Saturday, October 7, 2017

တပ်မတော်ထောက်လှမ်းရေး (ကကလှမ်း) ပျက်သွားတာ အကုန်လုံးမှာ တာဝန်ရှိတယ်

Image may contain: 1 person, sunglasses and outdoor
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
• ထောက်လှမ်းရေး တပ်မှုး၊ သတင်းတပ်ဖွဲ့ တပ်ဖွဲ့မှုး၊ န.စ.က ကွပ်ကဲရေးမှုး ဗိုလ်မှူးကြီးသက်ထွဋ်(ငြိမ်း) နှင့် တွေ့ဆုံခြင်း
OTS-၄၇ သင်တန်းဆင်း ဗိုလ်မှူးကြီးသက်ထွဋ်သည် တပ်မတော်တွင် နှစ်ပေါင်း ၃ဝ နီးပါး တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။ တပ်မတော် ထောက်လှမ်းရေး ကက(လှမ်း)ကို ၂ဝဝ၄ အောက်တိုဘာတွင် ဖျက်သိမ်းစဉ်က ဗိုလ်မှူးကြီး သက်ထွဋ်လည်း ဖမ်းဆီးခံခဲ့ရသည်။ ယင်းအချိန်က ဗိုလ်မှူးကြီးသက်ထွဋ်သည် သတင်းတပ်ဖွဲ့ တပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။ ဗိုလ်မှူးကြီးသက်ထွဋ်ကို ဖမ်းဆီးစစ်ဆေးချိန်တွင် လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုများ မပေါ်ပေါက်သဖြင့် နောက်ဆုံး ဘာပုဒ်မမှ တပ်မရသည့်အဆုံး အင်းစိန်ထောင်တွင် ရက်ပေါင်း ၃ဝ နီးပါးနှင့် ခြေလျင်တပ်တွင် ရက်ပေါင်း ၃ဝ နီးပါး အစစ်ဆေးခံခဲ့ရပြီး ပြန်လွတ်လာသူဖြစ်သည်။ ဗိုလ်မှူးကြီး သက်ထွဋ်သည် တပ်မတော်ထောက်လှမ်းရေး ကက(လှမ်း)တွင် တပ်မှူးဘဝ (ထောက်လှမ်းရေး ၁၁၊ ၂၄ တပ်မှူး)၊ နောက် န.စ.က ကွပ်ကဲရေးမှူး၊ စစ်မဟာဗျူဟာ လေ့လာရေးရုံးတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဘူးသီးတောင်၊ မောင်တော န.စ.က ကွပ်ကဲရေးမှူး သုံးနှစ်တာဝန်ထမ်းဆောင်ချိန်တွင် မိခင်ကြီးအား အဆိုပါဒေသသို့ ခေါ် သွားခဲ့သူလည်းဖြစ်သည်။ (အဆိုပါအချိန်က ဝန်ထမ်းများ ဘူးသီးတောင်၊ မောင်တောသို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ချိန်တွင် မိသားစုနှင့် မိဘတို့ကို ခေါ်သွားသူ မရှိသလောက် ရှားပေသည်) ဗိုလ်မှူးကြီး သက်ထွဋ်သည် အိမ်ထောင် မပြုဘဲ မိဘကို အလုပ်အကျွေးပြုသဖြင့် ထောင်နှစ်ရှည်မကျဘဲ ရက်အနည်းငယ်သာ နေခဲ့ရသူဖြစ်သည်ဟု တချို့က ဆို ကြသည်။ ကက(လှမ်း)တွင် တာဝန်ထမ်းဆောင်ခဲ့ချိန် ရတနာသုံးပါး ဂုဏ်ကျေးဇူးနှင့် ဘာသာတရား လိုက်စားမှု၊ မိဘကို လုပ်ကျွေးမှုတို့ကြောင့် အခြားလုပ်ဖော်ကိုင်ဖက်များ ထောင်နှစ်ရှည်ကျသော်လည်း ၎င်းကို မှားဖမ်းမိ၍ ပြန်လွှတ်လိုက်ရ သည်ဆိုသည့် ဗိုလ်မှူးကြီးသက်ထွဋ်အား တပ်မတော်ထောက်လှမ်းရေး ဘာကြောင့် ပျက်သုဉ်းသွားသလဲကို စတင် မေးမြန်းလိုက်သည်။
Speaker ။ ။ ၂ဝဝ၄ ခုနှစ် အောက်တိုဘာ မှာ မြန်မာနိုင်ငံမှာ တန်ခိုးအလွန်ထွားတဲ့ တပ်မတော် ထောက်လှမ်းရေး ကက(လှမ်း)ကို ဖျက်သိမ်းလိုက်တယ်။ တပ်မတော်ထောက် လှမ်းရေးညွှန်ကြားရေးမှူးနဲ့ ထောက်လှမ်းရေး အရာရှိတွေကိုလည်း ဖမ်းဆီးလိုက်တယ်။ ဗိုလ်မှူးကြီး ကိုယ်တိုင်လည်း အဖမ်းခံရတယ်။ အဲဒီအချိန်တုန်းက ဘာ့ကြောင့် ကက(လှမ်း)ကို အရေးယူလိုက်ရတာလဲ။ ပြောလို့ရသ လောက် ပြောပေးပါဦး။
UTH ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လက်အောက်ခံအဖွဲ့ တွေကို မနှစ်သက်တဲ့အတွက်၊ မထားချင် တဲ့အတွက်ကြောင့် အရေးယူလိုက်တာပါ။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းတရားတွေ ကိုတော့ သူတို့တွေမှ ပိုသိမှာပေါ့။
Speaker ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တိုင်းတွေ၊ တပ်မတွေကို သွားစစ်တဲ့အခါ ကက(လှမ်း)က လူတွေ မောက်မာတာ၊ ငွေ ကြေးရှုပ်ထွေးတာ၊ စစ်သားစိတ် မရှိတာတွေ ကို ဝိုင်းတိုင်ကြသလို အပြင်လူတွေကလည်း ထောက်လှမ်းရေး မကောင်းကြောင်းကို ဝိုင်း တိုင်ကြတယ်လို့ ကြားဖူးတယ်။ ဒါကြောင့် ဝန်ကြီးချုပ်တာဝန်နဲ့ ထောက်လှမ်းရေးညွှန် ကြားရေးမှူးတာဝန်ကိုတွဲကိုင်နေတဲ့ ဦးခင်ညွန့် ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ''ကိုခင်ညွန့်၊ ထောက်လှမ်းရေးကို ကျွန်တော် အရေးယူတော့ မယ်။ ခင်ဗျား၊ ထောက်လှမ်းရေး ညွှန်ကြား ရေးမှူး တာဝန်ကနေထွက်ပြီး ဝန်ကြီးချုပ် တာဝန်ပဲ ယူလိုက်တော့''လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒါကို ဗိုလ်ချုပ်ကြီး ခင်ညွန့်က လက်မခံခဲ့ဘူးလို့လည်း ကြားဖူးတယ်။ နောက် ပြီး မူဆယ်က ထောက်လှမ်းရေး တပ်ကြပ်ကြီး တစ်ယောက်ကို အရေးယူလိုက်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရန် လုပ်တယ်လို့ ပြောသံကြားဖူးတယ်။ သာသ နာရေး ညွှန်ချုပ် ဦးအံ့မောင်ရဲ့ မြန်မာသံ တော်ဆင့်ဂျာနယ်က ဆောင်းပါးတစ်ပုဒ်မှာ လည်း ဖတ်လိုက်မိတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးခင်ညွန့် ဖြုတ်ခိုင်း လို့ တပ်မှာ သူနဲ့အလုပ်အတူ လုပ်ခဲ့တဲ့ လူတွေ အပါအဝင် ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီး တချို့ကို ဖြုတ်ပြီး အရေးယူခဲ့တာတွေရှိတယ်လို့ ဒီကိစ္စ တွေဖြစ်ပြီးလို့ ဆယ်စုနှစ်တစ်ခုကျော်အကြာ မှာ ပြန်ကြားရတယ်။ ဒီတော့ ဗိုလ်မှူးကြီး အနေနဲ့ အဲဒီတုန်းက အတွင်းရေးတွေနဲ့ စစ်ရုံးက အခြေအနေတွေကို ဘယ်လောက် သိထားလဲ။
UTH ။ ။ ဒါတွေကို နောက်မှသိတာ များပါတယ်။ နောက်မှသိတယ်ဆိုတာ တစ် ဆင့် ပြန်ကြားတာတွေပေါ့။ ၁၉၉၇ ခုနှစ် နောက်ပိုင်းမှာ ကျွန်တော်က နိုင်ငံရေးနဲ့ တိုင်း ရေးပြည်ရေးကို သိပ်စိတ်မဝင်စားတော့ဘူး။ ဘာလို့လဲဆိုရင် လုပ်တာကိုင်တာ တချို့ကို ကျွန်တော် သိပ်သဘောမကျတော့ဘူး။ တပ် မတော်ထဲက ခရစ်ယာန်တွေကို ထုတ်ပစ် လိုက်တာမျိုးရှိခဲ့ဖူးတယ်။ ထုတ်ပစ်တယ်ဆိုတာ အငြိမ်းစားပေးတာ၊ နယ်ဘက်ကို ပြောင်းပစ် တာတွေပေါ့။ ဒါမျိုးတွေ မလုပ်သင့်ဘူးလို့ ကျွန်တော် မြင်တယ်။ နောက်တစ်ချက်က ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးမောင်အေး တို့ကို တိုက်ပေးနေတဲ့ ပုံစံမျိုး တွေ့လာတယ်။ ဘယ်လိုလဲဆိုရင် နယ်စပ်ဒေသက တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေကို ဗိုလ်ချုပ်ကြီး ခင်ညွန့်က ရွှေ့ဖို့ပြောပေမယ့် ဗိုလ်ချုပ်ကြီး မောင်အေးက ဖျက်ဖို့ပြောလိုက်တဲ့အခါ ကျွန် တော်တို့ ထောက်လှမ်းရေးတပ်တွေနဲ့ တိုင်း တွေ သိပ်အဆင်မပြေတော့ဘူး။ အမှန်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်အောက်မှာ နှစ်ယောက်အတူ လုပ်ရတာ။ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တင်ပြ ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သဘောမတူဘဲ လုပ်မှာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးမောင်အေး ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မခိုင်းဘဲ လုပ် စရာမရှိဘူး။ ဒီတော့ မတူညီတဲ့ အမိန့် နှစ်ခုကို တစ်ယောက်တည်းက ပေးစရာအ ကြောင်းမရှိဘူး။ နောက်ပြီး ကျွန်တော်တို့ သိသလောက် ဗိုလ်ချုပ်ကြီးခင်ညွန့်က လူကြီး အပေါ်မှာ အင်မတန် တာဝန်ကျေတဲ့သူပါ။ ဒီလို လူကြီးတွေအပေါ်မှာ ရိုရိုသေသေ ဆက် ဆံတတ်လို့လည်း တပ်မတော်ထောက်လှမ်း ရေးရဲ့ ညွှန်ကြားရေးမှူး ဖြစ်တာပေါ့။ အေးအေးဆေးဆေးငြိမ်ငြိမ်သက်သက် လူတွေ ကို တာဝန်ပိုပေးတဲ့ သဘောနဲ့ လမ်းစဉ်ပါတီ ခေတ်က ရွေးခဲ့တာပေါ့။ ဒါကြောင့် ဗိုလ်ချုပ် ကြီးခင်ညွန့်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ရန်လုပ်မယ်ဆိုတဲ့ ကိစ္စကို ကျွန်တော်တော့ မယုံနိုင်ဘူး။ ရှိရင်လည်း သူတို့ချင်း ဖြစ်တဲ့ ကိစ္စပေါ့။ ဒါပေမဲ့ တချို့ကိစ္စတွေက အမှတ် တမဲ့ လုပ်လိုက်ပေမယ့် သူများကို ရန်စသလိုမျိုး ဖြစ်နိုင်တယ်။ ဒါက ခံယူသူရဲ့ သဘောပေါ့။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဆက်နွှယ်တဲ့ ကိစ္စတချို့ကို ဆက်စပ်စုံစမ်းလို့ရတာတောင် သူ့(ဗိုလ်ချုပ်ကြီးခင်ညွန့်)ဘက်က ရပ်လိုက် တယ်လို့ ကြားဖူးတယ်။ အဲဒီစုံစမ်းစစ်ဆေး ရေးအဖွဲ့မှာ ကျွန်တော် မပါတဲ့အတွက် မှန်တယ်၊ မှားတယ်တော့ ကျွန်တော်လည်း မသိဘူး။ တပ်မတော်ကို ထောက်လှမ်းတာနဲ့ ပတ်သက်ပြီး ကျွန်တော် ကြားဖူးတာတစ်ခု ရှိတယ်။ ရေတပ်မှာ ငါးဖမ်းခွင့်ကိစ္စတွေနဲ့ ပတ်သက်ပြီး အရေးယူတဲ့အခါ နှစ်ပေါင်း များစွာ ဖြစ်လာတာမို့လို့ တကယ် ဆက်တိုက် အရေးယူရင် ရေတပ်ဦးစီးချုပ်တောင် ပါနိုင်တဲ့ အတွက် ဆက်မလုပ်ဘဲ တစ်ဝက်တပျက်နဲ့ ရပ်ဖို့ သက်ဆိုင်ရာ လူကြီးတွေက ပြောတာ ရှိတယ်။ ဒါကြောင့် တပ်ကြပ်ကြီးကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ် မှူးကြီး သန်းရွှေကို ရန်ရှာတယ်ဆိုတဲ့စကား က အင်မတန် သေးသိမ်တဲ့စကားပဲ။ မဖြစ် နိုင်ဘူး။
Speaker ။ ။ တပ်မတော်ထောက်လှမ်း ရေး ပျက်ခဲ့ရတာ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်သန်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နဲ့ ဘိုးတော်သန်းလှတို့ရဲ့ စကား တွေကို ယုံလို့ဆိုပြီး သတင်းထွက်ခဲ့တယ်။ လူမှုကွန်ရက်ပေါ်မှာလည်း ရေးကြတယ်။ ဒီ စကားက ဟုတ်နိုင်သလား။
UTH ။ ။ မဖြစ်နိုင်ပါဘူး။ မဟုတ်နိုင်ပါ ဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ မကြားဖူးဘူး။ ဗိုလ်ချုပ်သန်းထွန်းက တန်ပြန်ထောက်လှမ်း ရေးဌာနရဲ့ ဌာနကြီးမှူးဆိုတော့ စုံစမ်းစစ်ဆေး မှုတွေ အားလုံးကို သူ့ဆီက တက်စစ်ရတယ်။ သူက ထောက်လှမ်းရေးနှစ်ဆက် (မျက်မှန် ကြီးတင်ဦး) လုပ်ခဲ့တာဆိုတော့ မှားနိုင်လောက် တဲ့ ကိစ္စမရှိနိုင်ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာဖြစ်လာသလဲဆိုတော့ လုပ်ငန်းသဘော ထက် လူကြီးတွေရဲ့ သဘောကို လိုက်လုပ် ပေးရတာတွေ ရှိလာတယ်။ ဘယ်လူကြီးရယ် လို့တော့ ပြောတာမဟုတ်ဘူး။ ဒါမျိုးတွေရှိတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် ဆီကို သတင်းအမှန် ရောက်ပါ့မလားဆိုတာကို သံသယဖြစ်စရာ ရှိတယ်။ ကျွန်တော် သတင်းတပ်ဖွဲ့မှူး တာဝန် ထမ်းဆောင်တုန်းက ''န.စ.ကမှာ နေတုန်း က အဂတိတရားလေးပါး မှာ ငါကြောက်တာ ဆန္ဒဂတိ။ အခု သတင်းတပ်ဖွဲ့မှူးဘဝမှာ ငါ ကြောက်တာ မောဟဂတိ''လို့ ပြောခဲ့တာရှိ တယ်။ တစ်နိုင်ငံလုံးနဲ့ ခြုံတဲ့အခါ အောက်က တင်ပြတာကိုပဲ အထက်အဆင့်ဆင့်ကို တင်ပြ ရတာမျိုးရှိတယ်။ အောက်ကလူတွေက စနစ် မကျဘဲ လုပ်ရင် မမှန်မကန် လုပ်တာလား၊ မှန်မှန်ကန်ကန် လုပ်တာလား၊ ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာကို လုပ်ငန်းအတွေ့အကြုံ အရ မှန်းလို့ရတယ်။ ဒါပေမဲ့ စနစ်တကျနဲ့ လိမ်ပြီဆိုရင် သေသေချာချာ မှန်းလို့မရတော့ ဘူး။ ထောက်လှမ်းရေးတပ်ဖွဲ့မှာ ရှိတဲ့သူရဲ့ ကိုယ်ကျင့်တရားက ရာနှုန်းပြည့် အပြည့်အစုံ ဖြစ်ဖို့ ကောင်းတယ်။ ဘာလို့လဲဆိုရင် သူများ မကောင်းကြောင်းကို စုံစမ်းပြီး အထက်ကို တင်ပြပေးရတာ။ မကောင်းကြောင်းဆိုတာ မူဝါဒနဲ့ ဆန့်ကျင်တာတွေကို တင်ပြရတာ။ သူတို့ မှန်မှန်ကန်ကန် တင်ပြမှ လူကြီးတွေ မှန်မှန်ကန်ကန် ဆုံးဖြတ်လို့ရမှာ။ ထို့အတူ လူကြီးတွေကလည်း တင်ပြတာကို မှန်မှန် ကန်ကန် နားထောင်ပေးဖို့ လိုတာပေါ့။ ဒီ စနစ်ပျက်သွားတဲ့ သဘောပါ။ ဘာလို့လဲဆိုရင် တစ်ပါတီ အာဏာရှင်တုန်းကလို ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ အာဏာရှိလာတဲ့အခါ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ အလိုက်သိရတာတွေ ရှိတယ်။ ကျွန်တော် သိသလောက်ဆိုရင် နောက်ပိုင်းမှာ သက်ဆိုင်ရာဒေသရဲ့ တိုင်းမှူး၊ တပ်မမှူးတွေမှာ မကောင်းတဲ့၊ မမှန်တဲ့ လုပ်ဆောင်ချက်တွေ ရှိတာတောင် ကျွန်တော်တို့ဆီက တင်ပြတာ မရှိတော့ဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပတ် သက်တဲ့လူဆိုရင် ထောက်လှမ်းရေးတပ်တွေ ကိုယ်တိုင် ဂရုစိုက်ပြီး ရှောင်တာတွေ ရှိလာ တယ်။ ဒါတွေကို ထောက်ကြည့်ရင် ဒီသုံး ယောက်ကြောင့်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီသုံး ယောက်ကို ပုံချလို့မရဘူး။ အချက်တစ်ချက် အနေနဲ့ (One of the Facts) ပါရင်တော့ပါ နိုင်တယ်။
Speaker ။ ။ ထောက်လှမ်းရေးတပ်ဖွဲ့တွေ အများကြီးရှိတဲ့ထဲမှာ တန်ပြန်ထောက်လှမ်း ရေး (Counter Intelligent) ဖြစ်တဲ့ ထောက် လှမ်းရေး (၃)က နာမည်တော်တော် ကျော် ကြားလာတယ်။ လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ဦးစားပေးလည်း ခံ ရတယ်လို့ ပြောကြတယ်။ ဘာကြောင့် ထောက်လှမ်းရေးဌာနတွေထဲမှာ ထောက်လှမ်း ရေး (၃)က ရှေ့ရောက်လာတာလဲ။
UTH ။ ။ သူများ မကောင်းသတင်းကို စုရတဲ့သူက ပိုပြီး နာမည်ကြီးတာပေါ့။ တန် ပြန်ထောက်လှမ်းရေးဖြစ်လို့ မဟုတ်တာ လုပ် တာတွေကို တင်ပြခွင့်ရှိတာပေါ့။ ဒီလို သိပ် နာမည်ကြီးလာရင် တိုင်းပြည်ရဲ့တာဝန်ရှိတဲ့ အပိုင်းမှာ မဟုတ်တာလုပ်တဲ့သူတွေ တော် တော်များတယ်လို့ ပြောလို့ရတယ်။ ကျွန်တော် နဲ့ ကိုသန်းထွန်းမှာလည်း ပြဿနာတွေ ရှိခဲ့ဖူး ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူဦးရေ အတိုးအလျှော့နဲ့ ပတ်သက်ပြီး ကျွန် တော်တို့ဆီက တင်ပြတာနဲ့ ထောက်လှမ်းရေး တင်ပြချက် မတူတဲ့အခါ ကျွန်တော်နဲ့ ကိုသန်း ထွန်း နည်းနည်းပါးပါး စကားများရတာတွေ ရှိပါတယ်။ မတုန်မလှုပ်နဲ့ အောက်က တင်ပြ တဲ့အတိုင်းကျွန်တော်တင်ပြခဲ့တယ်။ ကျွန်တော် ကတော့ ကိုသန်းထွန်းကို လုံးဝမကြောက်ခဲ့ ဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ့်စင်ကြယ်မှုကို ကိုယ်သိတယ်လေ။ မကျေနပ်လို့ အလုပ်ဖြုတ် လို့သာ ရချင်ရမှာပေါ့။ လုံးဝစင်ကြယ်လား ဆိုရင်တော့လည်းမဟုတ်ဘူး။ အာဏာအလွဲ သုံးစားမှုတို့၊ လုပ်ပိုင်ခွင့်နဲ့ ပိုက်ဆံရှာတာတို့ မရှိပေမယ့် တပည့်တွေက ခင်မင်တဲ့အနေနဲ့ သိပ်မများတဲ့ စားစရာ၊ သောက်စရာလေး၊ ဆန်လေး၊ ဆီလေးပို့ပြီး ဂါဝရပြုတာတော့ ရှိတာပေါ့။ ဆိုလိုတာက ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံကို ဆန့်ကျင်တာ၊ လူကြီးတွေကို ဆန့် ကျင်တာ၊ မတရားလာဘ်စားတာ၊ မူဝါဒကို ဆန့်ကျင်တာမျိုးမရှိလို့ ကိုသန်းထွန်း အပါအဝင် တန်ပြန်ထောက်လှမ်းရေးအဖွဲ့ကို ကျွန်တော် မကြောက်ဘူး။ ထောက်လှမ်းရေး (၃)ဘာလို့ နာမည်ကြီးလဲဆိုရင် တာဝန်ရှိတဲ့ လူတွေအ ပိုင်းမှာ မဟုတ်တာလုပ်တဲ့လူတွေ များလို့ပေါ့။ ကျွန်တော် ပြန်မေးချင်တာက ကိုဝဏ္ဏရော ထောက်လှမ်းရေး (၃)ကို ကြောက်လား။ မ ကြောက်ဘူးဆိုတာ မဟုတ်တာ ဘာမှမလုပ်ဘဲ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လုပ်နေတော့ဘာမှ ကြောက်စရာအကြောင်း မရှိတာဘူး။ ဒီလို မဟုတ်တာမလုပ်တဲ့လူကို ဘာနဲ့တရားစွဲမလဲ၊ ဘာနဲ့ နှိပ်စက်မလဲ။ အကြောင်းတစ်ခုခုရှာပြီး ရိုက်သတ်တာမျိုးကလွဲပြီး ဘာမှ ကြီးကြီးကျယ် ကျယ် လုပ်လို့မရဘူး။ အဲဒီရိုက်သတ်လို့ ရရင် လည်း လမ်းဘေးက လူကိုပဲ လုပ်လို့ရမယ်၊ အဆင့် ရှိတဲ့လူကို လုပ်လို့မရဘူး။ ဒါကြောင့် ထောက်လှမ်းရေး (၃)က ဦးစားပေးခံရတယ် ဆိုတာ မဖြစ်နိုင်ပါဘူး။
Speaker ။ ။ နေရီရေးတဲ့ စာအုပ်ထဲမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဝန်ကြီးချုပ်နဲ့ ထောက် လှမ်းရေး ညွှန်ကြားရေးမှူးတာဝန်ကို ပူးတွဲ ထမ်းဆောင်ရတဲ့အတွက် အလုပ်များတယ်။ ဒီလို အလုပ်များတဲ့အတွက် ကက(လှမ်း) ဦးစီးတာဝန်ကို ဗိုလ်ချုပ်ကျော်ဝင်းက တာဝန် ယူနေရတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကျော်ဝင်း မှာပဲ တာဝန်ရှိတယ်လို့ နေရီက ရေးထားတယ်။ အဲဒီအချိန်တုန်းက ဒုညွှန်မှူးက ထောက် လှမ်းရေးတစ်ခုလုံးကို တာဝန်ယူ ကွပ်ကဲရတာ တွေ ရှိလား။
UTH ။ ။ မရှိပါဘူး။ ဗိုလ်ချုပ်ကြီးခင်ညွန့် က အကုန်ကိုင်တွယ်ထားတာပါ။ ဗိုလ်ချုပ် ကျော်ဝင်းက ကျွန်တော့်ကို ''ဒု/ညွှန်အဖြစ်နဲ့ တစ်စင်ထောင်တာထက် ငြိမ်ပြီးမှိန်းနေတာက ပိုကောင်းတာပေါ့ (အငြိမ်းစားယူပြီး အေးအေး ဆေးဆေးနေတာ)'' လို့ ပြောဖူးတယ်။ ဒါ ကြောင့် ကိုကျော်ဝင်းခြယ်လှယ်တာ မဖြစ်နိုင်ဘူး။ ကိစ္စတချို့ကို ကိုကျော်ဝင်းကတစ်ဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ ချဉ်းကပ်တာမျိုး ရှိနိုင်တယ်။ ကျွန်တော် န.စ.က ကို ကွပ်ကဲ ရေးမှူးအဖြစ် ရောက်သွားတာကလည်း န.စ.က ကွပ်ကဲရေးမှူး ရွေးဖို့ရှိတဲ့အခါ နယ်စပ်ဒေသဆိုရင် နယ်စပ်ဒေသအတွေ့ အကြုံရှိတဲ့ ကိုသက်ထွဋ်ရှိပါတယ်ဆိုပြီး ဗိုလ် ချုပ်မှူးကြီးကို ကိုကျော်ဝင်းပြောလို့ ရောက် သွားတာ။ အဲဒီအချိန် ကျွန်တော် ကက(လှမ်း)မှာ G 1 လုပ်နေတာ။ စစ်ဘက်ထုံးစံအရ တပ်မှူး လက်ဖနင်တင် ကာနယ်က G 1 လက်ဖနင်တင်ကာနယ်ပဲ ဖြစ်လေ့ရှိပြီး G 1 ကနေ တပ်မှူးသွားရတယ်ဆိုတာ မရှိဘူး။ G 1 ကနေ တပ်မှူးကြီး သွားရတာတော့ ရှိ တယ်။ ဒါပေမဲ့ န.စ.ကကို လက်ဖနင်တင် ကာနယ်ပဲ အုပ်ချုပ်တာ။ ဒီတော့ G 1 ကနေ တပ်မှူးဆင်းရတယ်ဆိုတော့ ရာထူးကျတာပေါ့။ ဒါကြောင့် ဗိုလ်ချုပ်ကျော်ဝင်းအနေနဲ့ သူမျက် နှာသာပေးချင်တဲ့လူကို ဗိုလ်ချုပ်မှူးကြီးကို ဝိုင်းပြောတာလောက်ပဲ ရှိနိုင်ပါတယ်။ ဒီလို မျိုးကလည်း တပ်ဖွဲ့တိုင်း၊ နေရာတိုင်းမှာ ရှိပါတယ်။
Speaker ။ ။ တပ်မတော်ထောက်လှမ်းရေး တစ်ခုလုံး ပျက်သွားတာ ဘယ်သူ့မှာ တာဝန် ရှိတယ်လို့ ထင်လဲ။
UTH ။ ။ အကုန်လုံးမှာ တာဝန်ရှိတယ်။ လူကြီးတွေ ဘယ်လောက်ပျက်ပျက်၊ လူငယ် တွေ ကိုယ့်သိက္ခာနဲ့ နေမယ်ဆိုရင် ဘယ်လိုမှ ပျက်စရာအကြောင်း မရှိဘူး။ လူငယ်တွေပျက် တာကို လက်မခံဘဲ ပြတ်ပြတ်သားသား အ ရေးယူလို့ရှိရင်လည်း ပျက်စရာအကြောင်း မရှိဘူး။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးတာဝန်က ဖယ်ပေးဖို့ ပြောတဲ့အချိန်မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖယ်ပေးလိုက်ရင်လည်း ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး။ အကြောင်းတရားတွေ အများကြီးပဲ။ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုရင် ထောက်လှမ်းရေး တပ်ဖွဲ့ကြီး ပျက်စီးချိန်တန်လို့ ပျက်စီးသွားတယ်လို့ ကံတရားကို ပြောရ မှာပဲ။ ဘာလို့လဲဆိုရင် ကိုယ့်အရင်က ထောက် လှမ်းရေးတပ်ဖွဲ့ကလည်း ဒီလိုဖြစ်ခဲ့တာပဲ။ ဗိုလ်ချုပ်တင်ဦးကို ဖယ်လိုက်ပေမယ့် ထောက် လှမ်းရေးတပ်ဖွဲ့ကို ဆက်ထားသေးတယ်။ ကံ မကောင်းချင်တော့ ချန်ဒူးဝမ်ကိစ္စ ဖြစ်လို့ ထောက်လှမ်းရေးတပ်ဖွဲ့ ဖျက်သိမ်းခံရပြီး ကျွန်တော်တို့ ထောက်လှမ်းရေးတပ်ဖွဲ့ထဲ ရောက်လာတယ်။ တကယ်တော့ ရုပ်၊ နာမ် အားလုံးဟာသင်္ခါရပါပဲ။ ဒီတော့ တပ်မတော် ထောက်လှမ်းရေးရော၊ ဒီထောက်လှမ်းရေးမှာ ပါတဲ့ ကျွန်တော်တို့ အားလုံးရော အနိစ္စတရားနဲ့ ကြုံလိုက်တာပါ။ ကျွန်တော်တို့တွေအားလုံး ကောင်းမှုရော၊ မကောင်းမှုရောလုပ်တော့ ကောင်းမှု အားကောင်းတဲ့အချိန် မှာ ဘာမှ မဖြစ်ဘဲ မကောင်းမှု အားကောင်းတဲ့အချိန်မှာ ဖြစ်တာပေါ့။
ဆက်လက်ဖော်ပြပါမည်။
အွန်လိုင်းဝဏ္ဏ
The Speaker မှ ကူးယူဖော်ပြပါသည်။

 Image may contain: 4 people






Image may contain: 2 people

ငွေစိုး

No comments: