစ်ကြတယ်..

ငါတို့ဟာသစ်ခုတ်သမားတွေဖြစ်ကြတယ်..
မာယာကော့ဗ်စကီးနှင့်ယက်ဗတူရှင်ကိုတို့ရွတ်
ကဗျာတွေကှိုမက်မက်မောမောရွတ်ဆိုရင်း
ငါတို့ယုံကြည်ချက်ပုဆိန်တလက်နဲ့
တစ်ပင်ပြီးတစ်ပင်ခုတ်လှဲခဲ့ကြတယ်
လမ်းကြောင်းသစ်ထွင်ဖို့...

ငါတို့ဟာသစ်ခုတ်သမားတွေဖြစ်ကြတယ်..
အရှေ့ကနေ၀န်းထွက်လာမှာကိုမြင်ရနိုးနဲ့
ပျိုရွယ်ချိန်ကိုစတေးရင်း ပိန်းပိတ်မှောင်နေတဲ့
တောအုပ်ကို
တစ်ပင်ပြီးတစ်ပင်ခုတ်လှဲခဲ့ကြတယ်
နှောင်လူတွေ အလင်းထဲနေနိုင်ဖို့...
ငါတို့ဟာသစ်ခုတ်သမားတွေဖြစ်ကြတယ်...
နီရူဒါမနှိုးဆွခင်ကတည်းက တို့ဘိုးဘွားတွေ
နိုးကြားပြီးသား
လက်ဆင့်ကမ်းလာတဲ့သတ္တိခွန်အားနဲ့
တစ်ပင်ပြီးတစ်ပင်ခုတ်လှဲခဲ့ကြတယ်
သန့်ရှင်းတဲ့နယ်မြေသစ်ကိုထူထောင်ဖို့...
ငါတို့ဟာသစ်ခုတ်သမားတွေဖြစ်ကြတယ်...
သစ်ခုတ်ရုံပဲပေါ့ ။
ယမင်းရုပ်ပဲထုထု ။
ဘီလူးရုပ်ပဲထုထု ။
ဘီလူးရုပ်ပဲဖြစ်လာလာ ။
နောက်ဆုံး
နောက်ကျောကိုထိုးလာမယ့် ဒါးမြှောင်အတွက်
အရိုးပဲ တပ်တပ်
ခုတ်ပြီးသားသစ်ပင်အတွက်
ဥပေက္ခာထားနေတတ်ပြီ
ငါတို့ဟာ သစ်ခုတ်သမားတွေဖြစ်တယ်....။
မိုးထက်သန့်စင်

Thursday, July 13, 2017

ပေါက်ခေါင်းနယ်တလွှား နာမည်ကျော်ခဲ့တဲ့ ဗိုလ်အောင်ဒင်

ကျွန်တော်တို့ ပေါက်ခေါင်းမြို့လေးဆိုတာ ရပ်ကွက်ကလေး၅ခုနဲ့ဖွဲ့စည်းထားတာ ၊ နောက်မှ ကွက်သစ် ၁ ၊ ၂ ၊ ၃ ဆိုတာတို့ပေါ်လာသလို ၊ ခုတော့ မြို့ကလေးဘေး လယ်ကွင်းတွေသိမ်း အိမ်တွေဆောက်ကြလို့ မြို့ အပြန့်ကလေးသာ ပိုကျယ်လာပေမဲ့ ဒီလူ ဒီလူတွေချည့်ပါပဲ ။
လွတ်လပ်ရေးခေတ်ထဲက အဂ်လိပ်ကို ဂျပန်ကို တော်လှန်ခဲ့ကြတော့လဲ ဒီလူ ဒီလူတွေချည့် ၊ လွတ်လပ်ရေးရပြီး ဖဆပလ ခေတ် ပြည်တွင်းစစ် ကျတော့လဲ တအိမ်ထဲက ညီအကိုအရင်းချင်း ကွန်မြူနစ်ဖြစ်သူ ပစထ နဲ့ ဖဆပလ ထောက်ခံသူကြား မိဘတွေမှာ ဗျာများကြရတာလဲ အတူတူ ဒီလူ ဒီလူ..၊
မဆလ ခေတ်ရောက်ပြန်တော့လဲ ထိုနည်း၎င်း ၊ ကျွန်တော်ကိုယ်တိုင်ရဲ့ မိသားစုထဲတွင် အကိုအကြီးဆုံးက DSA ၁၁ ဆင်း စစ်ဗိုလ်ဟောင်း နဲ့ အကိုအလတ်က ရဲမှူးကြီးအငြိမ်းစား ၊ ကျွန်တော်က တောခိုဘူးတဲ့သူပုန်၊
ကဲ ရဲမှူးကြီးအငြိမ်းစားဆိုတာက ဦးသန့်အရေးအခင်း ၇၄ က ပုသိမ်ကောလိပ် တတိယနှစ်ကျောင်းသားဘဝနဲ့ပါခဲ့လို့ ကျောင်းထုတ်ခံရသေး.. ကုန်ကုန်ပြောရင် ဦးနေဝင်းနဲ့ပါ အမျိုးက တော်လိုက်သေး.. ၊
ဆိုချင်တာက ကိုယ်ယုံကြည်ရာ လုပ်ခဲ့ကြပေမဲ့ မကင်းရာ မကင်းကြောင်းတွေ ရှိနေကြပြန်တာမို့ ဘယ်လိုပဲ ယုံကြည်ချက်တွေကွဲလွဲပစေ ဒီနိုင်ငံ ဒီတိုင်းပြည် ဒီမြို့နယ်လေးတွေမှာ အခုလိုပဲ ပါတ်သက်နေကြရင်း တယောက်နဲ့ တယောက် သံယောဇဉ်အခံတွေက ရှိနေကြပြန်တော့ တခါတခါ ဖြစ်ပျက်နေတာတွေက ဟာသဆန်ချင်စရာ ....
ဒီ့ထက်ဆိုးသေး ၊ တခိျု့တွေများဆို တဖက်က ABSDF အဖွဲ့ရဲ့ တပ်စုခေါင်းဆောင်က ညီ ၊ တဖက်က မဆလ တပ်ရဲ့ တပ်ခွဲမှူးဗိုလ်ကြီးက အကိုရင်း.. ၊ မလွဲရှောင်သာတော့လဲ ယုံကြည်ချက်အတွက် တိုက်ကြခိုက်ကြရင်း သေကြကြေကြရတာလဲ ရှိခဲ့ဘူးတာပဲ ..။
ဒီနေ့မှာ သတင်းတခု ဖတ်လိုက်ရပြန်တယ် ၊ ကျွန်တော်တို့ ပေါက်ခေါင်းမြို့ရဲ့ မဆလ ပါတီယူနစ် ဥက်ကဌ နဲ့ တစည ကိုယ်စားလှယ်လောင်းအဖြစ်တလျှောက်လုံး ရပ်တည်လာခဲ့သူ ဦးလေးဦးအုန်းသိမ်း အသက် ၈၀နှစ် ကွယ်လွန်သွားခဲ့တယ် တဲ့ ။ သူ့ ဇနီးဒေါ်လေးသန်းသန်းဆိုတာ ကျွန်တော်တို့ အိမ်ဘေးလမ်းကြားလေးထဲက သူ့အိမ်ရှိရာ ဖြတ်သွားဖြတ်လာလုပ်တိုင်း အပြုံးချိုချိုနဲ့ နှုတ်ခွန်းဆက်လေသူ ၊ သမီးအကြီးဆုံး အိရွှေစင် ဆိုတာကလဲ ငယ်စဉ်ကတဲကပြုံးနေတတ်တဲ့မျက်နှာလေးနဲ့ ညီမလေးလိုချစ်စရာကောင်းလို့ ကျွန်တော့်မှာ တွေ့တိုင်း ချစ်စနိုးနဲ့ လိုက်လိုက်စရတာ အမော ၊ သူ့အောက်က မျိုးဇော်သိမ်းဆိုတာကျပြန်တော့ သူ့အမေ သူ့အမလို မျက်နှာထားချိုချို အပြုံးကိုယ်စီ ရှိတတ်ပြန်သူမို့ ချစ်စရာညီလေးတယောက်လို ခင်မင်ရပြန်တာပဲ... ဟော ခုတော့ သင်းကလေးက ရန်ကုန်တိုင်းမှူး ဖြစ်နေပြန်သတဲ့... ကျွန်တော်အချစ်ဆုံး အငယ်ဆုံး လုံးချို ဆိုတာလေးတောင် အခုတော့ နေပြည်တော်မှာ အကောင်တကောင်ဖြစ်လို့ (ဘာကောင်လဲတော့တကယ်မသိ) ...
၁၉၈၈ ခုနှစ် အထွေထွ သပိတ်ကြီးဖြစ်တော့ ၊ ပြည်မြို့နယ်က မဆလပါတီယူနစ် ဥက်ကဌဟောင်းဖြစ်သူက အရေးအခင်းမဖြစ်ခင်ကာလလေးမှာ ကုလားဗမာအဓိကရုဏ်းဖြစ်တုန်းက မြန်မာလူအုပ်ကို ပစ်မိန့်ပေးခဲ့ဘူးလို့ လူ ၂ယောက် သေဘူးထား သဗျ ၊ အဆိုပါ အညှိုးနဲ့ ၈၈ အရေးအခင်းလဲ ဖြစ်ကရော အဲ့ဒီ မဆလပါတီယူနစ် ဥက်ကဌလုပ်ခဲ့ဘူးသူ့အိမ်ကို ပြည်မြို့နယ်သပိတ်ကလူတွေ သစ်ထုတ်လုပ်ရေးက ဘူဒိုဇာကြီးနဲ့ကော်ပြီး ဧရာဝတီမြစ်ထဲ ပစ်ချခဲ့ဘူးတယ် ၊
ပေါက်ခေါင်းသပိတ်ကို ဒီသတင်းလဲရောက်လာရော ပေါက်ခေါင်းသပိတ်ကကောင်တွေကလဲဘာမှတ်ရဲ.. ချမယ်နှက်မယ် လက်ရဲဇက်ရဲ သံမဏိခဲတွေလဲ ပါသကိုး.. ဒီတော့ သပိတ်ခေါင်းဆောင် နောင် ပေါက်ခေါင်းမြို့နယ်ရဲ့ NLD ပါတီ အထွေထွေ အတွင်းရေးမှူးဖြစ်လာသူ ကိုချစ်ဦးက ကဲ မင်းတို့ ဂလိုလုပ် ၊ ပြည်မှာလိုတော့ အိမ်ကြီး ဘူဒိုဇာနဲ့ မထိုးကြနဲ့ပေါ့ကွာ ၊ ကိုင်းဗျာ မီးသတ်ဌာနက ကိုမူဆာ လာပါဦး ( မွတ်ဆလင်ဘာသာဝင် ၊ ကျွန်တော်တို့ရဲ့ အကိုကြီးတွေလို နေလာသူ ) ။ လူသုံးဆယ်ထုတ် တန်းစီ ညာညှိ ဘယ်ညာ စည်းကမ်းရှိစွာမောင်း ဦးလေးဦးအုန်းသိမ်းအိမ်ရှိရာ ချီတက်လို့ ..အိမ်ရှေ့တည့်တည့်အရောက် တန်းရပ် ၊ လက်နက်တွေထုတ် ၊ ( ဟိတ်ကောင်တွေ တယောက် ၃ ချက်ပဲနော် ) လို့ အမိန့်ပေး... ဟယ် လေးခွတွေနဲ့ အယောက်သုံးဆယ် လက်သွက်သွက်နဲ့ ထုတ်ပစ်လိုက်ကြပုံနှယ် .. ဦးလေးအုန်းသိမ်းအိမ်ဆိုတာ တဘုန်းဘုန်းနဲ့ သိမ့်သိမ့်ကို တုန်ရော ၊ ထိုအချိန်မှာ အိမ်မှာ လူမရှိ အရေးအခင်းဖြစ်၍ ဦးလေးအုန်းသိမ်းတို့က စစ်တပ်ရှိရာ ခလရ(၅၃)တွင် ခိုလှုံနေလေပြီ ...။ ရပ် ၊ ရှေ့ကြည့် ညာလှည့် ဆက်လျှောက် တရားသူကြီးဥကဌ ဦးကျော်ဝင်းအိမ်ရောက်တော့လဲ အဆိုပါနည်းအတိုင်း အာသာပြေ လက်နက်ကြီးတွေနဲ့ ဝုန်းသလေ ၊ ဦးကျော်ဝင်းလဲ တပ်ထဲရောက်နေပြီ ။
ပြောရရင်တော့ ကိုချစ်ဦးဆိုတာကလဲ ဦးလေးဦးအုန်းသိမ်းရဲ့ တူအရင်းခေါက်ခေါက်ပါပဲ ၊ သူ့ညီအရင်း ကိုသက်လင်းဆိုတာ ကိုကျော်မြတို့ BCP အတွဲနဲ့ ထောင်ထဲရောက်လို့ ထောင် ၁၀ နှစ်ကျခဲ့ရှာပြီး နောက်ပိုင်းတော့ ကိုချစ်ဦးရော ကိုသက်လင်းပါ ထောက်လှမ်းရေးနှိပ်စက် မိသားစုကိုယ်ပိုင်သစ်စက်လုပ်ငန်းတွေပြုတ်လို့ ပေးဆပ်ခဲ့ကြဘူးသူတွေပါ ၊ ထပ်ဖြည့်စွက်ပြီးပြောရရင် ပြည် ပေါက်ခေါင်းနယ်တလွှား နာမည်ကျော်ခဲ့တဲ့ ဗိုလ်အောင်ဒင်ဆိုတာလဲ သူတို့ဦးလေးအရင်းခေါက်ခေါက်ပါပဲ ဗျာ .. ...
နောက်ဆုံး အနှစ်ချုပ်ရရင် ဦးလေးဦးအုန်းသိမ်း ၊ ကိုချစ်ဦးနဲ့ ကိုသက်လင်းတို့ ညီအကိုတွေ ၊ အခု ရန်ကုန်တိုင်းတိုင်းမှူး ညီလေး မျိုးဇော်သိမ်းတို့ အဆုံး ကျွန်တော်နဲ့ ညီအကိုတွေတို့ အားလုံးဟာ မြန်မာ့စစ်အာဏာရှင်စနစ်အောက်မှာ သားကောင်တွေပမာ ရပ်တည်ရာ မတူညီရာတွေနဲ့ မတူကွဲပြားသလိုရှိခဲ့ကြပေမဲ့ တကယ့်တကယ်တော့ ဒီတိုင်းပြည်ကြီးရဲ့ စနစ်ဆိုးကြီးအောက်မှာ ဝေးကွာနေကြရသူတွေ ဖြစ်ခဲ့ကြရတယ် ၊ တိုင်းပြည်ကြီးဟာလဲ အဆိုပါ စနစ်ဆိုးကြီးအောက်မှာ အလုံးစုံ စုတ်ပြတ်သတ်ခဲ့ကြကုန်ပြီး လူအချင်းချင်း အမုန်းတရားတွေသက်သက်နဲ့ပဲကျန်ရစ်ခဲ့ကြရကုန်ပါတယ် ....
တကယ်ကောင်းစားနေသူတို့မှာ လက်တဆုပ်စာ စစ်ပဒေသရာဇ်များသာပါ ၊
သင်းတို့ကိုသာ အသိတရားရှိရှိ ဖယ်ရှင်းပစ်နိုင်ကြလျင် မြန်မာတပြည်လုံး အားလုံးချမ်းသာ စိတ်ဝမ်းကွဲစရာအလျဉ်းမရှိ ပကတိတည်ငြိမ်အေးချမ်း ဥမကွဲသိုက်မပျက် ချစ်ခင်ကြလျှက်သာ ရှိကြမည်မှာမလွဲပါ ..။
ဦးလေးဦးအုန်းသိမ်း ကောင်းရာသုဂတိလားပါစေ ...
ကျော်သူရှိန် ။

Saturday, July 1, 2017

ယင်းရဲတိုက်ပွဲနှင့် သူ၏ သမိုင်းကောက်ကြောင်းများ ( ဒုတိယပိုင်း- နိဂုံး)

၂၀၁၇ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ မော်လမြိုင်မြို့မှ ထုတ်ဝေသော သံလွင်တိုင်း ဂျာနယ်ပါ ဆောင်းပါး။ ယခင်အပတ်မှ အဆက်)
ယင်းရဲတိုက်ပွဲနှင့် သူ၏ သမိုင်းကောက်ကြောင်းများ ( ဒုတိယပိုင်း- နိဂုံး)
*** **** ***
ဌေးဝင်း
*******
… ကျနော်သိခဲ့သော ရေး ကိုကိုဦး´
ကျနော့အနေနဲ့ ပြောရရင် ကိုကိုဦးနဲ့  ရန်ကုန်မှာမဆုံဖြစ်ခဲ့ပါဖူး။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ကျောင်းသူကျောင်းသားတွေ အထွေထွေသပိတ်လှုပ်ရှားမှုတွေမှာ ကိုယ့်မြို့  ကိုယ့်ရွာ ကိုယ့်ကျောင်းအလိုက် ပါဝင် လှုပ် ရှား ကြတာ ဖြစ်ပြီး၊ ကိုကိုဦးဟာ ရန်ကုန်တက္ကသိုလ်၊ ကြည့်မြင်တိုင်နယ်မြေ (RC 3) မှာ ရူပဗေဒ ဒုတိယနှစ် ကျောင်းသား လို့  နောက်ပိုင်းမှာ သိခဲ့ရပါတယ်။ ကျနော် သူ့ ကို စတင်ဆုံတွေ့ တာ ထိုင်း - မြန်မာနယ်စပ်ဒေသက ဘုရားသုံးဆူဆိုတဲ့ ကျေးရွာကလေးမှာပါ။ ဒီဘုရား သုံးဆူ ဒေသကို ကျွန်တော်တို့  ရန်ကုန်ကရော အခြားမြို့ ရွာတွေကရော ကျောင်းသားတွေ အမြောက်အမြား ရောက်ရှိခဲ့ကြပြီး အာ ဏာရှင်စနစ်ကို ဆက်လက်ဆန့် ကျင်ဖို့  လက်နက်ကိုင် တိုက်ပွဲဝင်မယ်ဆိုတဲ့ ရည် ရွယ်ချက်နဲ့  ရောက်ရှိခဲ့ကြတာပါ။
ကျနော်နဲ့ အတူ သူငယ်ချင်းတွေ ဘုရားသုံးဆူဒေသကို ရောက်ရှိခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလမှာ အချို့ သော ကျောင်းသူကျောင်းသားတွေဟာ ကြိုတင်စောပြီး ရောက်နေကြသူတွေ ရှိနေပါတယ်။ အဲ့ဒီထဲမှာ ကိုကိုဦးလည်း တ ယောက် အပါအ၀င်ပါ။ ကျွန်တော်တို့ က စစ်အာဏာသိမ်းတဲ့နေ့  စက်တင်ဘာလ ၁၈ ရက်နေ့  နောက်နေ့ ကျမှ ရန်ကုန် က ထွက်ခွာလာပြီး လမ်းခရီးမှာ တလလောက် ကြာခဲ့တာဆိုတော့ ဘုရားသုံးဆူဒေသကို ရောက်ရှိတာ အနည်းငယ် နောက်ကျခဲ့ပါတယ်။ အရင်ကြိုတင်စောရောက်နေကြတဲ့သူတွေရော ကျနော်တို့ ရော ဘုရားသုံးဆူဒေသမှာ အတူတူ နေ ထိုင်ကြရင်း တဦးနဲ့ တဦး ခင်မင်ရင်းနှီးလာကြကာ သွားအတူလာအတူနဲ့  ရှိကြလာခဲ့ကြပါတယ်။
ဒီအထဲမှာ ကျောင်းသူကျောင်းသားအများကြားမှာ ထင်ထင်ရှားရှား သတိထားမိပြီး လူသိများလာကြသူတွေ ရှိကြပါတယ်။ ဒီအထဲမှာ ကိုကိုဦးလည်း တစ်ယောက်အပါအ၀င်ပါ။ ကျနော်တို့  ဘုရားသုံးဆူ ဒေသကို ရောက်ရှိကာစမှာ ကျောင်းသား တပ်ရင်းတွေ မပေါ်ပေါက်သေးပေမယ့် ဘုရားသုံးဆူဒေသရောက် မြို့ နယ်အသီးသီးမှ ကျောင်းသူကျောင်းသားတွေ အတူ တကွ စုပေါင်းပြီး ကော်မီတီ တစ်ရပ်အနေနဲ့  စတင်ဆောင်ရွက်ကြတာတွေရှိပြီး၊ ကျွန်တော်က ကျောင်းသားဆေးခန်းမှာ ကျန်းမာရေး စောင့်ရှောက်ကူညီမှုကို ၀င်ရောက်လုပ်ကိုင်ရင်း တခါတရံမှာ ကိုကိုဦးနဲ့ ဆုံဖြစ်တယ်ဆိုပေမယ့် အစပိုင်းမှာ ရင်းရင်းနှီးနှီး မရှိခဲ့ဖူး။
ဒါပေမယ့်လည်း ဆုံဖြစ်တိုင်း စကားပြောဖြစ်တဲ့အခါမှာ သူဟာ ခင်မင်ဖွယ်ကောင်းသူတစ်ဦး၊ အေးချမ်းသောအပြုံးနဲ့ စကား ကို သိမ်သိမ်မွေ့မွေ့  ပြောတတ်သူတစ်ဦးဆိုတာ သတိထားမိခဲ့ပါတယ်။ နောက်ပြီး သူဟာ အရပ်ရှည်သူတစ်ဦးဖြစ်ပြီး ရုပ် ရည်သန့် ပြန့် ချောမွေ့ သူတစ်ဦး ပြောဆို ဆက်ဆံရေး ကောင်းသူတစ်ဦးဖြစ်လို့  လူချစ်လူခင်များတာကိုလည်း သတိ ထား မိခဲ့ပါတယ်။ ထိုင်း - မြန်မာ နယ်စပ် ဒေသမှာ ကျောင်းသားတပ်မတော် ဖွဲ့ စည်း တည်ထောင်ပေါ်ပေါက်လာတဲ့အခါမှာ ဘု ရားသုံးဆူဒေသမှာလည်း ကျောင်းသားစခန်းနှစ်ခုဖြစ်တဲ့ တပ်ရင်း ၁၀၁ နဲ့  ၁၀၂ ဆိုပြီး စခန်းနှစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
ကျောင်းသားစခန်းနှစ်ခုဖြစ်တဲ့ တပ်ရင်း ၁၀၁ ရော ၁၀၂ ကရော အားလုံးဟာ ကိုကိုဦးကို ချစ်ခင်ကြသူတွေပါ။ သူ့ ကို ရေး ကိုကိုဦးလို့  ခေါ်ကြပါတယ်။ ကျွန်တော်တို့  တပ်ရင်းတွေမှာ ကိုကိုဦးဆိုတဲ့ အမည်တူတွေ ရှိပါတယ်။ သူ့ ကိုတော့ ရေးမြို့  ရန်ကြီးအောင်ရပ် ကမ်းနားလမ်းမှာ မွေးဖွားနေထိုင်သူမို့  ရေး ကိုကိုဦးဆိုပြီး လူသိများခဲ့တာပါ။ ဒီလိုနဲ့ ကျနော်တို့ လည်း ကိုယ့်တာဝန် ကိုယ့်အလုပ်တွေနဲ့မို့  အထူးသဖြင့် ကျနော်က ကျောင်းသားဆေးခန်းမှာဘဲ အချိန် ပြည့်ရှိနေရ တာမို့  သူနဲ့  နီးနီကပ်ကပ် အတူတူ မရှိခဲ့ပါဖူး။
သူလည်း သူ့ တာဝန်နဲ့ သူ ကျောင်းသားစခန်းအလုပ်တွေ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ဆိုတော့ အသီးသီး အလုပ်များနေကြ တာ။ နောက်ပိုင်းမှာလည်း နီးစပ်ရာ မြို့ ရွာတွေကို ၀င်ရောက်ကြရင်း ကျေးလက် နယ်မြေဒေသက ပြည်သူဘူထုကို ဒီမို က ရေစီအရေးနဲ့  ပတ်သက်ပြီး ဗဟုသုတတွေ ဖြန့် ဝေ စည်းရုံးရေး စစ်ကြောင်းတွေ ဆင်းကြနဲ့ ဆိုတော့ မတွေ့ ဖြစ်ကြတာ များလာကြပါတယ်။ ၁၉၈၉ ခုနှစ် နှစ်ကုန်ချိန်ကာလမှာ ကျနော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသားတပ်ရင်း စ ခန်းကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကို ပထမတစ်ခေါက်မှာ ကျန်းမာရေးတာဝန်ကိစ္စနဲ့ ရောက်ရှိခဲ့ရတယ်။ နောက်တစ် ခေါက်မှာတော့ ဘန်ကောက်မှာ နေထိုင်ဖို့  ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် ထိုင်းနိုင်ငံ ဘန်ကောက်ကိုရောက်ပြီး လပိုင်း လောက်မှာ ကျနော်တို့ ကျောင်းသားတပ်ရင်း ၁၀၂ က ရဲဘော်တွေအကြောင်း စိတ်မကောင်းစရာသတင်းကို ကြားလိုက်ရ ပါတယ်။ ရှေ့ တန်းစစ်မြေပြင်ကို ထွက်ခွာကြတဲ့ ကျနော်တို့  ကျောင်းသားစခန်းက ရဲဘော်တွေ တိုက်ပွဲမှာ ကျဆုံးကြတယ် ဆိုတာ သိလိုက်ရတယ်။
ကျဆုံးသွားတဲ့သူ သုံးယောက်မှာ ရေး ကိုကိုဦး၊ သန်းဗိုလ်နဲ့  ကျော်စိုးလေးတို့ ဆိုတာ သိလိုက်ရတယ်။ ဒီသတင်းကို ကြား လိုက်ရတော့ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရတယ်။ သန်းဗိုလ်ဆိုတာ ကျနော်နဲ့  ရန်ကုန်မှာ မြို့ နယ်အတူတူမှာ နေထိုင်ခဲ့ သူပါ။ ကျော်စိုးလေးဆိုတာလည်း တပ်ရင်းမှာ အသက်အငယ်ဆုံး ရဲဘော်လေးပါ။ ရေး ကိုကိုဦးဆိုတာလည်း အင်မတန် စိတ်သဘောထားကောင်းပြီး အေးအေးဆေးဆေးနဲ့  ဖော်ရွေသူ တစ်ယောက်ပါ။ သူတို့  တိုက်ပွဲမှာ ကျဆုံးတာနဲ့  တိုက်ပွဲ ဖြစ်ပွားမှုအတွင်း ရန်သူနဲ့  ရင်ဆိုင်ရချိန်မှာ တစ်ဦးကို တစ်ဦး ကာကွယ်စောင့်ရှောက်ရင်း ရဲဘော်ရဲဘက်ပီသစွာနဲ့ ကျဆုံး ခဲ့ရတာကိုပါသိရတော့ ပိုလို့  စိတ်မကောင်းဖြစ်ခဲ့ရတယ်။ သူတို့ သုံးဦးစလုံး ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်နေ့ မှာ ရေးမြို့ တောင်ပိုင်း ယင်းရဲရွာမှာ ကျဆုံးခဲ့ရတယ်။
ရေး ကိုကိုဦး ကျဆုံးချိန်မှာ အသက် ၂၆ နှစ်ဘဲ ရှိပါသေးတယ်။ စစ်ကြောင်းမှူးတာဝန်နဲ့  ဦးဆောင်ခဲ့တဲ့ ရေး ကိုကိုဦး ... တိုက်ပွဲဖြစ်ပွားနေချိန်မှာ ခေါင်းဆောင်ကောင်း ပီသစွာနဲ့  အသက်ပေးသွားခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ ကိုယ်လွတ်ရုန်းမှု မရှိဘဲ သူ့ ရဲ့ရဲဘော်တွေအားလုံးကို အကာအကွယ်ပေးရင်း အသက်ဆုံးရှုံးသွားတာပါ။ တကယ်ကို ခေါင်းဆောင်ကောင်း ပီသတဲ့သူပါ။ သူရဲကောင်း အာဇာနည်တစ်ယောက်ပါ။ အဲ့ဒီနေ့  တိုက်ပွဲထွက်မယ့် မနက်ပိုင်းမှာဘဲ ပနန်းထော်ဆိုတဲ့ ရွာ ကလေးမှာ ကျောက်ဖရုံသီးကြော် အတူတူ ၀ယ်စားကြပြီး ရဲဘော်တွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် နောက်ကြစကြနဲ့  နေသွား ခဲ့တယ်လို့ လည်း သတိရမှတ်မိတဲ့သူတစ်ယောက်က ပြောပြပါတယ်။
ကျဆုံးသွားခဲ့ကြတဲ့ သူတို့ သုံးယောက်ရဲ့  ပုံရိပ်တွေ မျက်စိထဲက မထွက်သေးပါဖူး။ တိုင်းပြည်အတွက် ပြည်သူတွေ အ တွက် အသက်ပေးဆပ်သွားကြတဲ့ သူတို့ ကို လေးစားစွာ ဦးညွှတ်ဂုဏ်ပြုနေမှာပါ၊ သတိရအောက်မေ့နေမှာပါ။ ကောင်းရာ ဘုံဘ၀ကိုလည်း ရောက်နေကြမယ်လို့  ယုံကြည်ပါတယ်။ ရေး ကိုကိုဦး၊ သန်းဗိုလ်၊ ကျော်စိုးလေးတို့  သုံးဦးဟာ ကျနော် တို့  လေးစားဦးညွတ်ရမယ့် ဒီမိုက ရေစီတိုက်ပွဲဝင် သူရဲ ကောင်း အာဇာနည်တွေပါဆိုတာ ကျနော်တို့  ရင်ထဲ နှလုံးသားထဲ မှာတင်မကဖူး။ မြန်မာပြည် အာဏာရှင်စနစ် လက်အောက်က လွတ်မြောက်ရေး လှုပ်ရှားမှုသမိုင်းမှတ်တိုင်မှာ အမြဲထာဝရ သမိုင်းကမ္ဗည်းရေးထိုးနေမှာပါ။
(မျိုးအေး) ကျောင်းသားရဲဘော်ဟောင်းတစ်ဦး၊ တပ်ရင်း ၁၀၂၊ ကျောင်းသားတပ်မတော် (မကဒတ)။
ကိုမျိုးအေးစာကိုဖတ်ပြီးနောက် ကိုမြင့်ဝေသည် ယခုကဲ့သို့ ဆိုလေသည်။
´ပထမတကြိမ် ရေးမြို့နယ် အရုတောင်တိုက်ပွဲဖြစ်ပြီးကတည်းက ကျနော် သတိထားမိတယ်။ ဘာကြောင့်ဆို အရုတောင် တိုက်ပွဲမှာ ကျနော်တို့က ရန်သူ့ကို အထင်သေးမိသလို ဖြစ်ပြီးတော့ မွန်ပြည်သစ်က တပ်ခွဲနဲ့ ကျောင်းသားတပ်ခွဲဟာ အဲ ဒီ ဗမာ့တပ်မတော်က စခန်းထိုင်သွားတဲ့ ရွာကိုအလှူလည်းရှိတော့ သူတို့ဝင်ပါတယ်။ အဲဒီညမှာဘဲ တပ်မတော်က ပြန် ဆုတ်သွားပြီးတော့ ချက်ချင်းပြန်လာပြီး မနက်မိုးလင်းတာနဲ့ ရွာကို ၀င်တိုက်တယ်။ ကိုကိုဦးတို့က အဲဒီမှာ တောင်ပိုင်းကို ဆက်ဆင်းရင်းနဲ့ အဲဒီမှာ သူတို့ သတိထားဖို့ အထူးလိုတဲ့ အချိန်ပေါ့ဗျာ။ ဒါပေမဲ့ ကံဆိုးစွာနဲ့တပ်နဲ့ ထိပ်တိုက် တိုးခဲ့ရ တယ်။ ရေးမြို့နယ် မုဒုံမြို့နယ်တို့ မွန်ပြည်နယ်က လူတွေ တော်တော်များများ ဦးဆောင်ကြပြီးတော့ သူတို့ ယုံကြည်မှု နည်းနည်း လွန်ကဲသွားတယ်လို့ ထင်တယ်။ ဆိုလိုတာက ပြည်သူ့ စည်းရုံးရေးအားလည်း သူတို့မှာရှိတယ်။ လက်နက် လူ သူအင်အား လည်းရှိတယ်ဆိုတော့သူတို့ယုံကြည်မှုနည်းနည်းလေး လွန်ကဲသွားတဲ့ သဘောတော့ ရှိတာပေါ့။ လူငယ်တွေ ဖြစ်တော့ဗျာ ဗမာ့တပ်မတော်ကို နာကျည်းမှု တော်တော် ရှိကြတယ်။ ပြင်းထန်ကြတယ်။ အဲဒီတော့ သူတို့ကိုသိပ်ပြီး ဒီ လောက်ထိ မလုပ်နဲ့ ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့ ပြောလို့ မဖြစ်ဘူး။ ပြောပြန်ရင်လည်း ရန်သူ့ သစ္စာဖောက် ဖြစ်မယ်´
ဟု ၀မ်းနည်းဆွေးမြေ့ရိပ်သန်းနေသော မျက်နှာထားနှင့် ပြောပြလေ၏။ ယခု ကိုမြင့်ဝေဖတ်ခဲ့သည့် စာများကို ရေးခဲ့သူ အား လုံးကား သူနှင့် တော်လှန်ရေးကာလက လက်ပွန်းတတီး နေခဲ့ဖူးသူများချည်း ဖြစ်၏။ ကျနော့ထံတွင် ကျန်နေသေးသည့် နောက်စာတစောင်ကို ရေးသူမှာကား ကျောင်းသားတပ်မတော်က မဟုတ်ဘဲ ရေးမြို့သား နိုင်ငံရေးသမား ကိုဇော်ဝင်း ဆို သူထံမှ ဖြစ်သည်။ ကိုဇော်ဝင်းမှာမူ ကျနော့်မိတ်ဆွေ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်၏။
´အခု အကိုဖတ်ရတာတွေက ကိုကိုဦးနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စာတွေ။ ဒီမှာ ကျနော် ပေးဖတ်စရာ ကျန်သးတဲ့ တ စောင်ကလည်း အတော် စိတ်ဝင်စားစရာ ကောင်းသဗျ။ ဖတ်ကြည့်ပါဦး.. ရော့´
ဟု ပြောလိုက်ရာ ကိုမြင့်ဝေသည် ကိုဇော်ဝင်း၏စာကို ဆက်ဖတ်ပြန်လေ၏။
.. ကိုကိုဦးနဲ့ ဖလန်ကြီးရွာ (ရေးချောင်းဖျား) မှာ နောက်ဆုံး ဆုံခြင်းဘဲ။ သူ ရေးတောင်ပိုင်း ခေါဇာရွာဘက်ကနေ မွန်းလွဲ ၃ နာရီလောက် ရောက်လာတယ်။ အဖော်တစ်ယောက်မှမပါတာကို သတိထားမိတယ်။ နယ်စပ်ထွက်လာတဲ့ ကျောင်းသား အ ရပ်သားတွေကို ချက်ပြုတ်ကျွေးမွေးနေတဲ့ တဲအနားရပ်နေတဲ့ ကျနော့ဆီ တန်းပြီးဝင်လာတယ်။ ´ကိုဇော်ဝင်း တွေ့ရတာ အ ရမ်းကိုဝမ်းသာတယ်။ ကျနော် ထိုင်းနယ်စပ်ထိ သွားချင်တယ်။ မွန်ပြည်သစ်က သူ့ထဲဝင်မှ အစစအရာရာ တာဝန်ယူမယ် ပြောတယ်။ ကျနော့ဆန္ဒက ကျောင်းသားသီးသန့် တပ်ဖွဲ့အဖြစ်ရပ်တည်ချင်တယ်။ အဲဒါကြောင့် နယ်စပ်အရောက် သူတို့ တာဝန်မယူနိုင်ဘူး ပြောတယ်´ ဆိုပြီး သူကပြောတယ်။ ကျနော် စိတ်မကောင်းဖြစ်ရတယ်။
သူ့ကို ဆန် တစ်ပြည်လောက် ရှာပေးဘို့ အကူအညီတောင်းလာတယ်။ စိတ်ဓါတ်ပြင်းပြမှုက သူ့မျက်နှာမှာ အထင်းသား ပေါ်နေတယ်။ ကျောင်းသားတွေ စခဲ့တဲ့ ၈၈ တပါတီ အာဏာရှင်ပြုတ်ကျရေး ခရီးမဆုံးသေး။ ပြီးဆုံးအောင် လက်နက်ကိုင် တိုက်ပွဲဝင်မဲ့ ကိုကိုဦးအတွက် ကန်းနီဒေသ ဥက္ကဋ္ဌ (မွန်ပြည်သစ် ဒေသအုပ်ချုပ်ရေး) နိုင်ကွန်းနှေး (ကျနော့သူငယ်ချင်း) အား ဆန်တပြည်ရှာပေးဘို့ တဆင့်ခံ အကူအညီတောင်းလိုက်ပါတယ်။ သူလည်း အချိန်မဆိုင်းဘဲ ဖလန်ကြီးရွာ ဘောလုံး ကွင်းမှာ ဘောပွဲအားပေးနေတဲ့ မွန်တပ်သားတစ်ယောက်ဆီက ဆန်အိတ်တအိတ်ရလာခဲ့တယ်။ အနီရောင်ပိတ်စနဲ့ ဘော့ ကွင်းလုံးလိုချုပ်ပြီး ဆန်ထည့်။ တစ်ယောစ်စာ စလွယ်သိုင်းရတဲ့ ရိက္ခာဆန်၊ နှစ်ပြည်လောက်ရှိမယ် ထင်တယ်။ ကိုကိုဦး အ ရမ်းကို ၀မ်းသာသွားတယ်။ ကျနော့ကို ထိုင်ကန်တော့ပါတယ်။ သူ့မျက်ဝန်းမှ မျက်ရည်လည်နေတာတွေ့တော့ စိတ်မ ကောင်းဖြစ်ရပြန်တယ်။
ခရီးတလျှောက် ဘယ်လိုခံစားချက်တွေ ရင်နဲ့အပြည့်ရှိနေမလဲ။ မပြောနိုင်။ (နယ်စပ်ထွက်လာတဲ့ ကျောင်းသား အရပ်သား တွေကို ပင်တိုင် ချက်ပြုတ်ကျွေးနေသူက မောင်ထွန်း (စာပို့လုလင် ဦးပေသီးရဲ့သား) ဖြစ်တယ်။ အဲဒီတုံးက ကန်းနီရွာနဲ့ ဖ လန် ကြီးရွာတွေမှာ မွန်ပြည်သစ် တပ်ဖွဲ့ဝင်အင်အား ၇၀၀လို့ သိရတယ်။ ဘုရားသုံးဆူမှာ မွန်နဲ့ကရင် တိုက်ကြပြီးနောက် ရေးနယ်ဘက်ကို စစ်ကြောင်းပြန်ဆင်းလာခိုက်နဲ့ ကျနော်တို့ကြုံရတာဖြစ်တယ်။ ဗဟိုကော်မတီဝင် ဗိုလ်မှူး ကျော်အိန်း၊ နိုင်လ၀ီအောင် (ဗိုလ်မှုးမြင့်ဆွေ)၊ တပ်မှူး အရွှေနဲ့ အခြားကိုယ်မသိသော တပ်မှူး များကိုလည်း သတိထားမိတယ်…
ပြီးရင် နှောင်းလူတွေကို သိစေချင်တဲ့ အဲဒီကာလက ထူးခြားချက်တခုကို ဒီနေရာမှာ ပြော ပြချင်သေးတယ်။ ကိုကိုဦးနဲ့ ကျ နော် မဆုံခင် ချက်ပြုတ်ကျွေးမွေးသည့် ခြေတံရှည်တဲပေါ် ကျနော်ရောက်ခဲ့တယ်။ တဲခေါင်းရင်းဘက် ဘုရားစင်အောက် တည့်တည့်မှာ ဒေးဗစ်ချမ်းကုတ် ကာကီရောင်အင်္ကျီဘောင်းဘီနဲ့ KIA ဦးထုပ်ပုံစံဆောင်းထားတဲ့သူနဲ့ ရေးသပိတ်က နှစ် ယောက်တို့ အပြန်စကားပြောနေကြတယ်။
အဓိကဦးဆောင်ပြောနေသူက အဆိုပါ ယူနီဖေါင်းဝတ်ထားသူဖြစ်ပြီး. သူက နိုင်ဆိတ်နို့ (မွန်ပြည်သစ် အုပ်ကြီးအဖွဲ့ ဥက္ကဋ္ဌ သားဖြစ်ကြောင်း ခု ခင်ဗျားတို့သပိတ်အဖွဲ့ အရပ်သား၊ ကျောင်းသားများကို နွေးထွေးစွာ ကြိုဆိုရင်း လက်နက်ကိုင်အင်အား စု တရပ် ထူထောင်ပေးနိုင်ဘို့ လာရောက်ဆွေးနွေးတာ ဖြစ်ကြောင်း၊ လက်နတ် ယူနီ ဖေါင်း ရိက္ခာ လိုလေသေးမရှိစေရ စ သည်ဖြင့်ပြောဆိုနေတာ မိမိသတိထားမိတယ်။ မွန်ဥက္ကဋ္ဌသားလို့ ပြောသူရဲ့အသံက ရန်ကုန်သံ။ ရုပ်ရည်လက္ခဏာက လည်း မြို့ပေါ်နေသူတယောက်မှန်း သိသာတယ်။ ဘာတွေလဲ.?. ကျနော် တဲအောက် ပြန်ဆင်းလာပြီး ဦးပေသီးသား မောင်ထွန်းခေါ်ကျွေးတဲ့ ထမင်းကိုသာ ဆာဆာနဲ့ စားနေလိုက်တော့တယ်။ ဒီလူ့မျက်နှာကို နောင် ရှစ်လကျော်အကြာ လ မိုင်းရွာ (ရေးမြို့နယ်) လ္ဘက်ရည်ဆိုင်မှာပြန်တွေ့တော့ အရမ်းကို အံ့သြသွား တယ်။ အမှတ် (၅) ထောက်လှမ်းရေးတပ် ဆွယ် (ရေးမြို့)က တပ်ကြပ်မြင့်ဆွေနဲ့ အတူဖြစ်တယ်။ ကျနော့သူငယ်ချင်း ၀ပ်ရှော့ ဆရာ ကိုဟုတ်ကြည် (တောခိုစဉ်က အတူတူ) က လမိုင်းမှာ မီးစက်တစ်လုံးသွားယူဘို့ လိုက်ခဲ့ပါဆိုရင်း အမှတ်မထင် ဆုံကြတာ ဖြစ်တယ်။ ပြောချင်တာက စစ် အာဏာမသိမ်းခင်နဲ့ သိမ်းပြီးတဲ့အချိန် စစ်ထောက်လှမ်းရေးတွေ နယ်စပ်ကို ကြိုတင်ရောက် နေသလို နယ်စပ် လက်နက် ကိုင် အဖွဲ့အစည်းတွေထဲ ထိုးဖေါက်ဝင်ရောက်မှု မြန်ဆန်တာကိုပါ။ တဲပေါ်မှာ ဒီလူပြောဆိုစဉ် က အခြားသူတွေနဲ့အတူ ကို ဟုတ်ကြည်ပါနေတော့ သူ့ကို လမိုင်းလ္ဘက်ရည်ဆိုင်ထဲကနေ ခေါ်ထုတ်ပြီး ´ဒို့နဲ့အတူ လ္ဘက်ရည် သောက်နေတဲ့ ငါ့အရှေ့က ကောင်ကို မင်းမှတ်မိလား ရေးချောင်းဖျား ဖလန်ကြီးတဲပေါ်မှာ အာဘောင်အာရင်း သန်သန်နဲ့ဖေါနေတာ သူဘဲ´ လို့. ပြော လိုက်တယ်။ နောက်ဆုံး ပြောချင်တာက ကိုကိုဦးနဲ့ ရေးသပိတ်က လူတချို့ရဲ့ မတူ တဲ့ ခံယူချက်က လမ်းပေါက်သူနဲ့ လမ်း ပျောက်သူလို့ ဆိုချင်တယ်။ ကိုကိုဦးက ကျောင်းသားကိုယ်စားပြုလို့ လမ်းပေါက် အောင် လျှောက်ခဲ့တယ်။ လူတချို့က လက်နက်ကိုင်နယ်မြေထဲ တဒင်္ဂအခွင့်အရေးအတွက်သာ လျှောက်ခဲ့ကြတာမို့ ဒီနေ့ လမ်းပျောက်ပြီး သမိုင်းသေသွားခဲ့ ကြတာကိုလည်း သတိပြုမိတယ် ဆိုတာပါဘဲ။
ကိုမြင့်ဝေသည် ကိုဇော်ဝင်းစာကို ဖတ်ရှုပြီးနောက်
´အေးဗျာ ကျောင်းသား တပ်မတော်သမိုင်းမှာတော့ ကိုကိုဦးဟာ မော်ကွန်းတင်ရမဲ့ ရဲဘော်တယောက်ဆိုတာ သေချာပါ တယ်။ သူက တိုက်ပွဲမှာ ရဲရင့်သလို စည်းရုံးရေးဘက်မှာလည်း တော်တယ်ဗျ။ ကျနော့ ကိုယ်တွေ့ကို ပြောပြမယ် ခင်ဗျား ကို.. ´
´ဟုတ် ပြောပါ အကို ကျနော် သိပါရစေ´
´ကိုကိုဦးက ထူးခြားတာတခုက အဲဒီအချိန်မှာ ရန်ကုန်ကလာတဲ့ RITနဲ့ တက္ကသိုလ်ကျောင်းသားတချို့ က တပ်ရင်း ၁၀၁ ကို မ၀င်သေးဘဲနဲ့ ပြင်ပမှာ ကျန်နေသေးတယ်။ သူတို့တွေဟာ ဝှေ့မလိုင်းကျေးရွာမှာ ခဏခိုလှုံနေကြတယ်။ အဲဒါကို ကျနော်နဲ့ ကိုကိုဦးတို့သွားပြီး ဆွေးနွေးကြတယ်။ ကိုကိုဦးရဲ့ စည်းရုံးပြောတာ ဆွေးနွေးညှိနှိုင်းတာ အတော်လေးပြည့်ဝတာ ကို တွေ့ရတယ်။ ကျနော်နဲ့သူက ဝှေ့မလိုင်းကျေးရွာမှာရှိတဲ့ ကျောင်းသားတွေကို တပ်ရင်း ၁၀၁ ကို ၀င်ဖို့ ကို သွားရောက် ညှိနှိုင်းဆွေးနွေးကြတာ။ အဲဒီရပ်ကွက်ရဲ့ နောက်ဖက်က စမ်းချောင်းလေးဘေးမှာ ကျနော်တို့ အားလုံးအတူတူ ထိုင်ပြီး တော့ ဆွေးနွေးကြတာ။ ဘုရားသုံးဆူနယ်မြေမှာ တပ်ရင်းတခုတည်းနဲ့ စခန်းတခုတည်း အားလုံးစုစုစည်းစည်းနဲ့ ဖြစ်ဖို့ ကိစ္စ။ မှတ်မိတာက ကျနော်တို့ ဘုရားသုံးဆူ နယ်မြေထဲမှာ နယ်ခံကျောင်းသားတွေနဲ့ မြို့ကြီးတွေကလာတဲ့ ကျောင်းသား တွေ ကြားထဲမှာ တစုံတရာတော့ ကွာဟမှု ရှိတယ်။ နယ်ခံကျောင်းသားတွေက အလုပ်လုပ်နိုင်တယ်။ ရန်ကုန်ကလာတဲ့ ကျောင်းသားတွေကတော့ အဲလောက်ထိ ကြမ်းကြမ်းတမ်းတမ်း မလုပ်နိုင်တဲ့ သဘောမျိုး ရှိတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆိုတာ တဲဆောက်မယ။် အိမ်ဆောက်မယ်။ တောတိုးရမယ် ဆိုတော့ သူတို့က အတွေ့အကြုံ သိပ်မရှိတဲ့ အတွက် နည်း နည်းလေးတော့ ကွာတာပေါ့ဗျာ။ အဲဒါကနေ စတာလား ဒါမှမဟုတ် တချို့သော ဦးဆောင်မှုကဏ္ဍတွေမှာ ရွေးချယ်ရ ခက်နေတာလည်း ဖြစ်နိုင်တာပေါ့နော်´
ထိုင်းမြန်မာနယ်စပ်ဒေသများဖြစ်ကြသည့် မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းအတွင်းမှ ပေါ်ထွက်ခဲ့သော ကျောင်းသားတပ်တော်ထဲတွင် ပါဝင်ခဲ့သူတိုင်းက တဖြေးဖြေးချင်း ခုလိုမျိုး ၎င်းတို့၏ခံစားချက်များ အတွေ့အကြုံများ အ မြင်များကို သံလွင်တိုင်းဂျာနယ်ကဲ့သို့သော ဂျာနယ်များ သတင်းစားများတွင် ဖော်ထုတ်ကာ မှတ်တမ်းတင်ထားနိုင်မည် ဆိုလျှင် အလွန်တရာ ကောင်းမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးလောကတွင် များသောအားဖြင့် ခေါင်းဆောင်များ ဥက္ကဌ အ တွင်းရေးမှူးများ၏ မှတ်တမ်းများက ပလူပျံနေသော်လည်း အခြားသူများ၏ အသံများကို မှတ်တမ်းတင်မှုကား နည်းပါးလွန်း လှ၏။ ခေါင်ဆောင်တာဝန် ဥက္ကဌ အတွင်းရေးမှူး တာဝန်များကို မယူခဲ့ရသူများ ဆောင်ရွက်ခဲ့ရသည်များကိုလည်း သ မိုင်းမှတ်တမ်း တင်ထားနိုင်ခဲ့မည်ဟု ဆိုလျှင် သူတို့ရင်ထဲတွင် ကျေနပ်ကြမည်ဟု ကိုမြင့်ဝေက ယုံကြည်နေသည်။ ကျဆုံး သွားသူများနှင့် လက်ရှိ ရှိနေကြသူများ၏ သမိုင်းမှန်ကို တင်ပြနိုင်မည့် စင်မြင့်တခု ရှိနေဖို့ အမှန်ပင် လိုအပ်နေပေသည်။
´အေး.. ခင်ဗျားနဲ့ သံလွင်တိုင်းမ်ကို ကျေးဇူးတင်တယ်လို့ ကျနော်စောစောက ပြောခဲ့တာက ဒီဥစ္စာကို ကျနော်တို့ ဆက် ပြီး ပုံမှန်လေးနဲ့ ရေးသားပြီး သမိုင်းတွေကိုထားခဲ့ပေးဖို့ အားလုံးက ပူးပေါင်းဆောင်ရွက်ကြမယ်။ ပူးပေါင်း ဆောင်ရွက် နိုင်အောင်လည်း ကျနော်တို့က ၀ိုင်းပြီး တိုက်တွန်းကြမယ်ဆိုရင် ကျနော်တို့က သမိုင်းတခုကို ချန်ထားလို့ရပြီ။ သံလွင် တိုင်းမ်အနေနဲ့လည်း ဘုရားသုံးဆူ နယ်မြေထဲ့က တော်လှန်တဲ့အဖွဲ့အစည်းတွေရဲ့ သမိုင်းကြောင်းတွေကို ပြည်သူတွေသိ အောင်လုပ်ပေး စေလိုတယ်။ သမိုင်းမှန်တွေကို ချန်ထားခဲ့ဖို့ ကမ္ဘာအနှံ့ ပြန့်သွားကြတဲ့ ရဲဘော်တွေကလည်း ကိုယ်တွေ့  ပါဝင်ဆင်နွှဲခဲ့တဲ့ သမိုင်းကို အခုအချိန်မှာ ပြန်လည် ပြောပြသင့်ပြီလို့ တိုက်တွန်းချင်တယ်ဗျာ´