Saturday, October 7, 2017

ရခိုင်ရိုးမကို ကျော်ကြည့်စေချင်ပါသည်


By Thein Htike Oo
အောက်တိုဘာလ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Coax’s Bazar မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ UNICEF ရဲ့ အလုပ်အမှုဆောင် အကြီးအကဲ Anthony Lake က ကလေးတယောက် ရောင်စုံခဲတံနဲ့ ဆွဲထားတဲ့ ပန်းချီကား နှစ်ကား ယူလာပါတယ်။ တပုံက ရွာပေါ်မှာ စစ်ရဟတ်ယာဉ်ပျံတွေ ပျံနေတဲ့ပုံပါ။ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရွာကို မြန်မာစစ်တပ် စစ်ရဟတ်ယာဉ်တွေ ရောက်လာပြီး ပစ်ခတ် တိုက်ခိုက်ခိုက်ခဲ့တာကို မျက်မြင်တွေ့ခဲ့တဲ့ ကလေးမလေး တယောက်က ပြန်ပြီး ဆွဲထားတာလို့ သူက ပြောပါတယ်။ နောက်တပုံမှာတော့ အိမ်တွေ မီးလောင်နေတဲ့ပုံပါ။ ပုံထဲမှာ ပါတဲ့ နှစ်ယောက်က အသတ်ခံခဲ့ရတဲ့ သူ့ အဒေါ်နဲ့ တူမလေးရဲ့ ပုံဆိုပြီး ပြန်ပြောတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ Anthony Lake က နိုင်ငံတကာ သတင်းဌာနတွေကို ပြောသွားပါတယ်။
ကြောက်မက်ဖွယ်ရာ ဆိုးဝါးတဲ့ အဖြစ်အပျက်တွေ မျက်မြင် ကြုံခဲ့ရတဲ့ လူငယ်တွေနဲ့ ကျနော် ထိုင် စကားပြောဖြစ်ပါတယ်။ ဒီပုံထဲမှာ ပါတဲ့အတိုင်း စစ်ရဟတ်ယာဉ်တွေ ရောက်လာတယ်။ လယ်ကွင်းထဲမှာ ဘောလုံးကစားနေတဲ့ ကလေးတွေကို စစ်သားတွေက သတ်ခဲ့ရတာကို တွေ့ရတဲ့ ကလေးတယောက် နေရာက စဉ်းစားကြည့်ပါ။ တကယ်လို့ ခင်ဗျားသာ ဒီ အဖြစ်အပျက်ကို မြင်ခဲ့ရတဲ့ ကလေးတယောက်ဆိုရင် ဒီ အဖြစ်ဆိုးကြီးရဲ့ မြင်ကွင်းတွေ ပျောက်သွားအောင် အချိန်ဘယ်လောက်ကြာမလဲ ဆိုပြီး သူက မေးခွန်းထုတ်သွားပါတယ်။
အဖြစ်အပျက် နှစ်ခုစလုံးဟာ UNICEF အကြီးအကဲ Anthony Lake ပြောတဲ့အတိုင်း မှန်ခဲ့မယ်ဆိုရင် တော်တော်လေး စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေပါ။ နိုင်ငံတကာက လူတွေလည်း ဒီ သတင်းစာရှင်းလင်းပွဲကိုကြည့်ပြီး တော်တော်လေး စိတ်မကောင်းဖြစ်ကြမှာပါပဲ။ ဒီနေရာမှာ စဉ်းစားစရာ အချက်တွေတော့ ပေါ်လာပါတယ်။ မြန်မာ့တပ်မတော်က တကယ်ပဲ စစ်ရဟတ်ယာဉ်တွေနဲ့ ရွာတွေကို ၀င်တိုက်ပြီး ကလေးတွေကို သတ်ဖြတ်ခဲ့သလား၊ ဒါမှမဟုတ် ကုလသမဂ္ဂ အရာရှိတွေကိုယ်တိုင်က နိုင်ငံတကာ အကူအညီတွေ ဒေါ်လာ သန်းနဲ့ချီ ရပြီးရော့ ဆိုပြီး ဇာတ်နာအောင် ပုံပြင်တွေ ဖန်တီးပြီး ပြောနေတာလား။ ဒါမှမဟုတ် ဒုက္ခသည် ကလေးတွေကို နိုင်ငံတကာက လူကြီးတွေနဲ့ တွေ့ရင် ဒီလိုပြောမယ်ဆိုပြီး တမင် ပုံတွေဆွဲပြဖို့၊ ဇာတ်လမ်းတွေ ပြောဖို့၊ တချို့က သွန်သင်နေတာလား ဆိုတာပါ။
ဘာပဲဖြစ်ဖြစ် ကုလသမဂ္ဂအရာရှိတွေ ကိုယ်တိုင် ပြောဆိုချက်တွေ ဖြစ်တဲ့အတွက် သတင်းဌာနတွေက ပြန်ကိုးကား ထုတ်လွှင့်ရပါတယ်။ ဒီလို ထုတ်လွှင့်မယ်ဆိုရင် ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ သုံးပြီး လူမှုကွန်ယက်ကတဆင့် တချို့လူတွေ ဆဲကြမှာကိုလည်း ကြိုတွေးမိပါတယ်။ ဒီအချိန်မှာ ပြည်ပ သတင်းဌာနတွေကို ဆဲရင် မျိုးချစ်စိတ် ခိုင်မာတယ်ဆိုတာ သက်သေပြဖို့ အခွင့်အလမ်းတရပ်ဆိုပြီး သတင်းပါလာတာနဲ့ ဆဲတဲ့သူတွေလည်း အများအပြား ရှိပါတယ်။ ဆဲတဲ့ကိစ္စက လူတဦးချင်းဆီရဲ့ ဆင်ခြင်တုံတရားနဲ့ ဆိုင်တဲ့ ပုဂ္ဂလိက နုတ်ကြမ်းခွင့် အခွင့်ရေး ဖြစ်နေတော့ ကျနော် ဘာမှ မပြောပါဘူး။
မြန်မာအစိုးရဘက်က ပြန်ချေပချက်တွေ ရှိလာရင်လည်း ကျနော်တို့ မထုတ်လွှင့်ဘဲ ချန်ထားခဲ့တာ မရှိပါဘူး။ အခင်းဖြစ်ပွားတယ်ဆိုတဲ့ နေရာတွေကို သွားပြီး သတင်းထောက်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေကို ကြည့်ခွင့်ပေးတာ။ ရှင်းလင်းတာတွေ ရှိလာရင်လည်း ဒီလို ဖြေရှင်းတာမျိုးကို ကျနော်တို့ အလေးထားပါတယ်။ စွပ်စွဲတဲ့ အကြောင်းအရာတွေဟာ ကုလသမဂ္ဂ အရာရှိတွေ ကိုယ်တိုင် တဆင့်ခံ ကမ္ဘာကို ပြောတာဖြစ်တဲ့အတွက် ပြန်မဖြေရှင်းဘဲထားမယ်ဆိုရင် မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်အပေါ် ဘယ်အတိုင်းအတာအထိ ထိခိုက်နိုင်တယ်ဆိုတာကိုလည်း ကျနော်တို့ စဉ်းစားမိပါတယ်။ မနေ့က အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ ပြောဆို ဆွေးနွးနေတာတွေမှာလည်း ရခိုင်ဒေသမှာ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းတွေနဲ့ သတင်းဌာနတွေရဲ့ သတင်းယူခွင့်အပေါ် မြန်မာအစိုးရက ကန့်သတ်ထားတယ်ဆိုတဲ့ အကြောင်းတွေ၊ လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်နေတယ်ဆိုတာ ဟုတ်မဟုတ် ပြောဆိုတာတွေကို ကြားရပါတယ်။ ဒီနေရာမှာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြောသမျှ သတင်းမှားတွေ ဖြစ်တယ်၊ အားလုံးက အခြေအမြစ် မရှိဘူးဆိုပြီး သိမ်းကြုံးငြင်းနေရုံနဲ့ လုံလောက်ပါတော့ မလား။ ဒီကိစ္စက အစိုးရခေါင်းဆောင် စဉ်းစားရမယ့် ကိစ္စပါ။ အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Patrick Murphy က ဒီ ပဋိပက္ခက ရခိုင်ပြည်နယ်နယ်နမိတ်ကို ကျော်လာပြီဆိုတာကို အဓိက ပြောသွားပါတယ်။ ကျနော်တို့ကတော့ သတင်းဌာနတွေဖြစ်တဲ့အတွက် နိုင်ငံတကာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုနေတဲ့အချက်တွေကို အလေးထားပြီး နားထောင်ရပါတယ်။ မြန်မာပြည်ကို ချစ်တဲ့ မြန်မာနိုင်ငံသားတွေလည်း နားထောင်မယ်လို့ မျှော်လင့်ပါတယ်။
ထိုက်သူနိုင် (အောက်တိုဘာ ၆၊ ၂၀၁၇)

No comments: